မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်ပြီး အရှင်ဝီရသူ (မစိုးရိမ်) ရဲ့ သဘောထား
Free Politiical Prisoners

အကျဉ်းထောင်အတွင်း မလွတ်မြောက်ဘဲ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် စာရေး တောင်းဆိုရုံနဲ့ မရနိုင်တော့တဲ့အတွက် ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း၊ ဆန္ဒပြုခြင်းတို့ကို ပြုလုပ်တော့မှာ ဖြစ်ကြောင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာရကျောင်းနာယက ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) က ၁၃၇၃ ခု တပေါင်းလဆန်းတရက် (၂၀၁၂၊ ဖေဖော်ဝါရီ ၂၂ ရက်) နေ့စွဲနဲ့ ယနေ့မြန်မာကို ပေးပို့တဲ့ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ထိုသို့ ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း၊ ဆန္ဒပြုခြင်းများ ပြုလုပ်တဲ့အခါ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းစဉ်ကိုလည်း မထိခိုက်စေရန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဲဒီ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

အရှင်ဝီရသူ (မစိုးရိမ်) ဟာ ၂၀၁၂၊ ဇန်န၀ါရီ ၁၃ ရက်နေ့တွင် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၃ ရက်နေ့က မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသူ ၁၁ ဦးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ ၅ ဦး ပါဝင်ခဲ့ကြောင်း၊ သို့သော်လည်း မြစ်ကြီးနားအကျဉ်းထောင်တွင် မန္တလေး မူလ ဆီးဘန်နီတိုက်က ဦးဂန္ဓသာရနဲ့ မန္တလေးမြို့ ရန်ကင်းတောင်က ဦးဓမ္မသာမိတို့ ဆက်လက် အကျဉ်းကျနေဆဲ ဖြစ်ကြောင်း၊ ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သူများမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုမင်းသူ၊ ကိုဝင်းရွှေ၊ ကိုဝင်းကြည်နဲ့ ကျောက်ဆည်က မင်းကုန်းကျောင်း ဆရာတော်ကြီး အပါအ၀င် သံဃာတော် လေးပါးတို့ ဖြစ်ကြောင်း၊ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ သံဃာ အပါး နှစ်ဆယ်နဲ့ လူပုဂ္ဂိုလ် ၅၆ ယောက်၊ စုစုပေါင်း ၇၆ ဦး ကျန်နေသေးကြောင်း အရှင်ဝီရသူ (မစိုးရိမ်) ရဲ့ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ထို့အပြင် အရှင်ဝီရသူက မလွတ်မြောက်သေးတဲ့ သံဃာတော်တွေ ရှိနေသေးတဲ့အတွက် ရန်ကုန်က ပင့်ဖိတ်တဲ့ လွတ်မြောက်သံဃာကံထပ်ပွဲကိုလည်း မတက်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှု ပြုလုပ်ရန် တိုင်ပင်ခဲ့ကြသော်လည်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာနိုင်ပါက လှုပ်ရှားမှုများကြောင့် ပျက်ပြယ်သွားမှာ စိုးရိမ်တဲ့အတွက် မပြုလုပ်ခဲ့ကြောင်း၊ အကျဉ်းသားစာရင်း ပေးပို့လျှင် လွှတ်ပေးမယ်လို့ အကြောင်းကြားခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကိုကို၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများထံ လက်ကျန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်း ပေးပို့ခဲ့ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ တောင်းဆို လှုပ်ရှားမှုကြောင့် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် မလွတ်မြောက်ခဲ့ကြောင်း သူ့ရဲ့ သဘောထား ထုတ်ပြန်ချက်တွင် ရေးသားထားပါတယ်။

ဒါ့ကြောင့်မို့ လူ လွတ်မြောက်လာသော်လည်း စိတ် မလွတ်မြောက်သေးတဲ့အတွက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် ငြိမ်းချမ်း အေးချမ်းစွာ ၀တ်ပြုဆုတောင်းခြင်း ဆန္ဒပြုခြင်းတို့ကို ပြုလုပ်တော့မှာဖြစ်ကြောင်း ၂၀၁၂ ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲနဲ့ ရေးသား ထုတ်ပြန်တဲ့ သဘောထား ထုတ်ပြန်ချက်နိဂုံးတွင် ရေးသားထားပါတယ်။
သတင်း - အရှင် ၀ီရသူ (မစိုးရိမ်) နိုင်ငံရေးအကျဉ်းသား - Feb 23 2012 11:44 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005