၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ကာတင် ငါးဦးထဲက တဦး (သို့) စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့၌ ၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အဖ ဦးချစ်မောင်၊ အမိ ဒေါ်ယဉ်ရွှေတို့ရဲ့ သမီးဖြစ်သူ စာရေးဆရာမ သန်းမြင့်အောင်ဟာ ၁၉၇၈ ခုနှစ်တွင် တိုင်းရင်းမေဂျာနယ်ပါ ”တယ်လီဗေးရှင်း ဝေဒနာ” ၀တ္ထုတိုဖြင့် စာပေနယ်သို့ စတင် ၀င်ရောက်ခဲ့ပြီး ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးများစွာ ရေးသားခဲ့ပါတယ်။ ထို့နောက် ၂၀၀၂ ခုနှစ်တွင် ”သဏ္ဌာန်မဲ့ ထုထည်” ၀တ္ထုတိုပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။

စာပေ ရေးသားခြင်းမှာ ပျော်မွေ့သလို လူမှုရေးလုပ်ငန်းများကို တတ်အားသရွေ့ ကူညီလေ့ရှိသူ ဒေါ်သန်းမြင့်အောင်ဟာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသလို စိတ်တူကိုယ်တူ မိတ်ဆွေများနဲ့ ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေး ဂေဟာ)၊ ၂၀၁၀ ဧပြီလတွင် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတို့ကို တည်ထောင် ဦးဆောင် လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။

၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ကာတင် ငါးဦးထဲက တဦးဖြစ်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို ယနေ့မြန်မာအယ်ဒီတာ ဦးမြင့်လှိုင်က အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းထားပါတယ်။

ယနေ့မြန်မာ။ ။ ပထမဦးဆုံး၊ ဆရာမအနေနဲ့ လူမှုရေးအလုပ်တွေလုပ်ဖို့ ဖြစ်လာတဲ့ စိတ်ကူးလေး ရှင်းပြပေးပါလား။

ဒေါ်သန်းမြင့်အောင်။ ။ ဟုတ်ကဲ့။ ကျမ လူမှုရေးအလုပ်တွေလုပ်ဖို့ စိတ်ကူးတာကတော့ ကျမ ငယ်စဉ်က ကျမတို့မိသားစုက လူမှုရေးနဲ့ပတ်သက်လို့ ကူညီတာ ဝါသနာ ပါ ပါတယ်။ ပြီးတော့ ကျမကိုယ်နှိုက်ကလည်း စာဖတ်တော့ စာအုပ်တွေထဲက စာပေအသိတွေ ရတာပေါ့။ ဆရာမကြီး ဒေါ်ခင်ဆွေဦး တို့၊ ဒေါ်ခင်နှင်းယု တို့ ပေါ့နော်၊ ဒီအထဲက ဥပမာဆိုလို့ ရှိရင် ကျမ ‘မွှေး’ ဝတ္ထုကို ဖတ်တော့၊ မွှေးထဲကနေပြီးတော့ ပေါ့နော် “လူဆိုတာ ကိုယ်ကျိုးစွန့်စိတ်နဲ့ အများအတွက် အနစ်နာခံတဲ့စိတ်ကလေးမှ မပါရင် တခြားသတ္တဝါတွေနဲ့ ဘာများ ထူဦးမှာလဲ” ဆိုတဲ့ စကားလုံးမျိုး ပေါ့၊ နောက် ဒေါ်ခင်ဆွေဦးရဲ့ “ငှက်တွေဟာ ပျံရင်းနဲ့ သေမယ်၊ လူတွေဟာ ကြံရင်းနဲ့ သေမယ်” ဆိုတာမျိုးလိုပေါ့ နော်။ ပြီးတဲ့အခါကျတော့၊ ဘာသာတရားနဲ့ ပတ်သက်တာတွေ၊ ကိုယ်ကျင့်သီလနဲ့ ပတ်သက်တာတွေ ပေါ့။ နောက်တခါကျတော့ လူတွေရဲ့ ဖြစ်နေပျက်နေတဲ့ ဘဝတွေထဲက ပေါ့နော်၊ ဥပမာ - မိဘမဲ့ကလေးတွေ၊ အိမ်ထောင်ရေး ပြိုကွဲတဲ့ မိသားစုတွေ၊ ကျမတို့ ပတ်ဝန်းကျင်မှာလည်း ရှိတယ်၊ ကျမကိုယ်တိုင်လည်း ခံစားလို့ရတာတွေလည်း ရှိတယ်။

