မန္တလေး လျှပ်စစ်မီးကိစ္စ ဆန္ဒ ထုတ်ဖော်ခြင်းနဲ့ ဆက်စပ်ပြီး လူ အတော်များများကို ခေါ်ယူ စစ်ဆေးနေမှု

မန္တလေးမြို့ လျှပ်စစ်မီး မရရှိမှုနဲ့ ပတ်သက်ပြီး မေ ၂၀ ရက်နဲ့ ၂၁ ရက်နေ့များတွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မေ ၂၂ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ လူ ၅၀ ထက်မနည်း ခေါ်ယူ စစ်ဆေးနေကြောင်း မြန်မာပြည်ဆိုင်ရာသတင်းများတွင် ဖော်ပြထားကြပါတယ်။ ယနေ့မြန်မာက ဆက်သွယ် မေးမြန်းသူတဦးကတော့ လူ ၃၀ ကျော်လောက်ကို ခေါ်ယူ စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ထိုသို့ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေသူများတွင် ဒေါ်အမာနီ၊ ဒေါ်ခင်သန်းမြင့်၊ ကိုဝင်းဇော်ဦးနဲ့ ကိုငြိမ်းချမ်းတို့ ပါဝင်ကြောင်း၊ ထို ပုဂ္ဂိုလ်များဟာ ယနေ့မြန်မာက ဆက်သွယ်မေးမြန်းတဲ့ မေ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခန့်အထိ ပြန်မလွတ်သေးကြောင်း သိရပါတယ်။

ထိုသို့ ခေါ်ယူ စစ်ဆေးခံနေသူ ဒေါ်အမာနီရဲ့ ခင်ပွန်း ဦးစိန်လှိုင်အား ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးကြည့်ရာ “မနက်က ၈ နာရီခွဲလောက်မှာ မန္တလေးတိုင်း သတင်းတပ်ဖွဲ့ (SB) က လာခေါ်ပါတယ်။ သူတို့ကတော့ လျှပ်စစ်မီးကိစ္စနဲ့ ပတ်သက်လို့ မေးချင်မြန်းချင်လို့ပါ တဲ့။ အဲဒီလို ပြော ခေါ်သွားတာပါ။ အခု နောက်ဆုံးအခြေအနေကတော့ လွှတ်ပေးတဲ့သူတွေကိုလည်း လွှတ်ပေးတယ် ပြောတယ်။ ကျန်သေးတဲ့သူလည်း ကျန်သေးတယ် ပြောတယ်။ ဖြေးဖြေးချင်း လွှတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဗျာ။ ခေါ်သွားတုန်းက အေးအေးဆေးဆေးပါပဲ။ ကျွန်တော်တို့ မေးချင်မြန်းချင်လို့ပါ တဲ့။ အဲဒါနဲ့ ဒေါ်အမာနီက အ၀တ်အစားတို့၊ ဆေးတို့ ဘာတို့ ယူခဲ့ရမလားဆိုတော့ မလိုပါဘူး တဲ့။ အဲဒီလို ပြောတာပါပဲ ခဏဆိုပြီး ပြောတာပါပဲ“ လို့ ပြောပြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးစိန်လှိုင်အား မေးမြန်းကြည့်ရာ “ခက်တာက စ လုပ်တာက လူငယ်တွေ ဗျ။ ကျွန်တော်တို့လည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းလေး၊ ထိမ်းထိမ်းလေးဖြစ်ဖို့အတွက်က ကျွန်တော်တို့က လူကြီးတွေအနေနဲ့ ၀င်ကြတာ လေ။ အဲဒီလို ဗျ။

ပထမဦးဆုံးညက ငြိမ်းငြိမ်းချမ်းချမ်းပါ ပဲ။ အေးအေးဆေးဆေး ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ပြီးသွားပါတယ်။ ဒုတိယညမှာ ကျတော့ - ကျွန်တော်တို့ မန္တလေးမှာ နှစ်နေရာ လုပ်တာကိုး။ ဆီဒိုးနားရှေ့မှာ တနေရာ၊ ၇၈ လမ်း၊ ဘူတာကြီးနားက မန္တလေးတိုင်း လျှပ်စစ်ရုံးမှာ တနေရာ။ ဘူတာကြီးနားမှာကျတော့ လူကြီးတွေက ထိမ်းထိမ်းသိမ်းသိမ်းနဲ့ လုပ်ပေးတော့ မနေ့ညက အေးအေးချမ်းချမ်းနဲ့ ည ၉ နာရီလောက်မှာ ပြီးသွားတယ် ဗျ။ အရှင် ၀ီရသူတို့လည်း လာပြီးတော့ ထိမ်းပေးပါတယ်။

