မျိုးဆက်သစ်တို့၏ လေ့လာရေးခရီး

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ပညာရေးကဏ္ဍတရပ်အား ၂ဝ၁ဝ ခုနှစ်မှစတင်၍ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မျိုးဆက်သစ်ကလေးငယ်များအတွက် “အဖြူထည်တို့၏ ပွဲ” အမည်ဖြင့် ပန်းချီပြပွဲ (၂) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခု ၂ဝ၁၂ ခုနှစ် နွေရာသီကာလတွင် ကလေးသူငယ် စုစုပေါင်း (၇ဝဝ) ကျော်ခန့် တက်ရောက်ခဲ့ကြပြီး အခြေခံ အင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံ ကွန်ပြူတာသင်တန်းများတို့တွင် တက်ရောက်နေကြသော ကလေးသူငယ်များတို့မှ ပန်းချီပညာရပ်အား စိတ်ပါဝင်စားသော မျိုးဆက်သစ်ကလေးငယ်များအား ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာမ ဒေါ်နုနုနှင့် ဒေါ်ရီရီခင်တို့မှ မေတ္တာစေတနာများဖြင့် (အခမဲ့) ပညာဒါနအဖြစ် ဖွင့်လှစ် သင်ကြားပေးလျှက် ရှိသည်။

၂၂၊ ၅၊ ၂ဝ၁၂ (အင်္ဂါ) နေ့ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် ပန်းချီသင်တန်းသို့ တက်ရောက် သင်ကြားနေသည့် မျိုးဆက်သစ် ကလေးငယ်များအား လေ့လာရေးခရီးစဉ်အဖြစ် ပြင်ပ (ရန်ကုန်မြို့တွင်း) ရှိ ပန်းချီပြခန်းများသို့ ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာမ ဒေါ်နုနုနှင့် ဒေါ်ရီရီခင် တို့မှ ဦးဆောင်၍ အသင်းသားဖြစ်သူ ဦးစည်သူ၏ BM မော်တော်ယာဉ်ကြီး အကူအညီဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ ဦးစွာပထမ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ New Treasure Art Gallery ၌ Second Group Show 2012 အဖြစ် ပန်းချီဆရာ မင်းဝေအောင်၏ ပန်းချီကားချပ်များနှင့် အခြားပန်းချီဆရာများ ရေးဆွဲပုံဖော်ထားသည့် ပန်းချီကားချပ်အား ၄င်း၊ KZL art studio & gallery တွင် Big Bigger Biggest art exhibition ပန်းချီပြပွဲသို့ ၄င်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ The Myanmar Traditional Artists and Artisans Organization (Central) တွင် Atmosphere in Water Colr Art Exhibition ပြပွဲ အစရှိသည့် အခမ်းအနားများသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မျိုးဆက်သစ် ကလေးငယ်များ သွားရောက်၍ ပန်းချီလက်ရာများအား ကြည့်ရှု လေ့လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပန်းချီပြခန်းတွင်း၌ ပန်းချီဆရာ အောင်မင်းမင်းမှလည်း ကလေးငယ်များ၏ လက်ထဲရှိ ပန်းချီပြပွဲဖိတ်စာများပေါ်တွင် အမှတ်တရအဖြစ် ကယ်ရီကေးချား ရုပ်ပုံများ ရေးဆွဲပေးခဲ့သည်။ မျိုးဆက်သစ်ကလေးငယ်များတို့သည် ပန်းချီပြပွဲများသို့ အားကြိုးမာန်တက် သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ကိုယ်တိုင် ရေးဆွဲကြဖို့ ပြင်ဆင်လျှက်ရှိသည်။

“ပန်းချီ အစ ပုံဆွဲ က” ဆရာကြီး ဦးဘကြည် ဆိုခဲ့ပါသည်။ အမှန်စင်စစ် “ပန်းချီအစ ရေဆေးက” ဟူ၍လည်း ဆိုနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ ပန်းချီဆရာတိုင်း ရေဆေးနှင့် မကင်းနိုင်ခဲ့ချေ။ ထို့အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ မျိုးဆက်သစ်ကလေးငယ်များအား ပန်းချီဆရာများဖြစ်ကြသည့် ဦးဝင်းကြည်၊ ဒေါ်နုနု၊ ဒေါ်ရီရီခင်တို့မှ စေတနာအပြည့်အဝဖြင့် အားထုတ် သင်ကြားခဲ့ရာ ကလေးငယ်များတို့သည်လည်း စိတ်ပါဝင်စားစွာဖြင့် ပန်းချီပညာရပ်အား အခြေခံသဘောတရားများစ၍ ရေဆေးပန်းချီ ကားချပ်များ ရေးဆွဲနိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြား ရေးဆွဲနေသလို ရံဖန်ရံခါများတွင် ယင်းကဲ့သို့သော ပန်းချီပြပွဲ ခန်းမများသို့ သွားရောက်၍ လေ့လာမှုများလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး မကြာမီကာလတွင် “အဖြူထည်တို့ရဲ့ ပွဲ” Vol:3 အဖြစ် မျိုးဆက်သစ်ကလေးငယ်များတို့၏ ရိုးသား ကြိုးစား စိတ်အားထက်သန်မှု၊ စိတ်ထဲရှိ ခံစားချက်ပုံရိပ်များတို့အား အရှိအတိုင်း ရိုးရှင်းစွာ ဖော်ကျူးရေးဆွဲကြမည့် ပန်းချီလက်ရာမွန်၊ အနုပညာဖော်ကျူးမှုများကို သဘာဝအတိုင်း လက်တွေ့ ရေးဆွဲကာ အများပြည်သူတို့အား ခင်းကျင်းတင်ပြခွင့် ရရှိတော့မည် ဖြစ်သည်။

ဓါတ်ပုံသတင်း - မျိုးဆက်သစ်တို့၏ လေ့လာရေးခရီး - May 28 2012 05:45 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005