၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ထားသူ တဦး (သို့) လဖိုင်နော်မိန်း

လဖိုင်နော်မိန်းဟာ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ နမ္မတူမြို့နယ်တွင်းရှိ မန်ဒုံကျေးရွာတွင် ၁၉၆၈၊ မေ ၁၁ ရက်နေ့၌ မွေးဖွားသူ ဖြစ်ပါတယ်။ သူဟာ ရန်ကုန် အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်က ဘွဲ့ရရှိခဲ့သူတဦးဖြစ်သလို မန္တလေး အဝေးသင်တက္ကသိုလ်ကလည်း သမိုင်းဘာသာအဓိကနဲ့ ၀ိဇ္ဖာဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။ ဇာတိ မန်ဒုံ ကချင် နှစ်ခြင်း ခရစ်ယာန်အသင်းတော်နဲ့ ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တို့တွင် ဓမ္မ အမှုတော် ထမ်းဆောင်ခဲ့သလို Sinpraw Bum Media (ဆင်ပရော့ဘွမ် မီဒီယာ) နဲ့ Kachinland News အွန်လိုင်းမီဒီယာတို့ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပါတယ်။

ထိုသို့ ဘာသာရေး၊ လူမှုရေးနဲ့ မီဒီယာလုပ်ငန်းများကို လုပ်ကိုင်ရင်း ၂၀၁၂ ဇန်န၀ါရီ ၄ ရက်နေ့က စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း နိုင်ငံတကာ သတင်းထောက်များနဲ့အတူ သတင်းယူနေစဉ် မြန်မာစစ်တပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံက အာရုံကြောကို ထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင် ဖြစ်နေပါတယ်။ ဆေးကုသမှု ခံယူနေတဲ့ လဖိုင်နော်မိန်းကို ဇနီးဖြစ်သူ ဒေါ်အင်ခွန်ဆိုင်းအောင်နဲ့ သမီး လဖိုင်နန်ဆိုင်းပန်တို့က အနီးကပ် ပြုစု စောင့်ရှောက်နေပါတယ်။

လူမှုအသိုင်းအ၀ိုင်းအတွက် ကိုယ်ကျိုးမဖက် အသက်အန္တရာယ်ကို ပဓာနမထားဘဲ ဆောင်ရွက်သူ လဖိုင်နော်မိန်းဟာ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ပဏာမ ဆန်ကာတင် ငါးဦးစာရင်းတွင် ပါဝင်သူတဦး ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ထားတဲ့ ဆန်ခါတင် စာရင်းဝင် ၅ ဦးအနက် မိမိဆန္ဒရှိရာ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို http://citizenofburma.org/ ကတဆင့် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းစံတော်ချိန် မေလ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီ မှ မေလ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ဆန္ဒမဲ ပေးနိုင်ပါတယ်။ ဆု ချီးမြှင့်ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ မေလ ၂၇ ရက်နေ့တွင် ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၁၂ ပြည်သူ့ဂုဏ်ရည် ပဏာမ ဆန်ကာတင် ရွေးချယ်ခံပုဂ္ဂိုလ်များအား ဆက်သွယ် မေးမြန်းပြီး ယနေ့မြန်မာတွင် ဖော်ပြဖို့ စီစဉ်ထားရာ ပထမဆုံးအနေနဲ့ လဖိုင်နော်မိန်းနဲ့ ဆက်သွယ် မေးမြန်းမှုများကို ဖော်ပြလိုက်ပါတယ်။

ယနေ့မြန်မာ။ ။ ကိုနော်မိန်းအနေနဲ့ မီဒီယာလုပ်ငန်း မလုပ်ကိုင်မီက ဓမ္မအသင်းတော်မှာ အမှုတော် ထမ်းခဲ့တယ်လို့ သိရပါတယ်။ အသင်းတော်မှာ အမှုတော် ထမ်းတာ၊ မီဒီယာနဲ့ ဆက်နွယ် လုပ်ကိုင်တာတွေဟာ အများပြည်သူနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဖြစ်တာမို့လို့ ဘာ့ကြောင့် ပရဟိတလုပ်ငန်းတွေကို စိတ်ဝင်စားမိသလဲ၊ အဲဒီလို ဆောင်ရွက်တဲ့အခါ မြင်တွေ့ရတဲ့ ဒေသခံပြည်သူတွေရဲ့ ဘ၀အခြေအနေကို ရှင်းပြပေးစေလိုပါတယ်။