ဆီဒိုးနား ရှေ့မှာကျတော့ ကျွန်တော် ကြားတဲ့သတင်းပေါ့ လေ၊ ကျွန်တော်တို့ကတော့ အဲဒီဘက် မရောက်ဘူး။ အဲဒီဘက်က သတင်းက ည ၁၂ နာရီလောက်အထိ လူစု မကွဲဘူး ပြောတယ်။ အဲဒါကို ဆရာတော် ဦးဝီရသူကလည်း သွားပြီးတော့ ထိမ်းပေးတယ်။ နောက်ပိုင်းကျတော့ အေးအေးချမ်းချမ်း မဟုတ်တော့ဘဲနဲ့ (ကြည့်ရတဲ့ပုံကလည်း လူပေါင်းစုံ ၀င်လာမှာပေါ့ ဗျာ။) ညပိုင်းကျတော့ လှုပ်လှုပ်ရှားရှားလေး ဖြစ်တော့ ရဲတွေဘာတွေက လူစုခွဲဖို့ ဆရာတော် ဦးဝီရသူကို ပင့်ပြီး လူစုခွဲခိုင်းတယ်လို့ ကြားတယ်။

ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ပွဲ ပါ။ မီးမရတာကလည်း ဒီမှာ တော်တော်ဆိုးတယ် လေ။ တရက်တရက်က ပေါင်းလိုက်ရင် မီးက သုံးနာရီတောင် ပြည့်အောင် မရဘူး။ နာရီဝက်လာလိုက်၊ ပျက်သွားလိုက်၊ အကြာကြီးဆိုတော့ မီးမရတော့ ရေ မရဘူးပေါ့ ဗျာ။ ရေမရတော့ ရာသီဥတုကလည်း ပူတယ် လေ။ လူတွေလည်း ရေလည်း မချိုးရနဲ့ အမျိုးမျိုးပေါ့ ဗျာ။ ဒီကိစ္စကို ပြောချင်ဆိုချင်တဲ့သူတွေက များလာတာပေါ့။

ကျွန်တော်တို့ ၈၈ က လူကြီးတွေအနေနဲ့ကတော့ အတတ်နိုင်ဆုံး ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ပါကြရတာပေါ့ ဗျာ။ ဒါတောင်မှ အခုနက ပြောသလို အကြောင်းအမျိုးမျိုး၊ စရိုက်အမျိုးမျိုးနဲ့ဆိုတော့ ဆူဆူပူပူလေးတွေလည်း ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆူပူမှာ ကြောက်လို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးသိန်းစိန်တို့ လမ်းကြောင်း ထိခိုက်မှာစိုးလို့ ကျွန်တော်တို့လည်း ၀ိုင်း ထိမ်းကြတာပါ“ လို့ ဆန္ဒထုတ်ဖော်ပွဲအကြောင်း ရှင်းပြပါတယ်။

လက်ရှိ လျှပ်စစ်မီး ရရှိမှုနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတဦးကို မေးကြည့်တော့ “မီးပျက်တာက ကြာပြီ။ အရင်တုန်းကဆိုရင် တရက်တရက်ကို ခြောက်နာရီ ဆက်တိုက်လာတယ်။ အခုနောက်ပိုင်းကျတော့ နာရီဝက်လောက်၊ တနာရီလောက် လာလိုက်၊ ပြီးရင် တနာရီလောက်၊ နှစ်နာရီလောက် ပြန် ပျက်လိုက်။ နောက်ပြီးရင် တနာရီလောက် လာလိုက်၊ ပြန် ပျက်လိုက်နဲ့။ တရက် ၂၄ နာရီမှာ ပြတ်တောင်းပြတ်တောင်းလာတာက ကျွန်တော်တို့ သုံးနာရီလောက်ပဲ ရှိတယ်။ အဲဒီလိုဆိုတော့ ရေတို့ဘာတို့ အကုန် ဒုက္ခရောက်တာပေါ့။ ပိုဆိုးတာက မီးက တချို့နေရာတွေကျတော့ ၂၄ နာရီ လာတယ်။ မညီမျှတာတွေလည်း ရှိတယ်။ အရင်ကလို ခြောက်နာရီ လာတယ်ဆိုရင် ဘာမှ ပြဿနာ မရှိဘူး။ တချို့ လျှပ်စစ်ဌာနက လူတွေက ဘာ ပြန် ဖြေသလဲဆိုတော့ ပေးချင်တဲ့အချိန် ပေးမယ်၊ ဖြတ်ချင်တဲ့အချိန် ဖြတ်မယ်ဆိုပြီး ဖြေတာတွေလည်း ရှိတယ်။ ဘော်လုံးပွဲ ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ဆိုရင် ရပ်ကွက်က မီးပျက်တယ်၊ သူ့ဆိုင်က မပျက်တာ တွေ ရှိတယ်။ အဲဒီလိုမျိုးတွေဆိုတော့ လူတွေက မကြေနပ်ချက်က များနေကြတာကိုး“ လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး “အရင်က မန္တလေးမှာ ကျုံးရေကန်တွေဆိုတာ ရှိတယ်။ ကျုံးရေကန်တွေက စည်ပင်သာယာကလည်း တချို့တွေကို ပိတ်တယ်။ အရင်က ၀င်းထိပ်မှာ ကျုံးရေကန် ရှိတယ် ဗျာ။ ရပ်ကွက်တွေကို ပေးတာ ရှိတယ်။ အဲဒါတွေကို စည်ပင်သာယာက ပိတ်ပစ်တာတွေ ရှိတယ်။ မြို့ထဲမှာ တရုပ်တွေ များလာတယ် ဗျာ။ အဲဒီတရုပ်တွေက ရ၀တတွေနဲ့ ပေါင်းပြီး သူတို့အိမ်ရှေ့က ရေကန်တွေကို ဖျက်ပစ်လိုက်တာတွေ ရှိတယ်။ အကြောင်းတွေက အများကြီး ဗျ။ ပေးတဲ့ရေကလည်း လုံးဝ မလာဘူး ဗျာ။ မန္တလေးမြို့က လူတွေက ပူတော့ ပုသိမ်ကြီးဘက်က ဆည်မြောင်း မြောင်းတွေမှာ ရေသွားချိုးကြတယ်။ ရွှေစာရံအထိ မိသားစုလိုက် အနားယူ အပန်းဖြေတဲ့သဘော သွားတာပဲ။ နေက အရမ်းပူတော့ နေ့လည်ဆို မနေနိုင်ကြဘူး။

