လဖိုင်နော်မိန်းကို ဆု ချီးမြှင့်လိုက်တဲ့ နယူးယောက်က ၂၀၁၂ ပြည်သူ့ဂုဏ်ရည် ဆု ပေးအပ်ပွဲ

အဖွင့် အမှာစကား ပြောကြားနေတဲ့ ဦးကျော်သူ

၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကွင်းစ်အရပ်၊ 46-02 47 Ave, Woodside, NY 11377 ရှိ Thomas J.McCann Woodside Intermediate School တွင် ၂၀၁၂ မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ကာ ၂၀၁၂ ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် ကချင်အမျိုးသား သတင်းသမားဖြစ်သူ လဖိုင်နော်မိန်း ရရှိသွားခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းကို ပြည်သူ့ဂုဏ်ရည်အဖွဲ့က ပြည်သူ့ဂုဏ်ရည် ဆု၊ ဂုဏ်ပြုလွှာနဲ့ ငွေသား အမေရိကန်ဒေါ်လာ တသောင်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုများ ချီးမြှင့်ပွဲများကို ၂၀၁၀ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့ရာ ၂၀၁၀ ပြည်သူ့ဂုဏ်ရည်ဆုကို ဦးကျော်သူ၊ ၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ရှုနဲ့ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုကို လဖိုင်နော်မိန်းတို့ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၀ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်၊ အမေရိကန်ပြည်ထောင်စုရှိ ပြည်သူ့ဂုဏ်ရည် အဖွဲ့ခွဲများက တာဝန်ခံများ၊ ကိုယ်စားလှယ်များ အပါအ၀င် ပရိသတ် ၁၅၀ ခန့် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနား အဖွင့်အမှာစကားကို ၂၀၁၀ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူက ပြောကြားခဲ့ပြီး ငွေစာရင်းရှင်းတမ်း ဖတ်ကြားခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ပြည်သူ့ဂုဏ်ရည်အသင်းကိစ္စများ ရှင်းလင်း တင်ပြခြင်း၊ ပဏာမ ရွေးချယ်ခံရသူများရဲ့ အထုပ္ပတ္တိများ ဖတ်ကြားခြင်း၊ ဆုပေးစနစ်အကြောင်း ရှင်းလင်းတင်ပြခြင်းနဲ့အတူ ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် ကြေငြာတဲ့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းအနေနဲ့ ၂၀၁၂ ခုနှစ်မှ စတင်ကာ ပြည်သူ့ဂုဏ်ရည် အထူးဆုကို စတင် ချီးမြှင့်ပြီး အထူးဆုရှင်ကို ပဏာမ ရွေးချယ်ခံရသူများနည်းတူ ပြည်သူ့ဂုဏ်ရည် အထူးဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ငွေသား အမေရိကန်ဒေါ်လာ တထောင် ချီးမြှင့်ပါတယ်။ ၂၀၁၂ ပြည်သူ့ဂုဏ်ရည် အထူးဆုကို ကချင်အမျိုးသမီးတဦးဖြစ်သူ မစုမိုင်က ရရှိသွားပါတယ်။ ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့်ပွဲ အခမ်းအနားကို သက်ဆိုင်ရာ ဆု ရရှိသူများ ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် ဒေသခံများက ကိုယ်စား ရယူခဲ့ကြပြီး ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းကို ပြည်သူ့ဂုဏ်ရည် ဆု၊ ဂုဏ်ပြုလွှာနဲ့ ငွေသား အမေရိကန်ဒေါ်လာ တသောင်း၊ ပဏာမ ရွေးချယ်ခံရသူများကို ဂုဏ်ပြုလွှာနဲ့ အမေရိကန် ဒေါ်လာ တထောင်စီ ချီးမြှင့်ကြောင်း၊ ပြည်သူ့ဂုဏ်ရည်အဖွဲ့က သက်ဆိုင်သူများထံ ပေးအပ်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူအမည်ကို စာရေးဆရာ မောင်စွမ်းရည်က ကြေငြာပေးခဲ့ပြီး လမိုင်နော်မိန်းကိုယ်စား နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က လက်ခံရယူခဲ့ပါတယ်။ လမိုင်နော်မိန်းဟာ နိုင်ငံပေါင်း ၄၉ နိုင်ငံက ဆန္ဒပြုသူ ၅၁၃,၉၂၂ ရဲ့ ဆန္ဒမဲ ၅၁.၂၅ ရာခိုင်နှုန်းနဲ့ ပြည်သူ့ဂုဏ်ရည်ဆု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည် ဆုရှင်များအနက် ဦးကျော်သူကလွဲပြီး ဒေါ်ရှုတို့၊ လဖိုင်နော်မိန်းတို့ဟာ လူသိနည်းသူ ကိုယ်ကျိုးစွန့် ပရဟိတလုပ်ငန်း ဆောင်ရွက်သူများ ဖြစ်ပါတယ်။ ထိုသို့သောပုဂ္ဂိုလ်များ ပြည်သူ့ဂုဏ်ရည်ဆု ရရှိရခြင်း အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း တာဝန်ရှိသူ ဦးထိန်လင်းကို မေးမြန်းကြည့်ရာ “ကျွန်တော်တို့အနေနဲ့ ပြောမယ်ဆိုရင် ဆန်ကာတင်စာရင်းဝင် ငါးဦးစလုံးဟာ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ထိုက်တန်တဲ့သူတွေလို့ သတ်မှတ်ထားပါတယ်။ ဒါ့ကြောင့် ဆုပေးတဲ့နေရာမှာ ပြိုင်ပွဲအနေနဲ့ ကျင်းပတာ မဟုတ်ဘဲ ဆန္ဒပြုတဲ့ သူကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ရရှိတဲ့ လဖိုင်နော်မိန်းရော၊ မနှစ်က ဆု ရရှိတဲ့ ဒေါ်ရှုရော ဆုရတယ်ဆိုတာက သူတို့ရဲ့ အထုပ္ပတ္တိတွေကို ဖတ်ကြတယ်။ ဖတ်ပြီးတဲ့အခါ ဆန္ဒတူသူတွေက မဲပေးကြတဲ့အတွက် သူတို့ရတယ်လို့ ထင်ပါတယ်“ လို့ ပြောပြပါတယ်။

