မန္တလေးမြို့က လျှပ်စစ်မီး ရရှိရေး လူထုတောင်းဆိုပွဲ သတင်း

မန္တလေးမြို့နေ ရဟန်းရှင်ပြည်သူများဟာ လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်မီးကိုင်ကာ စီတန်းလမ်းလျှောက်ခြင်း၊ မက်တပ်ရပ်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ ဖယောင်းတိုင်မီးများ လမ်းမပေါ်မှာ စိုက်ထောင်ထွန်းညှိပြီး ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ထို လှုပ်ရှားမှုကို ၂၀၁၂ မေ ၂၁ ရက်နေ့ ည ၇ နာရီမှ စတင်လှုပ်ရှားကြတာ ဖြစ်ပြီး အဖွဲ့ပေါင်းများစွာ ကိုယ့်အဖွဲ့နှင့်ကိုယ် သီးခြားစီ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ကျုံးတောင်ဘက် ဆန္ဒပြသူများဟာ အင်မတန် စည်းကမ်းသေဝပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူများ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ဆိုင်ဘုတ်ကိုင်ရပ်ခြင်း၊ ဖယောင်းတိုင်မီး ကိုင်ရပ်ခြင်းများအပြင် စာပွဲခုံတလုံးကို လမ်းဘေးမှာ ချထားပြီး လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲလာ ပရိသတ်များကို လက်မှတ်ထိုးရန် ဖိတ်ခေါ်ခဲ့ကြပါတယ်။ ပရိသတ်အားလုံးနီးပါး အလုအယက် တိုးဝှေ့ လက်မှတ်ထိုးခဲ့ကြပါတယ်။ ၎င်းအဖွဲ့မှာ အင်းအားသုံးထောင်ကျော်ရှိပြီး တနာရီကြာ ဆန္ဒပြပြီး တိတ်ဆိတ်စွာ ပြန်လည် ရုပ်သိမ်းသွားခဲ့ကြပါတယ်။

ည ၈ နာရီမှာတော့ မန္တလေးတိုင်း လျှပ်စစ်ရုံးရှေ့ ဆန္ဒထုတ်ဖော်ကြတဲ့ အဖွဲ့ဟာ ကြွေးကြော်သံများ၊ ဟစ်အော် ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ ဆိုင်းဘုတ်ကိုင်သူ၊ ဖယောင်းတိုင်ကိုင်သူ အော်ဟစ်ဆန္ဒပြသူများဟာ အင်အားသုံးထောင်ကျော် ရှိလာကာ မကျေနပ်ချက်များ ပေါက်ကွဲကာ မီးရရှိရေးတွင် မဟုတ်တော့ဘဲ တာဝန်ရှိသူများရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။ ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) ရောက်လာတဲ့အခါ မကျေနပ်ချက်များကို ရင်ဖွင့်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ တိုင်းလျှပ်စစ်တာဝန်ခံ ပုဂ္ဂိုလ်များကို ပြစ်တင်ဝေဖန် ကြခဲ့ပြန်ပါတယ်။ အရှင်ဝီသူ၏ မေတ္တာရပ်ခံချက်ကြောင့် ည ၉ နာရီခွဲမှာ လူအုပ်ကွဲသွားကြတာ ဖြစ်ပါတယ်။