ပြီးတဲ့အခါ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့က ဈေးလောကကဆိုတော့ လူတန်းစား စုံတာပေါ့။ လူတန်းစား စုံပါတယ်။ အဲဒီမှာ လူမှုရေး၊ စီးပွားရေး၊ နောက်တခါ ဘာသာရေး၊ ကျန်းမာရေး ပေါ့၊

လိုအပ်တဲ့နေရာလေးတွေမှာ ပြုစု စောင့်ရှောက်တာလေးတွေ၊ ပြီးတဲ့အခါကျတော့ - လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး လုပ်ရတဲ့လုပ်ငန်းကလေးတွေ၊ ကျမ ဝါသနာ ပါ ပါတယ်။ ဒီကနေပြီး တဖြည်းတဖြည်းနဲ့ ဒီ့ထက်ပိုပြီး လုပ်နိုင်တဲ့အခါကျတော့ လုပ်နိုင်ရင် လုပ်နိုင်သလို များများစားစား ပိုပြီး ဆောင်ရွက်လာနိုင်တာ ပေါ့။ ပြီးတော့ ကိုယ်တယောက်တည်း အနေနဲ့လည်း ကျမ ဒီလောက် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ ပေါင်းတဲ့သင်းတဲ့လူတွေကလည်း ကိုယ်လုပ်တဲ့ လုပ်ငန်းတွေကို ဝိုင်းပြီးတော့ ပံ့ပိုးကြတယ်။ ပြီးတော့ ကျမအပေါ်မှာလည်း ယုံကြည်စိတ်တွေ ထားကြတဲ့အခါကျတော့၊ ကျမအနေနဲ့ လုပ်ရတဲ့အခါ ပိုပြီးတော့ အဆင်ပြေ လွယ်ကူသွားတာပေါ့ နော်။

ယနေ့မြန်မာ။ ။ ဟုတ်ကဲ့။ နောက်တခု စိတ်ဝင်စားဖို့ကောင်းတာက တချို့ဆို လူမှုရေးလုပ်တဲ့အခါ အဖွဲ့အစည်းတခု အပေါ်မှာပဲ အဓိကထားပြီး လုပ်နိုင်တာမျိုး ရှိတယ်။ ဆရာမဆိုရင် သုခရိပ်မြုံမှာလည်း လုပ်နိုင်တယ်။ နာရေးမှာလည်း ပါတယ်။ နောက် ကျောင်းထောင်တာတွေလည်း ရှိတော့၊ အဲဒီလိုမျိုး လုပ်ငန်းတွေအားလုံးကို ဆရာမအနေနဲ့ စနစ်တကျ ဘယ်လိုမျိုး စီမံခန့်ခွဲပါသလဲ။ အဲဒါလေး ရှင်းပြပေးပါလား။

ဒေါ်သန်းမြင့်အောင်။ ။ ဟုတ်ကဲ့။ ဒီလိုပါရှင့်။ ပရဟိတလုပ်ငန်းကတော့ တခုလုပ်တယ်ဆိုရင် နောက်ပိုင်းကတော့ အဲဒီတခုကို လုပ်နေရင်းနဲ့ပဲ အဲဒီလောကထဲမှာပဲ ဆက်တိုက်ဆက်တိုက် လိုအပ်ချက်တွေကို တွေ့လာရတာပေါ့ နော်။ နာရေးကူညီမှုအသင်း ကျမ လုပ်ဖြစ်တာကလည်း ဘဘဦးသုခက သူ့အတွေ့အကြုံလေးပေါ်မှာ မူတည်ပြီးတော့ အသင်း မထောင်ခင်ကတည်းက အဖြစ်အပျက်လေးတွေ ကျမကို ပြောပြတယ်။ ပြီးတော့ နာရေးကူညီမှုအသင်းလုပ်ရင် ပါဝင်ဖို့အတွက် ကျမကို စည်းရုံးထားတယ်။ ဒါနဲ့ ကျမ နာရေးကူညီမှုအသင်းမှာ ပါဝင်ဖြစ်တယ်။

