ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ ကျော်သူရဲ့ ပထမဆုံး ထွက်ပေါက်

ငြိမ်းချမ်းရေး ငှက် (War and Peace)

နယူးယောက်မြို့မှာ ကိုကျော်သူ ပန်းချီပြပွဲ ကျင်းပဖြစ်မယ့်အကြောင်း စီယက်တဲလ်မှာနေတဲ့ ကိုကျော်ဟုန်းက လှမ်း အသိပေးပါတယ်။ စုံစမ်းကြည့်တော့ ပြပွဲ ကျင်းပမယ့်နေရာ၊ နေ့ရက်တွေ ဘာမှ အဆင်သင့် မဖြစ်သေးဘူးဆိုတာမျိုးကို နားလည်နေပါတယ်။ လုပ်စရာအလုပ်တွေကို အနည်းဆုံး တပတ်၊ နှစ်ပတ်စာလောက် ကြိုတင် အစီအစဉ်ချထားရတာဆိုတော့ ပြပွဲ ကျင်းပဖြစ်တယ်ဆိုရင်၊ အဲဒီအချိန်က အားလပ်တဲ့အချိန် ဖြစ်နေတယ်ဆိုရင် ဖြစ်အောင်တော့ သွားမယ်လို့ စဉ်းစားထားပါတယ်။

မေ ၂၃ ရက်နေ့မှာ ကိုကျော်သူရဲ့ ပန်းချီပြပွဲနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် မချောအိသိမ်းဆီက ရောက်လာပါတယ်။ မေ ၂၄ ရက်နေ့ မနက်မှာ ကိုကျော်သူနဲ့ တွေ့ဖို့ ချိန်းထားသလို ပြည်သူ့ဂုဏ်ရည် ပဏာမစာရင်းဝင်တွေနဲ့ မေးမြန်းခြင်းတွေကို မေ ၂၅ ရက်နေ့ မတိုင် ဖော်ပြဖို့ကလည်း ပြင်ဆင်နေ၊ ပြည်တွင်း ဖြစ်ပေါ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကလည်း ဆက်တိုက် ၀င်နေတော့ မေ ၂၅ ရက်နေ့ ညနေပိုင်းမှာ ကျင်းပမယ့် ကိုကျော်သူရဲ့ ပန်းချီပြပွဲကို သွားဖို့ ဘယ်လိုမှ အခြေအနေ မပေးတော့ပါဘူး။ ရက်ဆက် အိပ်ရေးပျက်တဲ့ ဒဏ်၊ အလုပ်ကိစ္စ စိတ်ညစ်ညူးမှုတွေကြောင့် ဒီပွဲအတွက် ဘာမှ စနစ်တကျ ပြင်ဆင်ဖြစ်မှာ မဟုတ်သလို စိတ်မပါလက်မပါနဲ့ အလုပ်သဘော သွားပြီး အပေါ်ယံ ပြောဆိုလုပ်ကိုင်တာမျိုးလည်း မဖြစ်ချင်တာမို့ လုပ်ရမယ့် အစီအစဉ်တွေထဲမှာ ထည့်မထား ဖြစ်ခဲ့ပါ။ ပွဲက ညနေပိုင်းဖြစ်တော့ ညနေပိုင်း ရှုခင်းဓါတ်ပုံရိုက်ဖို့ အချိန်ကောင်းနဲ့ တိုက်ဆိုင်နေတာလည်း ပါ ပါတယ်။