ဆီဒိုးနားဟိုတယ် ရှေ့ ဆန္ဒပြတဲ့အဖွဲ့ဟာ အပျော်သဘော သက်ရောက်နေတာကို တွေ့ရပါတယ်။ ည ၁၀ နာရီအထိ ဆန္ဒပြတာကို မရုပ်သိမ်းသေးဘဲ သီချင်းဆိုခြင်း၊ ကြွေးကြော်သံများ အော်ဟစ် ကြွေးကြော်ခြင်း၊ ကခုန်ပျော်ပါးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူများနံဘေးတွင် လုံခြုံရေး ရဲကားနှစ်စီး တွေ့ရပြီး ရဲများဟာ နံပါတ်တုတ် ကိုင်ဆောင်ခြင်း၊ ခါးတွင် ချိတ်ထားခြင်းများ မရှိကြဘဲ လုံခြုံရေးသက်သက် စောင့်ကြပ်နေတာကို တွေ့ရပါတယ်။ အရှင်ဝီရသူ ရောက်လာတဲ့အခါ လုံခြုံရေးရဲများ ထွက်လာပြီး လူစုခွဲပေးဖို့ မေတ္တာရပ်ခံ လျှောက်ထားကြပါတယ်။ အရှင်ဝီရသူက လက်ကိုင် အသံချဲ့စက်ဖြင့် စကားအနည်ငယ် ပြောပြီး မေတ္တာရပ်ခံလိုက်လို့ လူစုကွဲသွားကြပါတယ်။

၇၈ လမ်းနဲ့ ၂၆ လမ်းဒေါင့်ရှိ ဆန္ဒထုတ်ဖော်တဲ့ လူအုပ်ဟာ အများဆုံးဖြစ်ပြီး ည ၁၀ နာရီခွဲအထိ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ မူးရူးကခုန်ခြင်းများ မရှိဘဲ စည်းကမ်းရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာဖြစ်ပြီး လူအုပ်များကို ယာဉ်ကြောပိတ်လောက်အောင် တွေ့ရပါတယ်။ ည ၉ နာရီမှ ၁၀ နာရီအတွင်း အင်အာ တသောင်းကျော်ရှိပြီး ည ၁၀ နာရီခွဲခန့်အထိ အင်အား ငါးထောင်ကျော် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ အရှင်ဝီရသူက လက်ကိုင်အသံချဲ့စက်ဖြင့် ခေတ္တစကားပြောပြီး ညဥ့်နက်နေပြီ ဖြစ်လို့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိမ်ပြန်ကြဖို့ မေတ္တာရပ်ခံပြီးနောက် လူစုကွဲသွားကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူအားလုံးရဲ့ ရင်ဖွင့်ချက်များကို ခြုံငုံ သုံးသပ်ကြည့်ရင် နေပြည်တော်မှာ မီးတွေ လင်းထိန်နေပြီး ပြည်သူလူထု အမှောင်ကျနေတာကို မကျေနပ်တာနဲ့ ပြည်ပကို သဘာဝဓါတ်ငွေ့နဲ့ လျှပ်စစ်ဓါတ်အားရောင်းစားပြီး ပြည်တွင်းတွင် လျှပ်စစ်မီး အငတ်ထားတာကို မကျေနပ်တာကြောင့် ဆန္ဒပြခဲ့ကြတာလို့ ကောက်ချက်ချနိုင်ပါတယ်။ ဆန္ဒပြသူများတွင် လူတန်းစားအလွှာမျိုးစုံ၊ အသက်အရွယ်မျိုးစုံ၊ ဘာသာမျိုးစုံ၊ လူမျိုးမျိုးစုံ ပါဝင်တာကိုတွေ့ရပါတယ်။ အောက်ပိုင်းသေ ဒုက္ခိတများတောင် လက်တွန်းလှည်းများနှင့် လိုက်ပါ ဆန္ဒပြခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။

သူတို့ဟာ ဆီဒိုးနားဟိုတယ်ရှေ့မှာ ဆန္ဒပြခဲ့ကြတာကများပြီး၊ ထိုသို့ ပြရခြင်းမှာ ဆီဒိုးနားဟိုတယ်က လျှပ်စစ်ဓါတ်အားပေးရေးဌာနထံက လျှပ်စစ်မီး အပိုင်ဝယ်ထားလို့ လုံးဝ မီးမပျက်တဲ့ နေရာဖြစ်နေတာကြောင့်လို့ သိခဲ့ရပါတယ်။ ဆန္ဒပြသူများအနေနဲ့

ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ပေါက်ဖော်ကြီးတို့ အိမ်
ဒီဘက်ကမ်းက မီးမှိန်မှိန်၊ ပြည်သူနေတဲ့ အိမ်
ဟိုဘက်ကမ်းက မီးထိန်ထိန်၊ နေပြည်တော်က အိမ်
ဒီဘက်ကမ်းက မီးမှိန်မှိန်၊ ပြည်သူနေတဲ့ အိမ်
ဒါ ဒို့တိုင်း ဒို့ပြည် ဒို့ မြန်မာပြည်၊ မီးပျက်တဲ့ ဒို့ တိုင်းပြည်
ရေပြတ်တဲ့ ဒို့တိုင်းပြည် စသည်ဖြင့် သီဆို ဆန္ဒပြခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူများအား ဆရာတော် အရှင်ဝီရသူက “မီး လိုချင်ရင် မီး ရနိုင်မယ့်နည်းလမ်းနဲ့ တောင်းဆိုရမယ်။ ရေလိုချင် ရေ ရနိုင်တဲ့နည်းလမ်းနဲ့ တောင်းဆိုရမယ်။ စည်းကမ်းပျက်မယ်၊ အကြမ်းဖက်မယ်ဆိုရင် မီးမရပဲ ကျည်ဆံတွေ ရကုန်လိမ့်မယ်။ လက်ထိပ်တွေ ရကုန်လိမ့်မယ်။ ဒါကြောင့် အချိန်အတိုင်းအတာ ကန့်သတ်ပြီး စည်းကမ်းရှိရှိ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြကြပါ။ ဒီလောက်ဆိုရင် မန္တလေးတွင် မဟုတ်တော့ဘဲ တကမ္ဘာလုံးကတောင် သိရှိနေကြပါပြီ။ နောက်နေ့တွေ ဆက်လက်ပြဦးမှာမို့ ညဥ့်လည်း နက်နေလို့ အိမ်ကိုပဲ အေးအေးဆေးဆေး ပြန်ကြပါ။ ပြည်သူလူထုကြီး နေပြည်တော်နဲ့အတူ လျှပ်စစ်မီး အမြန် ရရှိပါစေ။ ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ၊“ လို့ မိန့်ကြားခဲ့ကြောင်း သိရှိရပါတယ်။

မန္တလေးမြို့တွင် ၂၀၁၂၊ မေလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့များက ပြုလုပ်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ကိုင် ဆန္ဒပြတဲ့ အလင်းရောင်လှုပ်ရှားမှုက ခေါင်းဆောင်များလို့ ယူဆခံရသူများကို ရဲသတင်းတပ်ဖွဲ့ (SB) က ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးမေးမြန်ခဲ့ကြောင်း သိရပါတယ်။ ခေါ်ယူ ထိမ်းသိမ်းမှုများကို မနက် ၅ နာရီမှ စတင်ခဲ့ပြီး မနက် ၈ နာရီခွဲ ဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။ မွန်းလွဲ ၂ နာရီနောက်ပိုင်းမှာ ဖမ်းဆီးထားသူများ အကုန် ပြန်လည် လွတ်မြောက်လာခဲ့ကြပါတယ်။ ၂၀၁၂၊ မေ ၂၂ ရက်နေ့ ညမှာ အလင်းရောင်လှုပ်ရှားမှု ပြုလုပ်ဖို့ အစီအစဉ် ရှိနေသေးသော်လည်း လုံခြုံရေးများ တင်းကြပ်စွာ ချထားတဲ့အတွက် ပြည်သူလူထုဟာ မြို့ထဲတွင် ဆိုင်ကယ်နဲ့ လှည့်လည်ပြီး အော်ဟစ် ဆန္ဒပြနေကြပါတယ်။ ည ၁၀ နာရီအထိ လူစုမကွဲသေးပါ။

သတင်း - မန္တလေးမြို့က လျှပ်စစ်မီး ရရှိရေး လူထုတောင်းဆိုပွဲ - May 22 2012 03:57 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005