ပြည်မြို့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲနဲ့ အာဏာပိုင်များ တားဆီးမှု

လျှပ်စစ်မီး ပုံမှန် မရရှိခြင်းနဲ့ ပတ်သက်ပြီး ပြည်မြို့တွင် မေလ ၂၃၊ ၂၄ ရက်နေ့များက ငြိမ်းချမ်းစွာ စီတန်း လှည့်လည် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ မေလ ၂၄ ရက်နေ့ မနက်ပိုင်းတွင် ဆန္ဒပြမှု စတင် ဦးဆောင်သူ ၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း၊ ပြည်ထောင်သို့ ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အာမခံပေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြည်မြို့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲကို မေ ၂၃ ရက်နေ့ မနက် ၉ နာရီ ၁၀ မိနစ်တွင် မြို့နယ် လျှပ်စစ်ရုံးမှ စတင်ခဲ့ပါတယ်။ စတင် ဆန္ဒပြချိန်တွင် လူ ၁၅ ဦးသား ပါဝင်ခဲ့သော်လည်း ပူးပေါင်း ပါဝင်လာသူများ တဖြည်းဖြည်း များလာရာ လူတထောင်နီးပါး ပါဝင်လာခဲ့ပါတယ်။ မနက် ၁၀ နာရီခွဲတွင် ပြည်မြို့ ဘုရားကြီးဘုရားအနီးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးအောင်ဇော်ထက်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ရဲ အယောက် ၅၀ ကျော်က နံပါတ်တုတ်၊ ဒိုင်းများ ကိုင်ဆောင်ကာ တားဆီးခဲ့ပါတယ်။ ဆန္ဒပြသူများက ခရိုင် လျှပ်စစ်ရုံးကို သွားရောက်လိုကြောင်း ပြောကြားတဲ့အခါ နောက်ပိုင်းတွင် ဆက်လက် သွားရောက်နိုင်ခဲ့ပါတယ်။ ခရိုင် လျှပ်စစ်ရုံးရှေ့ကို မနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး ထိုနေရာ၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကာ မြို့နယ်လျှပ်စစ်ရုံးဆီ ပြန်လည် ထွက်ခွာခဲ့ရာ နေ့လည် ၁၂ နာရီ မိနစ် ၂၀ တွင် မြို့နယ် လျှပ်စစ်ရုံးကို ပြန်ရာက်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပြီးနောက် လူစုခွဲခဲ့ကြပါတယ်။

မေ ၂၄ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်တွင် ပြည်မြို့၊ မြို့နယ်လျှပ်စစ်ရုံးရှေ့မှစတင် ထပ်မံ ဆန္ဒပြကြရာ မနက် ၉ နာရီ ၃၅ မိနစ်တွင် လမ်းရှည်လမ်းနဲ့ လက်သမားလမ်းထောင့်ကို ရောက်ရှိလာခဲ့ကြပါတယ်။ ထို လမ်းထောင့်တွင် ရဲ့ အယောက် ၅၀ ခန့် စောင့်နေကြပြီး ထိုမှတဆင့် ဆက်လက် ဆန္ဒပြခဲ့ရာ လမ်းမတော်နဲ့ ထွန်းသီရိရုံထောင့်တွင် မနက် ၁၀ နာရီ ၃၅ မိနစ်၌ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူးတို့ရဲ့ အမိန့်နဲ့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်သူ ကိုဝင်းလှိုင်ကို ရဲ သုံးဦးက နံပါတ်တုတ်များနဲ့ ရိုက်ကာ လက်တဖက်တချက်စီမှ ကိုင်၍ အချုပ်ကားထဲကို ပစ်တင်လိုက်ပါတယ်။ ထို့နောက် ကိုကျော်ဆွေကို နံပါတ်တုတ်နဲ့ ရိုက်နှက်ရာ ကိုဖိုးဖြူက ၀င်ရောက် ကာကွယ်တဲ့အတွက် ဒဏ်ရာ ရရှိသွားပါတယ်။ ကိုဖိုးဖြူက ဥပဒေကြောင်းဆိုင်ရာများနဲ့ ပတ်သက်ပြီး ဖမ်းဆီးသူများကို ပြောပြရာ ရဲငါးယောက်ခန့်က ကိုဖိုးဖြူကို နံပါတ်တုတ်နဲ့ ရိုက်ပြီး အချုပ်ကားထဲကို ထည့်လိုက်ပါတယ်။

ထို့နောက် ကိုဇော်ထွန်းက မဖမ်းသင့်ကြောင်း ပြောဆိုရာ သူ့ကိုပါ ထပ် ဖမ်းပြီး ကိုဇော်ထွန်း၊ ကိုကျော်ဆွေ၊ ကိုအောင်မိုးကျော် (ခ) ကိုဖိုးဖြူ၊ ကိုသန်းဌေးအောင်၊ ကိုဝင်းလှိုင်နဲ့ မဂျူးဂျူး (ခ) မဂျွန် စုစုပေါင်း ခြောက်ဦးကို ပြည်ထောင်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ပြည်ထောင်ကို နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မောင်လေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ မင်းလှ ကြံ့ခိုင်ရေး အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ချို၊ မြို့နယ်ရဲမှူး၊ ခရိုင် ရဲမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူ၊ ဗိုလ်ကြီး အောင်ဇော်ထက်တို့နှင့် စကားပြောခဲ့ပါသည်။

လွှတ်တော် ကိုယ်စားလှယ်များက ဆန္ဒပြခေါင်းဆောင်များကို ပြည်သူများ မီးဘေးဒုက္ခ ခံစားရသလို လွှတ်တော်အမတ်များလည်း ခံစားရကြောင်း၊ လွှတ်တော်တွင် တင်ပြပြီး ပြည်မြို့အတွက် လျှပ်စစ်မီး ၅၀၀ ကေဗွီ ရရှိအောင် ဆောင်ရွက်ထားကြာင်း၊ ကျန်းမာရေး၊ ရေပေးဝေရေး အစရှိတဲ့ ကိစ္စများအတွက် စီစဉ် ဆွေးနွေးနေကြောင်း၊ ထိမ်းသိမ်းခံထားရသူများကို ဥပဒေ ပုဒ်မ (၁၈)၊ ပ/၂၀၈ နဲ့ တရားစွဲဆိုထားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များက အာမခံပေးကာ နေ့လည် ၂ နာရီ မိနစ် ၅၀ တွင် ထောင်မှ ပြန်လွှတ်လိုက်ကြောင်း၊ ပြန်လွတ်လာသူများကို ပြည်သူလူထု တထောင်ခန့်က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။

ဖမ်းဆီးစဉ် ရိုက်နှက်ခဲ့မှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုတို့ ရှိခဲ့တဲ့အတွက် ဆန္ဒပြသူများက အာဏာပိုင်များကို ပြန်လည် တရားစွဲဆိုထားကြောင်း သိရပါတယ်။

ဆန္ဒပြပွဲ ပြုလုပ်စဉ်က ရဲများနဲ့ ထိပ်တိုက် တွေ့ခဲ့ကြပုံ

သတင်း - ပြည်မြို့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲ အာဏာပိုင်များ တားဆီးမှု - May 25 2012 04:34 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005