ဒီိလိုနဲ့ မေ ၂၄ ရက်နေ့ မနက်ပိုင်း ကိုကျော်သူတို့ ဇနီးမောင်နှံနဲ့ စကားစမည် ပြောဆို၊ ကိုကျော်သူ့ကို မေးမြန်းမှု ပြုလုပ်ပြီး၊ မရွှေဇီးကွက်ကို တွေ့ဆုံမေးမြန်းနေစဉ် ကွန်ပြူတာရှေ့မှာ ထိုင်နေတဲ့ ကိုကျော်သူက “မနက်ဖြန်ညနေ ပန်းချီပြပွဲကို ခင်ဗျား လာမှာ မဟုတ်လား၊“ လို့ လှမ်းမေးလိုက်ပါတယ်။ ခေါင်းထဲက အချက်အလက်တွေကို ချက်ခြင်း ထုတ်လိုက်ပြီး သူ့အတွက် မှတ်မှတ်ရရဖြစ်အောင် တခုခု လုပ်ပေးနိုင်ခြေရှိလားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်လိုက်ပါတယ်။ လုပ်ပေးနိုင်ခြေတော့ ရှိတယ်၊ အလုပ်က အရမ်း ကြပ်နေတယ်၊ အချိန် အရမ်း နည်းတယ်၊ တွန်းလုပ်ရင်တော့ ဖြစ်နိုင်တယ်လို့ တွေးမိလိုက်တာနဲ့ လာခဲ့မယ်လို့ ပြန် ဖြေလိုက်ပြီး အဲဒီပွဲရောက်ရင် မေးမယ့်မေးခွန်းတွေကိုပါ တပါတည်း ပြောပြဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုကျော်သူရဲ့ ပန်းချီပြပွဲကို ရောက်သွားခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ ကျော်သူရဲ့ ပထမဆုံး ထွက်ပေါက် ပန်းချီပြပွဲကို မေ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ 39 Eldridge Street, 4th Floor, New York NY 10002 ရှိ PROJECT REACH တွင် ကျင်းပခဲ့ပါတယ်။

မေ ၂၅ ရက်နေ့ ည ၆ နာရီမှ ၈ နာရီအထိ ကျင်းပတဲ့ ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားကို ပရိသတ် ၇၀ ခန့် တက်ရောက်ခဲ့ပါတယ်။ ဆီဆေးပန်းချီကားပေါင်း ၂၆ ကား ပြသထားတဲ့အနက် ဖွင့်ပွဲနေ့က ပန်းချီကား ၉ ကား (တန်ဖိုး အမေရိကန်ဒေါ်လာ ၇,၄၀၀) ရောင်းချခဲ့ရပါတယ်။ ပြပွဲကို မင်းကျော်ခိုင်၊ ကျော်စွာသန့်နဲ့ ချောအိသိမ်းတို့ရဲ့ art@apart တို့ စီစဉ်တာဖြစ်ပြီး ပြခန်းနေရာအတွက် Project Reach က အကူအညီပေးခဲ့ပါတယ်။ ပန်ချီးကားဘောင်အတွက် ရွှေဝါ၊ ကြော်ငြာဒီဇိုင်း ထွေးကျင်၊ ပို့စကဒ် ကျော်စွာသန့်၊ ပြခန်းကိစ္စ ချောအိသိမ်း၊ အခမ်းအနားကိစ္စ စိုင်းခေး စသည်ဖြင့် ပါဝင် ပံ့ပိုးခဲ့ပါတယ်။

ချောအိသိမ်းက “ကိုကျော်သူက ပြည်သူ့ဘက်သား လေ၊ ပြည်သူတွေအတွက် အမြဲတမ်း အနစ်နာခံ အချိန်ပေးပြီး အလုပ်လုပ်နေတဲ့ သူ တယောက် ပေါ့။ အဲဒီလို အလုပ်လုပ်နေတဲ့သူတယောက်က အနုပညာတွေ ဖန်တီးဖြစ်တယ်။ သူ့မှာ ပန်းချီကားတွေ ဖန်တီးဖြစ်တယ်။ သူ ပန်းချီပြပွဲ ပြချင်တယ်ဆိုတော့ ကျမတို့က မဖြစ်ဖြစ်အောင် ၀ိုင်းပြီး လုပ်ပေးရမယ့် ကူညီရမယ့် တာဝန်ရှိတာပေါ့ နော်၊“ လို့ ပွဲ ဖြစ်မြောက်အောင် အကူအညီပေးဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