လဖိုင်နော်မိန်း။ ။ ကျွန်တော် ဓမ္မအမှုတော် ဆောင်ရွက်ချိန်တုန်းက ရောက်ခဲ့တဲ့၊ လုပ်ခဲ့တဲ့၊ အမှုဆောင်ခဲ့တဲ့ အသင်းတော်အားလုံးဟာ ဒုက္ခဆင်းရဲခံရတဲ့ အသင်းတော်တွေ များပါတယ်။ ဒီလို ဒုက္ခဆင်းရဲခံရတဲ့ အသင်းတော်တွေများတဲ့အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင် တောင်ပေါ်တွေမှာ သွားပြီးတော့ ကလေးလူငယ်တွေ စာပေသင်ကြားတဲ့အခါမှာ အခက်အခဲတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အဲဒီလို အခက်အခဲကြားမှာ အမှုတော်ဆောင်တယောက်အနေနဲ့ ကျွန်တော် ရှေ့ဆုံးကနေပြီးတော့ မားမားမတ်မတ် ရပ်ပြီးတော့မှ ပြောပေးတာတို့ လုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ တကယ်ပဲ လူမှုအသိုင်းအ၀ိုင်းမှာ အလုပ်လုပ်ချင်တဲ့ လူငယ်တွေ၊ အကျိုးပြုချင်တဲ့ လူငယ်တွေကို စုစည်းပြီး တောထဲက ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာတွေဆီ ဆရာတွေအဖြစ် ပို့ပေးတာတို့ လုပ်ခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ ပညာရေးအားဖြင့်သာ ကျွန်တော်တို့ဟာ မျက်စိဖွင့် နားဖွင့်လာပြီးတော့မှ တိုးတက်တဲ့ အခြေအနေကို ရောက်လာနိုင်တယ်လို့ ကျွန်တော် မြင်မိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီလိုပဲ ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာတွေမှာ ကျွန်တော် တက်နိုင်တဲ့ လူငယ်တွေကို စည်းရုံးပြီးတော့မှ၊ ပို့ဆောင်ပြီးတော့ လုပ်ဆောင်စေတဲ့ အနေအထားတွေ ရှိပါတယ်။

အဲဒီလို ကျောင်းတွေ လိုက်ဖွင့်ပေးပြီးတော့ ၂၀၀၀ ခုနှစ်က မန်တုံမြို့မှာ ကိုးတောင်ဆိုတဲ့ ဘော်ဒါကျောင်းတခုကို တောင်ပေါ်က မရှိဆင်းရဲတဲ့ ကလေးတွေ ကျောင်းနေနိုင်အောင် တည်ထောင်ခဲ့ပါတယ်။ အခုအထိ ဖွင့်ထားတုန်းပါ ပဲ။ န၀မတန်းနဲ့ ဒဿမတန်းအတွက် ဖွင့်ထားတာ ပါ။ ပထမဆုံးဖွင့်တဲ့ နှစ်မှာ ၁၄ ဦး အောင်ခဲ့ပါတယ်။

ယနေ့မြန်မာ။ ။ အမှုတော် ထမ်းရင်းကနေပြီး ၂၀၀၂ ခုနှစ်က စပြီး မီဒီယာလုပ်ငန်း လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘာ့ကြောင့် မီဒီယာလုပ်ငန်းကို လုပ်ကိုင်ဖို့ စိတ်ဝင်စားခဲ့ပြီး စတင် လုပ်ကိုင်ဖြစ်တယ်ဆိုတဲ့အကြောင်းလေး ရှင်းပြပေးပါလား ခင်ဗျ။

လဖိုင်နော်မိန်း။ ။ ကျွန်တော် လုပ်ဆောင်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဘုရားကျောင်း ဆောက်လုပ်ခွင့်တွေ မရဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ အစိုးရရုံးတွေကို သွားတယ်။ ဒါပေမယ့် အထက်ကို မတက်နိုင်ဘဲနဲ့ ခရိုင်အဆင့်မှာပဲ ရောက် ရောက်နေတယ်။ နောက် ကျွန်တော်တို့ ခံစားနေရတာတွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပမေယ့် ဒီဟာတွေကို ကျွန်တော်တို့ ပြောဆိုဖို့၊ သူများတွေ သိစေဖို့ ကျွန်တော်တို့ အခြားနည်းလမ်းနဲ့ လုပ်ဆောင်လို့ မရဘူး။ အဲ့ဒါကြောင့် ကျွန်တော်က တက္ကသိုလ်မှာ တက်နေတဲ့ လူငယ်တွေကို စည်းရုံးပြီးတော့မှ ဒီ မီဒီယာအားဖြင့်သာ ကမ္ဘာနဲ့ ဆက်သွယ်ဖို့၊ အဖွဲ့အစည်း တခုနဲ့ တခု ဆက်သွယ်ဖို့၊ ကျွန်တော်တို့ ဘာတွေ လိုအပ်ချက် ရှိနေသလဲ၊ ဘာ ခံစားနေရသလဲ၊ ဘာလုပ်သင့်သလဲဆိုတာတွေကို လူငယ်တွေကို ပိုပြီးတော့ သိစေချင်တဲ့အတွက် ကျွန်တော် မီဒီယာဘက်ကို ကူးသွားတယ်ပေါ့ လေ။

