လယ်ယာလုပ်ပိုင်ခွင့်ကို မြို့နယ်အာဏာပိုင်များက တားမြစ်တဲ့ တွံတေးမြို့နယ်က ကိစ္စ

ရန်ကုန်တိုင်း တွံတေးမြို့နယ်က လယ်သမားအချို့ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားစာ ထုတ်ပြန်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်တဲ့အတွက် ဖြေရှင်းနေရကြောင်း လယ်သမားအရေး ဆောင်ရွက်ပေးနေသူတဦးက ယနေ့မြန်မာကို ပြောပြပါတယ်။

အဆိုပါ လယ်သမားများဟာ စားကျက်မြေအဖြစ် သတ်မှတ်ထားတဲ့ မြေပေါ်မှာ ဓါးမဦးချ ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးခဲ့တာ ဖြစ်ကြောင်း၊ ထိုသို့ လုပ်ကိုင်ခဲ့ပြီး စားကျက်မြေအဖြစ် သတ်မှတ်ထားရာမှ ဦးပိုင်အမည်ပေါက်နဲ့ လယ်ယာမြေအဖြစ် လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ရာ ရရှိထားကြောင်း၊ သို့သော်လည်း လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားစာ ထုတ်ပြီး ကန့်ကွက်မှုများ ရှိနေကြောင်း လယ်သမားများအရေး ဆောင်ရွက်နေသူ ကိုဖိုးဖြူက အောက်ပါအတိုင်း ယနေ့မြန်မာကို ပြောပြပါတယ်။

“တရားစွဲနေတော့ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း အလုပ်မလုပ်ရဘူး ဖြစ်နေတယ်။ စားကျက်မြေကို လွန်ခဲ့တဲ့ နှစ် ၄၀ ကနေပြီး သူတို့ဖာသာ ခုတ်ထွင် ရှင်းလင်းပြီး စိုက်ပျိုးလာတာ။ လယ်လုပ်ခွင့်ပြေစာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က စားကျက်မြေအဖြစ်က ဖျက်သိမ်းပြီးတော့ ဦးပိုင်ပေါက် လယ်အဖြစ်နဲ့ လုပ်ပေးပါလို့ လျှောက်ထားတာ။ အာဏာပိုင်အဆင့်ဆင့်အနေနဲ့ အောက်ခြေကလည်း တင်တယ်။ တိုင်းမှူးက ချထားပါလျက်နဲ့ သက်ဆိုင်ရာ မြေစာရင်းရုံးက လုပ်မပေးဘူး။ လုပ်မပေးတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက အဲဒီလယ်သမားတွေကို ကျူးကျော်တဲ့ သူတွေပါဆိုပြီး အခွန်ဆောင်နေပါလျက်နဲ့ နှင်နေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နှစ်ကြိမ်ရှိပြီ တရားစွဲခံနေရတာ။ တရားရုံးမှာ တက်ပြီး ဖြေရှင်းနေရတယ်။“

ထိုကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ လယ်သမားတဦးက “ကျွန်တော်တို့က မိုးစပါးပြီး နွေစပါး စိုက်နေတာ။ အခု မိုးစပါး လှည်းတင်မှာ။ တင်နေချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တားစာတစောင် ထွက်လာတယ်။ ကျွန်တော်တို့က အခု စပါး စိုက်ထားတယ်။ သူတို့ကတော့ ဘာမှ ဆက်မလုပ်သေးဘူး“ လို့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ယနေ့မြန်မာကို ရှင်းပြပါတယ်။

လက်ရှိအခြေအနေတွင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တားမြစ်စာ ထုတ်ပြန်ထားကြောင်း၊ အရေးယူတာတွေ လောလောဆယ် လုပ်ဆောင်ခြင်း မရှိသေးသော်လည်း စိုက်ပျိုးထားတဲ့ လယ်ယာသီးနှံများ ဆုံးရှုံးသွားမှာ၊ လယ်လုပ်ပိုင်ခွင့် ဆုံးရှုံးသွားမှာကို လယ်သမားများဘက်က စိုးရိမ်နေကြောင်း၊ အထက် တာဝန်ရှိသူက လယ်လုပ်ခွင့် ပြုထားသော်လည်း သက်ဆိုင်ရာ မြေစာရင်းရုံးက ဆက်လက် ဆောင်ရွက် မပေးတဲ့အပေါ်၊ ထိုက်သင့်တဲ့ အခွန်ငွေ ပေးဆောင်နေသော်လည်း မြို့နယ်အုပ်ချုပ်ရေးရုံးက တားမြစ်စာ ထုတ်ပြန်ခဲ့တဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်နေကြကြောင်း သိရပါတယ်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဥပဒေများ ချမှတ်ပြီး ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ထိမ်းချုပ်ခဲ့ရာ လယ်ယာမြေကဏ္ဍလည်း ပါဝင်ခဲ့ပါတယ်။ အာဏာရှင်အစိုးရ၊ စစ်အစိုးရလက်ထက် အဆက်ဆက်တွင် လယ်ယာမြေများကို လျော်ကြေးမပေးဘဲ သိမ်းယူခြင်းမှ အစပြုကာ မတရားမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ရာ လူ့အခွင့်အရေး ဆောင်ရွက်သူများ၊ ရှေ့နေရှေ့ရပ်များက လယ်သမားများရဲ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်မှုများ လုပ်ဆောင်လာခဲ့ကြပါတယ်။ ထိုသို့ လုပ်ဆောင်လာရာ အဆင်ပြေမှုများ ရှိခဲ့သလို ကူညီဆောင်ရွက်ပေးသူများ၊ လယ်သမားများကို ထောင်သွင်းအကျဉ်းချမှုများလည်း ရှိခဲ့ပါတယ်။
သတင်း - လယ်ယာလုပ်ပိုင်ခွင့် မို့နယ်အာဏာပိုင် တွံတေးမြို့နယ် - May 25 2012 03:27 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005