ကျော်သူရဲ့ ပန်းချီအနုပညာနဲ့ ပတ်သက်ပြီး မောင်စွမ်းရည်က “ကြည့်တဲ့အခါကျတော့ သူ့ပန်းချီတွေကို အံ့သြသွားတယ်။ သူ့လက်ရာတွေကို ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ပန်းချီကိုယ်ခံစွမ်းအား ရှိတယ်။ သူဟာ ရဲ တယ်။ အမြင်ရဲတယ်။ စုတ်ချက် ရဲတယ်။ သူ့မှာ အနုပညာဖန်တီးတဲ့အခါ လိုအပ်ချက်ဖြစ်တဲ့ သတ္တိရှိမှု၊ ရဲရင့်မှု တွေ့ရတယ်၊“ လို့ ပြောပြပါတယ်။

ဦးကျော်သူက “ပန်းချီကားတွေက ၂၀၀၇ စက်တင်ဘာနောက်ပိုင်း ကျွန်တော် ဆွဲတာပါ။ ကျွန်တော့် အနုပညာထွက်ပေါက်အနေနဲ့ ကျွန်တော် လုပ်ခဲ့တယ်။ ရုပ်ရှင်က ရိုက်ခွင့် မရဘူး။ မရတော့ အနုပညာထွက်ပေါက်အနေနဲ့ ကျွန်တော် ဆွဲတယ်။ ပြပွဲတွေ၊ အထူးသဖြင့် ပြည်ပမှာ ဒီလိုပြပွဲမျိုး လုပ်ဖို့တော့ ခေါင်းထဲကို မရှိဘူး။ ဒါပေမယ့် ကျွန်တော့်အမျိုးသမီးရဲ့ မွေးနေ့မှာ တခါ၊ ကျွန်တော့်မွေးနေ့မှာ တခါ၊ ကျွန်တော့်အိမ်မှာပဲ ပြလိုက်တယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ပြင်ပပြခန်းတွေမှာလည်း ကျွန်တော့်ကားတွေ တင်ခွင့်က မရဘူး။ နောက်ပိုင်း တချို့ပြခန်းမှာ ရပေမယ့် ကျွန်တော် ရေးဆွဲတယ်ဆိုရင် အပြစ်မရှိ အပြစ်ရှာတာမျိုးတွေ ရှိလာတယ်။ ဥပမာ - သံဃာပုံဆွဲတယ်ဆိုရင် စက်တင်ဘာကိစ္စ ဆွဲတာလား၊ နှင်းဆီပန်းနဲ့ အမျိုးသမီးပုံ ဆွဲတယ်ဆိုရင် ဘယ်သူ့ကို ရည်စူးပြီး ဆွဲတာလဲ၊ ဒါမျိုးတွေ ဖြစ်လာတယ်။ အနုပညာလည်း လွတ်လပ်မှု မရှိတော့ဘူး၊“ လို့ ပန်းချီဆွဲဖြစ်တဲ့အကြောင်း ပြည်တွင်းမှာ အနုပညာလွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့တဲ့အကြောင်း ပြောပြပါတယ်။

အဖေက ဗန်ဂိုးရဲ့ ပန်းချီတွေ သဘောကျသူဆိုတော့ ဆယ့်လေးငါးခြောက်နှစ်ကတည်းက ဗန်ဂိုးပန်းချီကားတွေကို စာအုပ်ထဲက မြင်ဘူး၊ ဖတ်ဘူးပါတယ်။ ကိုယ်တိုင်ကိုယ်ကျတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ခန့် နယူးယောက်က ခေတ်ပေါ်အနုပညာပြတိုက် (Museum of Modern Art) မှာ ကြည့်ဖြစ်ခဲ့တာပါ။

ကိုကျော်သူရဲ့ ပန်းချီကားတွေကို ကြည့်ရတဲ့အခါ သူ ပြောချင်တဲ့ စကားတွေ၊ ဖန်တီးချင်တဲ့ အနုပညာကို ပိတ်ပင်ခံလိုက်ရတဲ့ အနုပညာသမားတဦး ပြောချင်တဲ့စကားတွေကို တွေ့ရတယ်။ သူ့ပန်းချီကားတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါတုန်းက ရှင်းပြတဲ့ သူ တင်ပြလိုတဲ့ ဆန့်ကျင်ဘက်သဘောတွေကို သူ့ပန်းချီကားတွေက ပြောပြနေတယ်။ အဲဒါ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ ကျော်သူရဲ့ ပထမဆုံး ထွက်ပေါက် ပန်းချီပြပွဲကရတဲ့ ခံစားမှု ဖြစ်ပါတယ်။