အဲ့ဒါကြောင့်မို့လို့ ကျွန်တော် Sinpraw Bum (ဆင်ပရော့ဘွမ်) ဆိုတဲ့ Media Group လေးကို သူငယ်ချင်းတစုနဲ့ပေါ့လေ၊ ထောင်လိုက်တယ်။ အဲဒီမှာ ကွန်ပြူတာ အခြေခံပညာရပ်တွေကို အခမဲ့ သင်ကြားပေးတာတို့ ကျွန်တော် လုပ်ခဲ့ပါတယ်။ နောက်တခုက ဓာတ်ပုံ၊ ဗွီဒီယို ပညာရပ်တွေကိုလည်း အတတ်နိုင်ဆုံး သူတို့ကို သင်ပြပေးခဲ့ပေးပြီးတော့မှ ကျွန်တော်တို့ရဲ့ ခံစားချက်၊ ခံစားမှုတွေကို မှတ်တမ်းယူပြီးတော့ ကမ္ဘာကို အသိပေးဖို့၊ တခြား ကျွန်တော်တို့ကို ကူညီနိုင်မယ့် အဖွဲ့အစည်း တခုခုကို တင်ပြဖို့ရန်အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။

ယနေ့မြန်မာ။ ။ ဟုတ်ကဲ့ပါ။ အခုလို မီဒီယာလုပ်ငန်း လုပ်ဆောင်ရင်း ၂၀၁၂ ဇန်န၀ါရီ ၄ ရက်နေ့ တိုက်ပွဲဖြစ်တဲ့နေရာကို ကိုယ်တိုင် သတင်းယူနေချိန် လည်ပင်းကို သေနတ်ကျည်ဆံ ထိခဲ့တယ်လို့ သိရပါတယ်။ မီဒီယာအတွေ့အကြုံနဲ့ ကျည်ဆံထိတဲ့ဖြစ်စဉ်လေးအကြောင်း ရှင်းပြပေးပါလား ခင်ဗျာ။

လဖိုင်နော်မိန်း။ ။ ဟုတ်ကဲ့ပါ။ အစပိုင်းက ဘွမ်ဆွမ်ရှီ (Bumsumshi) ဆိုတဲ့ ၀က်ဘ်ဆိုဒ် (website) လေးတခု ကျွန်တော် ထောင်တယ်။ အဲ့ဒီတုန်းကလည်း ကချင်ကျောင်းသူလေးတွေ မုဒိန်း အကျင့်ခံရတဲ့အမှု ရှိခဲ့တယ်။ ဒါကို ရပ်ရွာသားတွေက ဘာမှ မပြောရဲ၊ မဆိုရဲ ခံစားနေရတာကို ကျွန်တော် တွေ့ပြီးတော့မှ ဖော်ထုတ်ပေးတယ်။ နောက်ဆုံးကတော့ ကျူးလွန်တဲ့လူကို အပြစ်ပေးတာတို့၊ မိသားစုတွေကို လျော်ကြေးပေးတာတို့ အစိုးရက လုပ်ပေးတယ်။ နောက်ပြီးတော့ ဘုရားကျောင်းတွေကို အဓမ္မ ရွှေ့ခိုင်တဲ့နေရာတွေကို သွားပြီးတော့ သေသေချာချာ ပြန် တင်ပြပြီးတော့ Burma Campaign (UK) နဲ့ လုပ်တဲ့အချိန်မှာ ဒီ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တယ်ဆိုတော့ ဒီ ၀က်ဘ်ဆိုဒ် (website) ကို တည်ထောင်တာ အကျိုးရှိတယ်လို့ ကျွန်တော် မြင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ စာနယ်ဇင်းသမားတွေရဲ့ အားနည်းချက်ကြောင့် အဲဒါကို နားခဲ့ရပါတယ်။

