မန္တလေးမှာ မီးစက်နဲ့ လျှပ်စစ်မီး ပေးနိုင်အောင် စီစဉ်၊ မန္တလေးက စလိုက်တဲ့ လျှပ်စစ်မီးကိစ္စ ဆန္ဒထုတ်ဖော်ပွဲများ

လျှပ်စစ်မီးကိစ္စ ဆန္ဒထုတ်ဖော်မှုတွေ ပေါ်ထွက်လာခဲ့တဲ့နောက် ရွေ့လျားမီးစက် ၂၄ လုံးနဲ့ မန္တလေးမြို့တွင် လျှပ်စစ်မီး ပေးဖို့ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ထို မီးစက်များနဲ့ လျှပ်စစ်မီး ရရှိချိန် လျော့သွားတဲ့ နေရာများ၊ မြို့ ရေပေးဝေရေးစက်ရုံများတွင် လိုအပ်သလို ထားရှိသွားမှာ ဖြစ်ကြောင်း အာဏာပိုင်များဘက်က ပြောကြားလာခဲ့ကြတာပါ။

မီးစက်များဟာ မီးစက်ငယ်များ ဖြစ်တဲ့အတွက် လျှပ်စစ်ဓါတ်အားပေးဝေတဲ့ ထရန်စဖော်မာတွေကတဆင့် လိုအပ်တဲ့နေရာများကို လျှပ်စစ်မီး ပေးဝေမှာဖြစ်ကြောင်း အာဏာပိုင်များကို ကိုးကားပြီး သတင်းများတွင် ဖော်ပြထားပါတယ်။ လျှပ်စစ်မီးကိစ္စ ဆန္ဒထုတ်ဖော်မှုများနဲ့ ဆက်နွယ်ပြီး ခေါ်ယူ မေးမြန်းခဲ့သူများအား နောက်ထပ် ဆန္ဒထုတ်ဖော်မှုတွေ မပြုလုပ်ဖို့ တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်များဘက်က မန္တလေး လျှပ်စစ်မီးကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားလာမှုများ ရှိခဲ့သလို ဆန္ဒပြသူများဘက်ကလည်း ပြည်သူလူထုနဲ့ လက်တွဲပြီး ဆက်လက်ပြီး ငြိမ်းချမ်းစွာ တောင်းဆိုသွားမှာဖြစ်ကြောင်း မေ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထို ကြေငြာချက်တွင် လျှပ်စစ်မီး ပြည့်ဝစွာ မရရှိခြင်းဟာ နိုင်ငံရဲ့ စီးပွားရေးအဆင့်၊ နိုင်ငံသားတဦးချင်းရဲ့ နေထိုင်မှုအဆင့် နိမ့်ကျနေတာကို ပြည်သူလူထု အသိဖြစ်ကြောင်း၊ မန္တလေးမြို့ ပြည်သူလူထုအနေနဲ့ လျှပ်စစ်မီး လုံးဝနီးပါး မရရှိဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲများ ကြုံတွေ့နေရခြင်းကို ပြည်သူအနေနဲ့ ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ကြောင်း၊ မေ ၂၀ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သလို ဆက်လက်ပြီး ငြိမ်းချမ်းစွာ တောင်းဆိုသွားမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

မန္တလေးက စတင်လိုက်တဲ့ လျှပ်စစ်မီးကိစ္စ ဆန္ဒထုတ်ဖော်မှုဟာ မုံရွာ၊ ပြည်၊ ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံအနှံ့ကို ကူးစက် ပြန့်နှံ့လာနေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့တွင် မေ ၂၂ ရက်၊ ၂၃ ရက် နှစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်လာတာ တွေ့ရသလို မေ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့က ငြိမ်းချမ်းစွာ ဆန္ဒပြသူများနဲ့ ဆွေးနွေး ပြောဆိုခြင်းနဲ့ ဟန့်တားခြင်းအချို့ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မေ ၂၃ ရက်နေ့ ဆန္ဒထုတ်ဖော်မှုမှာ လူအင်အား ငါးရာမှ တထောင်အထိ ပါဝင်တယ်လို့ ပြောကြပါတယ်။

အခုလို ဆန္ဒ ထုတ်ဖော်မှုများနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူများအတွင်း ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ လျှပ်စစ်မီး အခက်အခဲဟာ ပြည်သူလူထုရဲ့ လူမှုဘ၀ကို ထိခိုက်သလို စီးပွားရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာခြင်းများလည်း ဖြစ်ပေါ်စေပါတယ်။ ယခင် မြန်မာစစ်အစိုးရအနေနဲ့ ဆန္ဒပြမှုများကို အင်အားသုံး နှိမ်နင်းခဲ့သော်လည်း အခု မြန်မာအစိုးရလက်ထက်မှာတော့ ဆက်စပ် အကြမ်းဖက်မှုများ၊ အင်အားသုံးမှုများ ဖြစ်မလာအောင် သတိထား ကိုင်တွယ်ကြတာကို သတိထားမိပါတယ်။

ဆန္ဒထုတ်ဖော်ခြင်းအားဖြင့် ပြည်သူလူထုရဲ့ နေ့တဓူဝ ဒုက္ခကို အာဏာပိုင်များ သိရှိစေနိုင်သော်လည်း လျှပ်စစ်မီးကိစ္စ ပြီးပြတ် ပြေလည်အောင် ဖြေရှင်းဖို့ကတော့ လောလောဆယ် လွယ်ကူနိုင်မှာ မဟုတ်သေးပါဘူး။ ကချင်ပြည်နယ်တွင်း စစ်မက်ဖြစ်ပွားနေခြင်းရဲ့ အကျိုးဆက်အဖြစ် ဓါတ်အားပေးစနစ် ဖျက်ဆီးခံရမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ပြည်တွင်းစစ် နိဂုံးချုပ်ရေးဟာလည်း မြန်မာပြည်သူတွေအတွက် အဓိကလိုအပ်ချက်တခု တည်ရှိနေတာကို ပြဆိုနေပါတယ်။
သတင်း - မန္တလေးမှာ မီးစက်နဲ့ လျှပ်စစ်မီး ပေးနိုင်အောင် စီစဉ်၊ မန္တလေးက စလိုက်တဲ့ လျှပ်စစ်မီးကိစ္စ ဆန္ဒထုတ်ဖော်ပွဲများ - May 23 2012 02:34 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005