မြန်မာလူမျိုး ကိုကျော်သူ နယူးယောက်မှာ ပန်းချီပြပွဲ ကျင်းပတဲ့အကြောင်း နယူးယောက်မြို့ခံ မြန်မာသတင်းဌာနတခုက သတင်းရေးသား ဖော်ပြခြင်းဟာ အဆန်းတကြယ် မဟုတ်ပါ။ နယူးယောက်မှာ နိုင်ငံတကာက အနုပညာသမားတွေ လာရောက်ကြ ပြပွဲတွေ လုပ်ကြ၊ သက်ဆိုင်ရာ မီဒီယာတွေက ဖော်ပြကြတာ ဖြစ်ရိုးဖြစ်စဉ်တခု ဖြစ်ပါတယ်။ သို့သော်လည်း အနုပညာ၊ လူမှုရေးကိစ္စတွေနဲ့ ကျော်ကြားပြီး မြန်မာပြည်သူတွေ စံထားရတဲ့ ဦးကျော်သူရဲ့ နယူးယောက်က ပန်းချီပြပွဲသတင်းကို မြန်မာပြည်တွင်းက မီဒီယာတွေမှာ တခမ်းတနား ဖော်ပြကြမယ်ဆိုရင်တော့ ဒါဟာ အဆန်းတကြယ်သတင်းတပုဒ် ဖြစ်သွားပါလိမ့်မယ်။ အဲဒီလို စိတ်ကူးမိတာနဲ့ ကိုကျော်သူရဲ့ ပန်းချီပြပွဲသတင်းကို ပြည်တွင်းက မီဒီယာတွေမှာ ဖော်ပြနိုင်ဖို့ ခေါင်းထဲက ဖန်တီးမှုတွေ ထုတ်ပြီး မေတ္တာနဲ့ အခမဲ့ ကူညီပေးဖြစ်ခဲ့ပါတယ်။

ကိုကျော်သူရဲ့ ပန်းချီကားတွေကို ကြည့်တဲ့အခါ စုတ်ချက်ကြမ်းနဲ့ ရေးထားတဲ့ ပန်းချီ၊ ပေးချင်တဲ့ သတင်းစကားကို ရအောင် ထည့်ထားတဲ့ ပုံမှန် ဆီဆေးကားနဲ့ ဖန်တီးမှုပန်းချီဆိုပြီး သုံးမျိုး တွေ့ပါတယ်။ ဖန်တီးမှု ပန်းချီဆိုတာကတော့ စစ်နဲ့ ငြိမ်းချမ်းရေးလို့ အမည်ပေးထားတဲ့ စစ်သားရုပ်တွေကို ချိုးငှက်ထဲ ထည့်ထားတဲ့ ပန်းချီကားကို ပြောတာပါ။ ရွှေရောင်ကောင်းကင်ထဲက လမင်းဆီ တိုးဝင်သွားတဲ့ အပြာရောင် မြေပြင်ပေါ်က သံဃာတော်ရဲ့ပုံ ရေးဆွဲထားတဲ့ ပန်းချီကားကလည်း စိတ်ဝင်စားစရာ ပါ။

ပန်းချီဆရာ ရာဟုလာက ပန်းချီကားတွေကို ကိုကျော်သူအနေနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် ဖန်တီးဖို့ ပြောခဲ့ကြောင်း ကိုကျော်သူက ပြောပြပါတယ်။ သူကလည်း ဒိထက်ပိုပြီး လွတ်လပ်တဲ့ စုတ်ချက်ကြမ်းတဲ့ ပန်းချီတွေ ဖန်တီးဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ သူ့ကို လွတ်လပ်မှုအကြောင်း ရှင်းပြတဲ့၊ လွတ်လပ်မှုဆီ ခေါ်ဆောင်တဲ့၊ လွတ်လပ်မှုအတွက် လုပ်ကိုင်လိုစိတ်တွေ တိုးပွားစေလိုတဲ့ ပန်းချီကားတွေ ဆွဲစေချင်ပါတယ်။ ဘာ့ကြောင့်ဆိုတော့ သူ ပန်းချီကားတွေ စတင် ရေးဆွဲကတည်းက လွတ်လပ်မှု ဆိတ်သုဉ်းတာကို ထွက်ပေါက်အဖြစ်နဲ့ ရေးဆွဲခဲ့လို့ပါ ပဲ။

