ဂျက်စီကာ နဲ့ ဖိလစ်တို့ နှစ်ဦးအနက် ဘယ်သူ အမေရိကန်အိုင်ဒယ်လ် ဖြစ်လာနိုင်မလဲ

ဒီနှစ် အမေရိကန်အိုင်ဒယ်လ် နောက်ဆုံးနေ့ ဖျော်ဖြေ ယှဉ်ပြိုင်မှုအရ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) နဲ့ ဖိလစ် ဖိလစ် (Phillip Phillips) တို့ နှစ်ဦးအနက် ဘယ်သူ အမေရိကန်အိုင်ဒယ်လ် ဖြစ်လာမလဲဆိုတာကို အတိအကျ ခန့်မှန်းဖို့ ခက်ခဲလှပါတယ်။ ရာဟူး အင်တာနက်စာမျက်နှာရဲ့ သဘောထား ကောက်ယူမှုအရ ဂျက်စီကာ စဲန်ချက်ဇ်က အသာရနေပြီး အချို့သတင်းများကတော့ ဖိလစ် ဖိလစ်ကို အသားပေး ရေးသားထားပါတယ်။

နောက်ဆုံးပြိုင်ပွဲကို ဂျက်စီကာရဲ့ ဖျော်ဖြေမှုနဲ့ စတင်ပြီး ဂျက်စီကာက ၀တ္တနီ ဟူစတန်ရဲ့ I have Nothing သီချင်းကို သီဆိုခဲ့ပါတယ်။ ဖိလစ်ကတော့ ဘဲန် အီး ကင်း (Ben E. King) ရဲ့ Stand By Me သီချင်းကို စတင် သီဆိုပါတယ်။ ထို့နောက် ဂျက်စီကာ က Celine Dion နဲ့ Andrea Bocelli တို့ သီဆိုခဲ့တဲ့ The Prayer သီချင်းကို သီဆိုခဲ့ကာ ဖိလစ်က Billy Joel ရဲ့ Movin' Out (Anthony's Song) သီချင်းကို သီဆိုပါတယ်။ နောက်ဆုံးမှာ ဂျက်စီကာ က Change Nothing သီချင်းကို သီဆိုပြီး ဖိလစ်က Home သီချင်းကို သီဆိုခဲ့ပါတယ်။

ဂျက်စီကာနဲ့ ဖိလစ်တို့ရဲ့ သီဆိုပုံတွေဟာ ခြားနားတဲ့အတွက် သူတို့နှစ်ဦးကို နှိုင်းယှဉ် ဝေဖန် ပိုင်းခြားဖို့တော့ ခက်ပါတယ်။ အသံပိုင်းနဲ့ အဆိုပညာမှာ ဂျက်စီကာက သာပြီး ဖိလစ်ကတော့ သူ့ကို မဲပေးချင်အောင် သီဆိုနိုင်သူ ဖြစ်ပါတယ်။ ဖျော်ဖြေမှုများတွင် ဂျက်စီကာရဲ့ I have Nothing နဲ့ The Prayer သီချင်း ဖျော်ဖြေမှုတွေကို နှစ်ခြိုက်သော်လည်း Change Nothing သီချင်း ဖျော်ဖြေမှုကိုတော့ သိတ်ပြီး အားမရပါဘူး။ ဖိလစ်ရဲ့ Stand By Me နဲ့ Movin' Out (Anthony's Song) ဖျော်ဖြေမှုတွေကို အပြည့်အ၀ အားမရပေမယ့် Home သီချင်း ဖျော်ဖြေမှုကိုတော့ နှစ်သက်မိပါတယ်။

အမေရိကန်အိုင်ဒယ်လ် အစီအစဉ်ဟာ အမေရိကန်ရုပ်သံ အစီအစဉ်များရဲ့ လူကြည့်အများဆုံး အစီအစဉ်တခု ဖြစ်သော်လည်းပဲ ဒီနှစ်မှာတော့ ကြည့်ရှုသူဦးရေ လေးပုံတပုံနီးပါး လျှော့ကျသွားခဲ့ပါတယ်။ အဓိကအနေနဲ့ အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြား အရွယ်ရှိ ရုပ်သံပရိသတ်ရဲ့ စိတ်ဝင်စားမှု နည်းသွားတာပါ။ ဒါ့အပြင် အဲန်ဘီစီရဲ့ သယ် ဗွိုက်စ် (The Voice) အစီအစဉ်ကလည်း အမေရိကန်အိုင်ဒယ်လ်ရဲ့ ပရိသတ်ကို ခွဲဝေ ရယူသွားခဲ့ပါတယ်။ အမေရိကန်အိုင်ဒယ်လ် လူကြည့်နည်းသွားရတာကတော့ ဆိုင်မွန်ရဲ့ အိတ်က်စ် ဖက်တာ (X Factor) ၊ အဲန်ဘီစီရဲ့ သယ် ဗွိုက်စ် (The Voice) အစီအစဉ်တွေ ပေါ်ထွက်လာခြင်းနဲ့ အိုင်ဒယ်လ်ရဲ့ တင်ဆက်မှုကို ရိုးအီသွားကြခြင်းများကြောင့် ဖြစ်ပါတယ်။ လူကြည့်နည်းသွားပေမယ့် အိုင်ဒယ်လ်ဟာ လူကြည့်အများဆုံး အစီအစဉ်တခုအဖြစ် ဆက်ပြီး ရပ်တည်နေခဲ့ပါတယ်။

အခုလို ပရိသတ် လျှော့ကျသွားခဲ့ပေမယ့် ဒီနှစ် အမေရိကန်အိုင်ဒယ် အစီအစဉ်မှာ ပရိသတ်နဲ့ ဆယ်ကျော်သက် အဆိုရှင် အများအပြားကို ထိတွေ့စေခဲ့ပါတယ်။ ထို့အပြင် ဂျက်စီကာ စဲန်ချက်ဇ်လို အဆိုပညာရှင်တဦးကိုလည်း ရရှိခဲ့ပါတယ်။ ဒီနှစ် အမေရိကန်အိုင်ဒယ်လ်အဖြစ် ဘယ်သူ ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းသလို နောက်နှစ်တွေမှာ အမေရိကန်အိုင်ဒယ်လ် အစီအစဉ်တွေ ဘယ်လို ပြောင်းလဲလာမလဲဆိုတာကိုလည်း ပရိသတ်က စောင့်ကြည့်နေကြပါတယ်။
သတင်း - အမေရိကန်အိုင်ဒယ်လ် ဂျက်စီကာ စဲန်ချက်ဇ် ဖိလစ် ဖိလစ် - May 23 2012 01:40 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005