အခု ကျွန်တော် ဘာကြောင့် Kachinland News ကို ပြန်လုပ်လာတာလဲဆိုတော့ ကျွန်တော်တို့ဆီမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ကစပြီးတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ အများကြီး ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ ဒီအခက်အခဲတွေကို ကမ္ဘာကိုလည်း သိစေချင်ပါတယ်။ တတိုင်းပြည်လုံးကိုလည်း အဖြစ်မှန်ကို သိစေချင်ပါတယ်။

နောက် ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်နဲ့ ဆက်သွယ်မိတဲ့ အယ်လ်ဂျာဇီးယား တို့၊ ဘီဘီစီ တို့ စသဖြင့်ပေါ့၊ အေဘီစီ (ABC) တို့၊ ဂျပန်က နိုင်ငံခြား သတင်းထောက်တွေအများကြီး ခေါ်ပြီး သူတို့ကိုလည်း ကျွန်တော့်ရဲ့ ခံစားချက်တွေ၊ အဖြစ်အပျက်တွေကို ကမ္ဘာကို သိစေဖို့ လုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်ရင်းနဲ့ နိုင်ငံခြား သတင်းထောက်တွေကို ခေါ်ဆောင်ပြီးတော့ ရှေ့တန်းမှာ ကျွန်တော်ကိုယ်တိုင်ပဲ သူတို့ကို သတင်းဖြစ်စဉ်အမှန်တွေကို ရရှိစေဖို့ လုပ်ဆောင်ရင်း ကျည်ဆံ ထိသွားတယ်ပေါ့ လေ။ အဲဒါကြောင့် ဒဏ်ရာ ရရှိသွားတာပါ။

ယနေ့မြန်မာ။ ။ အခုလို ဒဏ်ရာ ရရှိပြီးနောက် အခုအချိန်မှာ မလှုပ်ရှားနိုင်ဘူးဆိုတာ သိရပါတယ်။ ဒီ အခြေအနေမှာ ကိုနော်မိန်းအနေနဲ့ အနာဂတ်အတွက် ဘယ်လို မျှော်လင့်ချက်တွေ ရှိပါလဲ ခင်ဗျ။

လဖိုင်နော်မိန်း။ ။ ကျွန်တော် မျှော်လင့်ထားတာ အများကြီး ရှိပါတယ်။ ကျွန်တော့်ရဲ့ ခံယူချက်၊ ရည်ရွယ်ချက်တွေ ရှိပါတယ်။ မီဒီယာ အားနည်းနေတဲ့အတွက် ကျွန်တော်တို့ရဲ့ ခံစားချက်၊ ဖြစ်ပျက်မှု၊ အခက်အခဲတွေကို လူတွေ သိရှိ နားလည်ဖို့က တော်တော်လေး အခက်အခဲ ရှိတယ်။ အခြားနေရာထက်စာရင် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ ခံစားနေရတဲ့ အခြေအနေကို လူတွေ သိရှိဖို့ အခွင့်အရေး အလွန် နည်းပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ဒါကို ပြန် ဆက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အခု ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဟာ မလှုပ်ရှားနိုင်ဘဲ ဒီအတိုင်း အခု ဆေးကုခံနေရသော်လည်းပဲ၊ ကျွန်တော် ကောင်းလာတဲ့အချိန်မှာ ဆက်လုပ်ဖို့၊ ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ အစီအစဉ် ရှိပါတယ်။ နောက်ပြီး သင်တန်းပေးထားတဲ့ ကျွန်တော်ရဲ့ ကလေးတွေ၊ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေလည်း အခုတော့ အများကြီး အလုပ်လုပ်နေကြပြီ။ သူတို့နဲ့ အတူ ဆက်ပြီးတော့ လိုအပ်တာတွေ ပြောပြရင်း ကျွန်တော်ကိုယ်တိုင်လည်း တက်နိုင်တဲ့ဘက်က ဆက်လုပ်ဖို့ ရည်ရွယ်ချက် ရှိပါတယ်။

ယနေ့မြန်မာ။ ။ အခုလို ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည် ပဏာမ ငါးဦးရွေးတဲ့အထဲမှာ ကိုနော်မိန်း ပါဝင်တယ်လို့ သိရပါတယ်။ အခုလို ရွေးချယ်ခံရတဲ့အတွက် ကိုနော်မိန်းရဲ့ ခံစားချက်လေး ပြောပြပေးပါလား ခင်ဗျာ။

လဖိုင်နော်မိန်း။ ။ ဟုတ်ကဲ့။ ပထမအနေနဲ့ ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်။