ငြိမ်းချမ်းရေး ငှက် (War and Peace) ဆိုတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီး ကိုကျော်သူက “ကျွန်တော် စစ်သားတွေလည်း အားလုံး ဖြူစင်စေချင်တယ်။ ဒါကြောင့်မို့လို့ စစ်သားရုပ်တွေကို အဖြူရောင် ဆိုးပြီးတော့ ချိုးငှက် ခန္ဓာကိုယ်ထဲ ထည့်ပေးထားတာ၊ ဒါကတော့ ငြိမ်းချမ်းရေးအတွက် ၊ အဓိကကတော့ ငြိမ်းချမ်းရေးကိုပဲ အဓိကထားတယ်။ ငြိမ်းချမ်းရေးကိုပဲ ကျွန်တော် ရှေ့ရှုချင်တယ်။ ဒါအတွက် ကျွန်တော် အဲဒီလို ဖန်တီးလိုက်တာပါ၊“ လို့ ပြောပါတယ်။

မြန်မာပြည်မှာ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေး ဆိတ်သုဉ်းခဲ့ခြင်းဟာ လွတ်လပ်ခွင့်ကို တလွဲ အဓိပ္ပါယ်ဖော်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ရာစုနှစ်တ၀က် လွတ်လပ်ခွင့် ဆိတ်သုဉ်းခဲ့တဲ့အတွက် မြန်မာပြည်သူတွေ အကြံတုံး၊ ဉာဏ်တုံးဘ၀ ရောက်ပြီး ဓါးမနောက်ပိတ် ရောက်ခဲ့ကြရပါတယ်။ လွတ်လပ်ခွင့်ဟာ ကြောက်စရာ မဟုတ်ပါ။ လွတ်လပ်ခွင့်ကို တလွဲသုံးမှုကသာ ကြောက်စရာ ဖြစ်ပါတယ်။ လွတ်လပ်ခွင့် ရှိဖို့၊ အထူးသဖြင့် လူသားတွေရဲ့ အသိ၊ အတွေး၊ ဖန်တီးခွင့်တွေ လွတ်လပ်ဖို့၊ ဉာဏ်ပညာတွေ ကွန့်မြူးဖို့ အထူး အရေးကြီးပါတယ်။

ဒါကြောင့် စစ်သားတွေကို ဖြူစင်စေချင်တဲ့ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ ကျော်သူ့ကို လွတ်လပ်မှုအကြောင်း ရှင်းပြတဲ့၊ ပြောပြတဲ့ ပန်းချီကားတွေ လွတ်လွတ်လပ်လပ် ဖန်တီးစေချင်ပါတယ်။

မြင့်လှိုင်
နယူးယောက်
၂၀၁၂ မေ ၂၈ ရက်၊ နေ့လည် ၂ နာရီ ၈ မိနစ်

မိတ်ဆွေတဦးနဲ့ စကားပြောနေတဲ့ ဒေါ်ရွှေဇီးကွက်တို့ သားအမိ

မောင်စွမ်းရည် စကားပြောနေတဲ့ ကျော်သူ

ချောအိသိမ်း၊ PROJECT REACH ပြခန်း တာဝန်ခံနဲ့ ကျော်သူ

အမှတ်တရ လက်မှတ်ရေးထိုးနေတဲ့ ကျော်သူ

သတင်း ဆောင်းပါး - ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ ကျော်သူ ပထမဆုံး ထွက်ပေါက် - May 28 2012 03:08 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005