အိမ်ထဲမှာ ချွေးတလုံးလုံးနဲ့ နေကြရတယ်။ မန္တလေးမှာ သစ်ပင်တွေကလည်း မရှိတော့ဘူး။ အိမ်ထဲမှာ ပူလို့ အပင်အောက် ထွက်ထိုင်စရာလည်း မရှိကြတော့ဘူး။ အခုက အပူလှိုင်းကလည်း ရှိတယ်။ မီးကလည်း မလာဘူး။ လူတွေက နေ့လည်း အိပ်လို့မရ၊ ညလည်း အိပ်လို့ မရဘူး။ ကျုံးရေက ရတဲ့ ရပ်ကွက်က ရတယ်။ မရတဲ့နေရာက မရဘူး။ ရေပေးရေးဆိုပြီး မီးစက်နဲ့ မောင်းတာရှိတယ်။ မီးမလာရင် အင်ဂျင်နဲ့ မောင်းတယ်။ အဲဒီ ရေပေးရေးကလည်း ကျွန်တော့်အိမ်ဆို လုံးဝ မလာဘူး။ တမြို့လုံး အဲဒီအတိုင်း နီးပါပါပဲ။ ရေက ပေးတဲ့အချိန် ပေး။ မပေးတဲ့အချိန် မပေး။ လာတော့လည်း လာတာက နည်း“ လို့ ပြောပါတယ်။

ဇနီးသည်ဖြစ်သူ ဒေါ်အမာနီအား အာဏာပိုင်တွေ ခေါ်ယူ မေးမြန်းမှု၊ လျှပ်စစ်မီး ပြတ်တောက်နေမှုနဲ့ ပတ်သက်ပြီး ဦးစိန်လှိုင်က “ကျွန်တော့်အမျိုးသမီးခေါ်သွားတာကတော့ သူလည်း သူ တတ်နိုင်တဲ့ဘက်က လှုပ်ရှားတာပေါ့ လေ။ ပြည်သူ့အတွက်ပါပဲ။ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်အောင် ကြိုးစားကြတာ လေ။

မီးမလာတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဗျာ။ ကျွန်တော်တို့နိုင်ငံက လျှပ်စစ်မီးတွေ ပိုလို့ဆိုပြီး နိုင်ငံခြားတွေကို ထုတ်ရောင်းနေတာ လေ။ ဒါပေမယ့် တိုင်းပြည်တွင်းမှာကျတော့ အမှောင်ကျနေတယ် လေ။ ဒါမျိုးတွေကတော့ အမှန်က မဖြစ်သင့်ဘူး လေ။ တနှစ်ထဲ ဖြစ်နေတာ မဟုတ်ဘူး ဗျ။ နှစ်တိုင်း ဖြစ်နေတာ။ လျှပ်စစ်က တာဝန်ရှိသူနဲ့ မီဒီယာတွေနဲ့ တွေ့တော့ မိုးရွာပါစေလို့ ဆုတောင်း ပေါ့။ ရေမရှိဘူး ပေါ့ဗျာ။ သဘာဝဓါတ်ငွေ့တွေနဲ့ ပြည်သူတွေကို ပေးဖို့ စဉ်းစားသင့်တယ် လေ။ ယိုးဒယားဆို ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်တဲ့ သဘာဝဓါတ်ငွေ့နဲ့ လျှပ်စစ်မီး လင်းနေတာပဲ။ ပြောင်းလဲတယ်ဆို ပြည်သူတွေအတွက် အခြေခံ လိုအပ်ချက်တွေ ထည့် စဉ်းစားရင် ကောင်းတာပေါ့“ လို့ ရှင်းပြပါတယ်။
သတင်း - မန္တလေး လျှပ်စစ်မီးကိစ္စ ဆန္ဒ ထုတ်ဖော်ခြင်း လူ အတော်များများကို ခေါ်ယူ စစ်ဆေးနေမှု - May 22 2012 05:18 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005