ပြီးတော့ စောစောကပြောတဲ့ မိဘမဲ့ကလေးတွေဆိုတာလည်းပဲ၊ ကျမ မိဘမဲ့ကလေးတွေ ဂေဟာလေးကို အမြဲတမ်း သွားလာပြီး ကျမနိုင်တာလေးတွေ လုပ်ပေးချင်တာ ပေါ့။ ဥပမာ၊ အမျိုးသမီးလေးများဂေဟာ ဆိုလို့ရှိရင်လည်း အရွယ် မရောက်တရောက် မိန်းကလေးတွေ၊ ကလေးလည်း ကလေးနဲ့ပတ်သက်တာတွေပေါ့။ အရွယ်ပြောင်းစမှာပဲ စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်တာလေးတွေ၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးတာလေးတွေ ပေါ့ နော်။ ကျမ အဲဒီလို လျှောက်လုပ်နေရင်းနဲ့ မိဘမဲ့ဂေဟာတွေလည်း နီးစပ်လာတယ် လေ။ နီးစပ်တဲ့အခါကျတော့၊ ကျမ နယ်တွေ ဘာတွေသွားတော့ မိဘမဲ့ကလေးတွေ ကျမဆီကို အပ်နှံရင် လိုအပ်တဲ့နေရာကို ပို့ပေးတယ်။ အဲဒီလို ပို့ပေးရာကနေ၊ ၂၀၀၄ လောက်ကျတော့ HIV ပိုး ကူးစက်ခံနေရတဲ့ ကလေးတွေ ကျမဆီကို ရောက်လာတယ်။ အဲဒီကလေးတွေကို ပို့စရာနေရာ မရှိဘူး။ ဘယ်သူမှလည်း လက်မခံနိုင်ဘူး ပေါ့။ ထိန်းသိမ်းဖို့တွက် ဝန်လေးကြတာ ပေါ့။ နောက်တခုက တာဝန်ကြီးတယ် လေ။ အဲဒီလိုခါမျိုးကျတော့ အဲဒီလို ကလေးတွေအတွက် ကျမ ခံစားပြီးတော့ ဒီလိုဂေဟာမျိုးနဲ့ ဒီကလေးတွေကို ငါတို့ကိုယ်တိုင် မွေးရင်ကောင်းမယ်ဆိုပြီး ကျမ စပြီး စည်းရုံးဖြစ်တာပေါ့။ ဆရာမ ဂျူးတို့၊ ဆရာမ စုထား တို့၊ နောက်ပြီးတော့ ဒေါက်တာ ဒေါ်ခင်မေစု တို့၊ ဆရာ ဦးအေးမင်းတို့၊ ဒေါ်ရွှေဇီးကွက်တို့ ဆိုတာပေါ့နော်။ ကျမတို့ စ ထောင်တဲ့ တည်ထောင်သူတွေ ပေါ့။ အဲဒီလို ကျမ စုရုံးပြီး၊ အားလုံးကလည်း လုပ်ချင်တဲ့စိတ်နဲ့ လုပ်ဖြစ်လိုက်လို့ သုခရိပ်မြုံဆိုတာ ဒီလောက်ထိ ဖြစ်လာပါတယ်။ ပြီးတော့ ‘ဆည်းဆာရိပ်’ ဆိုတဲ့ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာလည်း ဒီလိုပါပဲ။ ကျမတို့ နာရေးကူညီမှုအသင်းမှာ လုပ်ဖြစ်တာ စကတည်းက ခုချိန်ထိဆို ၁၀ နှစ် ကျော်သွားပြီ ပေါ့။ အဲဒီ နာရေးတွေကို လျှောက်သယ်ရင်းနဲ့မှ ဂီလာန လူအိုတွေနဲ့ သူတို့ကို ပြုစုနေတဲ့ အသက်လေးငါးဆယ် သားသမီးတွေနဲ့ တွေ့ကြုံတဲ့ အဖြစ်အပျက်တွေမှာ ဂီလာနတွေက ကျန်ခဲ့ပြီး အသက်လေးငါးဆယ် သားသမီးတွေက ဦးနှောက်သွေးကြောပြတ်လို့ ရော၊ အခြားအကြောင်းကြောင်းနဲ့ ရုတ်တရက် ဆုံးသွားတဲ့အခါမှာ ဂီလာနကြီးတွေဟာ ချေးလူးလူး၊ သေးလူးလူးတွေနဲ့ ကျန်ရစ်ခဲ့တယ်။ အဲဒါတွေကို ကျမတို့ တွေ့ရတဲ့အခါ မကြည့်ရက်ဘူး ပေါ့။ မကြည့်ရက်လို့ ဒီ ဂီလာနတွေကို ဘိုးဘွားရိပ်သာ ပို့ဖို့ သွားရှာတဲ့အခါကျတော့ ဒီလို မစင်တွေ သုတ်သင်ပေးရဖို့တို့၊ ထမင်းခွံ့ကျွေးပေးရဖို့ တို့၊ ရေချိုးပေးဖို့ တို့၊ အဲဒီလောက်ထိ စွမ်းဆောင်နိုင်တဲ့ ဂေဟာတွေ မရှိသေးဘူး။ တာဝန်ကြီးတော့ လေ။