ဆု ရရှိခြင်းနဲ့ ပတ်သက်ပြီး ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းက “ဒါ ဘုရားသခင်ရဲ့ ကျေးဇူးပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ပေါ့လေ၊ တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ အခြေအနေတွေကို ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေရော၊ ပြည်ပမှာရှိတဲ့ ပြည်သူတွေရော သိရှိနားလည်ပြီးတော့မှ အသိအမှတ်ပြုတယ်လို့ မှတ်ယူပါတယ်။ နောက်တခုကတော့ အခုလို ဆုပေးတဲ့အတွက် လူမှုအသိုင်းအ၀ိုင်းအတွက် ကြိုးစားနေတဲ့ လူငယ်တွေ၊ အဖွဲ့အစည်းတွေအတွက် အားရှိစရာပေါ့ လေ။ ကြိုးစားနိုင်ဖို့ အခွင့်အလမ်းတွေ ပေးနေတယ်လို့ မှတ်ယူပါတယ်“ လို့ ယနေ့မြန်မာကို ပြောပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ခြင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း တာဝန်ရှိသူတဦးဖြစ်သူ ဦးထိန်လင်း က “ကျွန်တော်တို့ ပြည်သူ့ဂုဏ်ရည်အသင်း၊ ပြည်သူ့ဂုဏ်ရည်ဆု ပေါ်ပေါက်လာတယ်ဆိုတာက ၀ိုင်းဝန်း လုပ်ဆောင်တဲ့ ပြည်သူ့ဂုဏ်ရည် မိသားစုအပြင် မြန်မာပြည်ထဲက ပုဂ္ဂိုလ်တွေ၊ ဆန္ဒမဲ ပေးကြတဲ့ ပြည်တွင်း ပြည်ပက ပုဂ္ဂိုလ်တွေ အားလုံးရဲ့ အင်အားတွေနဲ့ သုံးနှစ်ဆက်တိုက် လုပ်လာနိုင်တယ်ဆိုတာ အားလုံးရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် လုပ်နိုင်တာပါ။ အားလုံးရဲ့ အကူအညီ မပါဘဲနဲ့ ဘာမှ မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် ပြည်သူ့ဂုဏ်ရည်မိသားစုတွေ၊ အသင်းနဲ့ ပတ်သက်ပြီး ၀ိုင်းဝန်း ကူညီကြသူတွေ၊ မြန်မာပြည်တွင်းမှာ တပိုင်တနိုင် လုပ်နေကြသူတွေ အားလုံးကို ကျေးဇူးတင်ရမယ်လို့ ပြောရမှာပါ၊“ လို့ ယနေ့မြန်မာကို ပြောပြပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်း အတွင်းရေးမှူး ဦးကျော်ဝဏ္ဏ

ပရိသတ်ကြားထဲမှာ တွေ့ရတဲ့ ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ဦးဝေလ

ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲက ဦးတင်မောင်အေး

ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် မစုမိုင်ကိုယ်စား ဆု လက်ခံရယူသူ ကချင်တိုင်းရင်းသူတဦး

ဆန္ဒမဲရရှိမှုအကြောင်း ရှင်းလင်း တင်ပြစဉ် (နိုင်ငံအလိုက် မဲစာရင်းတွင် စင်ကာပူ နှစ်ခု ဖြစ်နေရာ ဒုတိယ စင်ကာပူက ယူကေ ဖြစ်ပါတယ်။)

ပြည်သူ့ဂုဏ်ရည်ဆုကို စာရေးဆရာ မောင်စွမ်းရည်က ပေးအပ်ရာ လဖိုင်နော်မိန်းကိုယ်စား ဒေါ်ရွှေဇီးကွက်က လက်ခံ ရယူစဉ်

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ခံထားရသူများကိုယ်စား ဂုဏ်ပြုလက်မှတ် လက်ခံရယူသူများ

သတင်း - လဖိုင်နော်မိန်း နယူးယောက် ၂၀၁၂ ပြည်သူ့ဂုဏ်ရည် ဆု ပေးအပ်ပွဲ - May 29 2012 02:52 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005