ဘာကြောင့် ကျေးဇူးတင်တယ်လို့ ပြောချင်သလဲဆိုတော့ - ဒီလို ပဏာမ ရွေးချယ်ခံရတယ်ဆိုတာ ကျွန်တော် တတ်လို့၊ တော်လို့ မဟုတ်ပါဘူး။ ဒါ ဘာကြောင့် ဖြစ်လာသလဲဆိုတော့ ကမ္ဘာက၊ မြန်မာနိုင်ငံတခုလုံးက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခက်အခဲတွေ၊ အခြေအနေ၊ ဖြစ်ပျက်မှုတွေကို အားလုံး မြင်သိလာကြပြီ။ ကျွန်တော့်ကို အသိအမှတ်ပြုပြီးတော့ ပဏာမ ရွေးချယ်တယ်ဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ အခြေအနေ၊ အခက်အခဲတွေကို အားလုံးက မြင်တွေ့ကြပြီ ဆိုတဲ့ အချက်တခုအနေနဲ့ ကျွန်တော် မြင်တွေ့ရပါတယ်။

ဒီလို ရွေးချယ်ခြင်းအားဖြင့် ကျေးဇူးတင်တာက ကျွန်တော့်လိုပဲ လုပ်ဆောင်နိုင်တဲ့ လူငယ်တွေ၊ အများအကျိုး ကြည့်ပြီးတော့မှ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်နိုင်တဲ့ လူငယ်လေးတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီလို အစီအစဉ် လုပ်ဆောင်ခြင်းအားဖြင့် ဒီလူငယ်တွေ သူတို့လုပ်ဆောင်ချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့၊ ခွန်အားတွေ၊ သတ္တိတွေ အများကြီး မွေးပေးတယ်လို့ ကျွန်တော် အဲလိုပဲ ခံယူပါတယ်။

နောက်တခုကတော့ ကျွန်တော် နည်းနည်း ပြောချင်တာက ပြည်သူ့ဂုဏ်ရည်အနေနဲ့ ဒီလို အသိအမှတ်ပြုခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ လူမှုအဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ဒီလို လူမှုအဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော့်တို့ တဦးနဲ့တဦး အဆက်အသွယ်တွေ ရှိနိုင်တယ်။ ဒါကြောင့် လူမှုအသိုင်းအ၀ိုင်းထဲမှာ၊ လူမှုလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ပိုလို့ အားရှိလာပြီးတော့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွေ အများကြီး လုပ်လာနိုင်တယ်လို့ မျှော်လင့်ပါတယ် လို့။ ဒါကြောင့်မို့ ပြည်သူ့ဂုဏ်ရည်ကို ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ယနေ့မြန်မာ။ ။ ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ နောက် နိုင်ငံတကာမှာရှိတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ မြန်မာ တိုင်းရင်းသားအားလုံးကို ကိုနော်မိန်း အနေနဲ့ အမှတ်တရစကားတခုခု ပြောပေးပါလား ခင်ဗျ။

လဖိုင်နော်မိန်း။ ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ဘာပဲလုပ်လုပ်ပေါ့လေ၊ အခက်အခဲတွေတော့ အများကြီး ကြုံရပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံ အရ အခက်အခဲတွေ အများကြီး ကြုံရပေမယ့် သတ္တိရှိရှိနဲ့ လုပ်ဆောင်ဖို့ အမှန်တရားကို သိရင် အမှန်တရားကို ရဲရဲ ရင်ဆိုင်ဖို့၊ သတ္တိရှိရှိ လုပ်ကိုင်ဖို့ အရေးကြီးဆုံးပဲလို့ ပြောလိုပါတယ်။ ဒါကြောင့်မို့လို့ အခုလို ပဏာမ ရွေးချယ်တယ်ဆိုတာကလည်း ကျွန်တော့်ကို အားလုံး ၀ိုင်းပြီးတော့မှ အသိအမှတ် ပြုပေးတဲ့အတွက်ကြောင့် အားလုံးကိုလည်း ကျေးဇူးတင်တယ် လို့။ လုပ်ဆောင်တဲ့နေရာမှာ အဓိကကတော့ သတ္တိရှိဖို့နဲ့ အမှန်တရားအတွက် မားမားမတ်မတ် ရပ်တည် လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောလိုပါတယ်။
ဆက်သွယ် မေးမြန်းခြင်း - ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ထားသူ တဦး လဖိုင်နော်မိန်း - May 22 2012 02:48 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005