အဲဒါမျိုးတွေ တွေ့လာတဲ့ အခါကျတော့လည်း၊ ကျမရဲ့ ပတ်ဝန်းကျင်က သူငယ်ချင်တွေနဲ့ တိုင်ပင်ဖြစ်ပါတယ်။ စာပေလောကက လူတွေလည်း ပါ ပါတယ်။ တေးဂီတလောက ဘာညာ ပေါ့။ အဓိကကတော့၊ အခုလုပ်နေတဲ့ ရှေ့နေသူငယ်ချင်းတွေ ပေါ့။ တိုင်ပင်ပြီးတော့ ကျမတို့ကိုယ်တိုင်ပဲ ‘ဆည်းဆာရိပ်’ ဆိုပြီးတော့ ကျမတို့ရဲ့ လူ့အဖွဲ့အစည်းထဲမှာရှိတဲ့ အဖိုးအို၊ အဖွားအို၊ မိအို၊ ဖအိုအရွယ်တွေကို နောက်ဆုံးထွက်သက်ကလေးမှာ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်ရအောင်လို့ ဆည်းဆာရိပ်ကို ထူထောင်လိုက်တာပါ။ တခု တွေ့တယ်ဆိုလို့ရှိရင် ကြည့်ပါတယ်။ ဒုက္ခသည်တယောက်ကိုတွေ့ရင် အဲဒီ ဒုက္ခသည်ကို ကျမ ဘယ်လိုကူညီရမလဲလို့ ကြည့်ပါတယ်။ စောင့်ရှောက်နိုင်တဲ့သူတွေရှိရင် အဲဒီကို ကျမ အရောက်ပို့ပါတယ်။ ပြီးတော့ ကျမကိုယ်နှိုက်ကလည်း ပံ့ပိုးပါတယ်။ ကူညီပါတယ်။ တကယ်လို့ ဘယ်မှာမှ မရှိတော့တဲ့ အခါမျိုးကျရင်တော့ ကျမတို့ဟာ ကျမတို့ပဲ ကျန်တဲ့အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ထူထောင်လိုက်တာပါ။ အဲဒီလိုနဲ့ တခုပြီးတခု လုပ်ဖြစ်သွားတာပါ။

ယနေ့မြန်မာ။ ။ ဟုတ်ကဲ့ပါ။ ဆရာမက စာလည်း ရေးတယ်၊ နောက်တခါ ဒီလိုမျိုး လူမှုကိစ္စတွေ လုပ်ကိုင်တဲ့အခါ ဆရာမမှာ စာရေးစရာ ကုန်ကြမ်းတွေ အများကြီး ရှိမှာပဲ။ ဒီတော့ ၂၀၀၇ မှာ သံဃာတော်တွေကို ပံ့ပိုးတာနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ စာမရေးရတာမျိုး ကျနော်တို့ ကြားရတယ်။ အဲဒီလိုဖြစ်တဲ့ အခါမျိုးမှာ ဆရာမရဲ့ ခံစားချက်နဲ့ နောက်ပိုင်းမှာ ဒီဟာတွေကို ဘယ်လိုမျိုး ကုစားပြီးတော့ ကျော်လွှားသွားနိုင်သလဲ ဆိုတာလေးလည်း ရှင်းပြပေးလို့ ရနိုင်မလား ခင်ဗျာ။

ဒေါ်သန်းမြင့်အောင်။ ။ ဟုတ်ကဲ့ ရှင့်။ စာရေးတဲ့လုပ်ငန်းနဲ့ ကျမရဲ့ ပရဟိတလုပ်ငန်းဆိုတာလေ တခုကို တခု အပြန်အလှန် အကျိုးပြုတာပါပဲ။ ကျမ စာရေးခြင်းအားဖြင့် ကျမ ကြုံရတွေ့ရတဲ့ ဒီ ဒုက္ခရောက်နေတဲ့ လူတွေပေါ့နော်၊ ဒီ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျမ တွေ့ရတဲ့ ရင်ထဲမှာရှိတဲ့ ခံစားရတဲ့ဟာမျိုးတွေလည်း စာအဖြစ် ရေးဖြစ်ပါတယ်။ စာမျက်နှာပေါ် တင်ဖြစ်တာပေါ့။

အဲဒီလို စာရေးတဲ့အခါမှာ ကျမရဲ့ စာဖတ်ပရိသတ်က ဒါတွေကို ဝိုင်း ခံစားပြီးတော့ ကျမရဲ့ ပရဟိတလုပ်ငန်းအတွက် ကူတာတွေ ရှိပါတယ်။ အဲလိုပဲ ပရဟိတလုပ်ငန်းကလည်း စာရေးတာကို အထောက်အကူ ပြုသလို၊ စာရေးခြင်းအားဖြင့်လည်း ပရဟိတလုပ်ငန်း ပိုပြီးတော့ ကျယ်ပြန့်သွားတာပေါ့။ ဒါပေမယ့် ၂၀၀၇ ခုနှစ်ကျတော့ သံဃာတွေကို ဆွမ်းကပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမတို့ကို အချိန်တော်တော်ကြာအောင် စာတွေ ပိတ်ပင်ခံရပါတယ်။ စာတင် မဟုတ်ပါဘူး။ ဟောပြောပွဲတွေရော၊ ပြီးတဲ့ခါကျတော့ စာအုပ်စာပေတွေပေါ်မှာ ကျမတို့ရဲ့ ဓာတ်ပုံကလေးတွေ တစွန်းတစပါရင်ပဲ ပိတ်တာတို့၊ ဖယ်တာတို့ ပေါ့၊ အဲလိုတွေ ကျမတို့ ခံစားရတယ်။ အဲဒီလို ခံစားတဲ့အခါကျတော့လည်း ကျမတို့ စာရေးချင်ပေမယ့်ပေါ့ နော်၊ ပြီးတော့ ဒါဟာ မဟုတ်တာလုပ်တာ မဟုတ်ဘဲနဲ့ ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာကိုတောင်မှ ကျမတို့နိုင်ငံ အစိုးရက နေပြီးတော့ ကျမတို့ရဲ့ အနုပညာကို ပိတ်ပင်လိုက်တဲ့အတွက် ကျမတို့ အများကြီး စိတ်မကောင်းဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းဖြစ်လို့ ဒါကို ထိုင်ပြီး စိတ်မကောင်းနေရုံနဲ့ ကျမရဲ့လုပ်ငန်းတွေ လစ်ဟင်းသွားမယ့်အစားတော့၊ ကျမက စာမရေးဖြစ်တဲ့အတွက် စာရေးတဲ့အချိန်ရော၊ ပရဟိတလုပ်တဲ့အချိန်ရော ပရဟိတကို ပို လုပ်ဖြစ်သွားပါတယ်။ အဲဒီလို လုပ်ဖြစ်သွားတဲ့အတွက်ကြောင့်လည်း အခု နောက်ပိုင်မှာ ကျမ စာရေးတာ နည်းနည်း ကျဲသွားတာပေါ့။

ယနေ့မြန်မာ။ ။ ဟုတ်ကဲ့။ အခု ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်အတွက် ဆရာမအနေနဲ့ နောက်ဆုံးဆန်ခါတင်စာရင်းမှာ ပါတယ်။ ဆရာမရဲ့ သုခရိပ်မြုံကလည်း ပါတယ်ဆိုတော့၊ ပြည်ပနိုင်ငံရှိ အဖွဲ့အစည်းတခုက ဆရာမတို့ကို ဆုချီးမြှင့်ဖို့ ရွေးချယ်တာနဲ့ ပတ်သက်ပြီးတော့ ဆရာမရဲ့ ခံစားချက်လေးကို သိပါရစေ ခင်ဗျာ။

ဒေါ်သန်းမြင့်အောင်။ ။ ဟုတ်ကဲ့။ ဒီအတွက်တော့လေ ကျမ တော်တော်လည်း ကျေနပ်ပါတယ်။ ပီတိလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ကျမတို့ အခက်အခဲတွေကို ကျော်လွှားခဲ့ရတာ အများကြီး ပါ။ နာရေးအသင်းဆိုလည်း နာရေးအသင်းနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ကိုကျော်သူတို့ ကျမတို့ အတိုက်အခိုက်တွေ ခံရတာ၊ နော်၊ အဖမ်းအဆီးတောင် ခံရမလို၊ ထောင်တောင် ကျမလိုလို၊ ထောင်နှုတ်ခမ်းနင်းပြီး လုပ်ရတာမျိုးပေါ့။ သုခရိပ်မြုံ ဆိုလို့ရှိရင်လည်း အခုလို ပွင့်လင်းလာတဲ့အချိန်မှသာ ကျမတို့ ပွင့်ပွင့်လင်းလင်းလုပ်ပြီး မှတ်ပုံတင်တွေ ရလာတာ။ တရားမဝင်ခင်က ဖွင့်တယ်ဆိုရင်ပဲ လာပြီးတော့ သိမ်းဆည်းမှု တို့၊ ခြိမ်းခြောက်မှု တို့ အများကြီး ခံရတာ။ ကျမတို့တွေ အများကြီး အတိုက်အခံ လုပ်ခဲ့ရတာပေါ့။ ပရဟိတ လုပ်တယ်ဆိုပေမယ့် ကျမတို့ တော်တော်ကို ဆင်းရဲပင်ပန်းကြီးစွာနဲ့ လုပ်ရတာပါ။

အဲဒီလို လုပ်ရတဲ့အပေါ်မှာ ပြည်တွင်းက ကျမတို့အစိုးရက သူပုန်လောက် သဘောထားနေတဲ့အချိန်မှာ ပြည်တွင်းမှာရှိတဲ့ အလှူရှင်တွေကလည်း ကျမတို့ရဲ့ လုပ်ရပ်၊ လုပ်ငန်းတွေကို ယုံယုံကြည်ကြည်နဲ့ အားပေးသလို၊ ပြည်ပမှာရှိတဲ့ ကျမတို့ မြန်မာလူမျိုးတွေကလည်း ကျမတို့ကို အသိအမှတ်ပြုပြီးတော့ ဒီလိုဇွဲနဲ့ လုပ်ကိုင်နေတာကို အားပေးကြတယ်၊ ထောက်ခံကြတယ်၊ ယုံကြည်ကြတယ်ဆိုတာဟာ ကျမတို့အတွက် မဖော်ပြနိုင်တဲ့ပီတိပါ ပဲ။ ဆု ရသည်ဖြစ်စေ၊ ဆု မရသည်ဖြစ်စေ ဒီလိုမျိုး ကျမတို့အပေါ်မှာ စေတနာထားတဲ့အတွက် ကျမက ပီတိဖြစ်ပါတယ်။ သိပ်လည်း ဝမ်းသာပါတယ်။

ယနေ့မြန်မာ။ ။ ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ ဆရာမတို့ လုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ မိတ်ဆွေတွေ၊ နောက် အခုလိုမျိုး ပြည်ပက မြန်မာမိသားစု အသိုင်းအဝိုင်းတွေကို ဆရာမအနေနဲ့ စကားလက်ဆောင် တခုခု ပြောပေးပါလား။

ဒေါ်သန်းမြင့်အောင်။ ။ ဟုတ်ကဲ့ ရှင့်။ ဒီ အခုအချိန်အခါမှာ ပရဟိတလုပ်ငန်းတွေ ကျမတို့လုပ်သလောက် အောင်မြင်လာတယ်။ ပြီးတော့ ကျမတို့ လုပ်ရတဲ့အတွက် ဘိုးဘွားတွေ၊ မိဘမဲ့ကလေးတွေ၊ HIV ကူးစက်ခံနေရတဲ့ ဝေဒနာသည်တွေ၊ ကျောင်းတက်ဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားတွေ၊ လုပ်တဲ့လုပ်ငန်းတွေကတော့ အများကြီး ပါ၊ နောက် အနာကြီးရောဂါသည်တွေ၊ အနာကြီးရောဂါ ဆက်ခံလာသူတွေ၊ သူတို့သားသမီးလေးတွေရဲ့ ပညာရေးကိစ္စတွေ ပေါ့နော်၊ ကျမတို့ တဦးတဖွဲ့က တာဝန်ခံ လုပ်တယ်၊ ပြီးတော့၊ လှူကြတန်းကြတဲ့ အလှူရှင်တွေက ကျမတို့လုပ်သမျှအပေါ် ယုံကြည်စိတ်ချစွာနဲ့ လှူကြတဲ့အတွက် အကျိုးသက်ရောက်မှုက မနည်းပါဘူး။ တကယ် အကျိုးခံစားရတဲ့လူတွေက တကယ် အကျိုးရှိပါတယ်။ လှူတဲ့လူတွေလည်း အကျိုးရှိပါတယ်။ ကျမတို့ လုပ်ငန်းတွေကို ယုံကြည်စွာ လှူဒါန်း အားပေးကြတဲ့သူတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ကျမတယောက်အနေနဲ့လည်း အများအတွက် လူဖြစ်ရတဲ့ဘဝမှာ ကျမ ကျေနပ်ပါတယ်။ ရှေ့လျှောက်ပြီးတော့လည်း ကျမ အများအတွက် လူ လုပ်သွားပါမယ်။ လူ့ဘဝရဲ့ သက်တမ်းတလျှောက်မှာ အများအတွက်ပဲ ရပ်တည်သွားမယ်လို့ ကျမစိတ်ထဲမှာ ဆန္ဒရှိပါတယ်။ ဘယ်သူ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ကျမတို့ကို နောက်ကနေပြီး ထောက်ခံအားပေးနေတဲ့ ကျမတို့ရဲ့ ပြည်သူလူထု အမျိုးသမီး၊ အမျိုးသားတွေ၊ ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ အမျိုးသမီး၊ အမျိုးသားတွေဟာ ထောက်ခံ ယုံကြည် အားပေးနေတဲ့အတွက် ဒီ အလုပ်ကို အသက်ထက်ဆုံး ယုံယုံကြည်ကြည်နဲ့ အများအတွက်ပဲ လုပ်သွားပါမယ်။ ကျမ ဘယ်တော့မှ ကိုယ်ကျိုးမရှာဘူးဆိုတာ ဂတိပေး ပြောကြားလိုပါတယ်။

ယနေ့မြန်မာ။ ။ ကျေးဇူးတင်ပါတယ် ဆရာမ။
သတင်း - ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ကာတင် ငါးဦးထဲက တဦး စာရေးဆရာမ ဒေါ်သန်းမြင့်အောင် - May 28 2012 05:27 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005