မန္တလေးမြို့ လျှပ်စစ်မီး ရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော်

မန္တလေးမြိ့နေ ရဟန်းရှင်လူပြည်သူအားလုံး ခံစားနေရတဲ့ မီးရေဒုက္ခအ၀၀ကို ဖြေရှင်းပေးနိုင်စေရန် မန္တလေးတိုင်း အစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတခု ၂၀၁၂ မေ ၂၀ ရက်နေ့က ဆင်နွှဲကြပါတယ်။ ထို ဆန္ဒပြပွဲကြီးတွင် ဆီဒိုးနားဟိုတယ်နဲ့ စွမ်းဟိုတယ်ကြား၊ မန္တလေးကျုံးတောင်ဘက် လမ်းမကြီးဘေး ၀ဲယာများတွင် ပြည်သူများက ဆိုင်းဘုတ်နဲ့ ဖယောင်းတိုင်မီးများ ကိုင်ကာ ကိုယ်စီ မတ်တတ်ရပ်ပြီး ပြည်သူ့အခက်အခဲကို ဖော်ထုတ်တဲ့ ဆိတ်ငြိမ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာပါ။

အခြားတဖွဲ့ကတော့ မြို့ထဲလမ်းမတလျှောက် ဖယောင်းတိုင်မီး ကိုယ်စီကိုင်ကာ အော်ဟစ်ဆန္ဒပြရင်း ကျုံးဘေးသို့ ချီတက်လာကြတာပါ။ ဆိုင်ကယ်များစီးကာ ဖယောင်းတိုင်မီး ကိုယ်စီကိုင်လာတဲ့ ဆိုင်ကယ်သမားများက အများစု ဖြစ်ပါတယ်။ အသံတိတ်ဆန္ဒပြသည့်အဖွဲ့နှင့် အသံထုတ်ဆန္ဒပြသည့် အဖွဲ့တို့ ကျုံးတောင်ဘက်မှာ ပေါင်းမိသွားကြတဲ့အခါ လူအုပ်ကြီးဟာ သောင်းကျော်အင်အား စုစည်းမိသွားလို့ ပိုလို့ တက်ကြွလာကြပါတယ်။

မူလက ည ၇ နာရီမှာ ဆန္ဒပြပွဲ စတင်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့် ရုတ်တရက် မိုးရွာတဲ့အတွက် ည ၇ နာရီခွဲမှ စတင် လူစုကာ ၈ နာရီနီးမှ ဆန္ဒထုတ်ဖော်နိုင်ကြတာ ဖြစ်ပါတယ်။ ဆရာတော်ဝီရသူ ရောက်သွားချိန်မှာတော့ လူထုကြီးဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတုန်းပဲ ဖြစ်ပါတယ်။ ကျောင်းသားကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင် ကျင်းပကြခြင်း ဖြစ်ပါတယ်။ ည ၉ နာရီမှာ ခေါင်းဆောင်တွေကို တိုင်း ၀န်ကြီးအဖွဲ့က လျှပ်စစ်မီး အခက်အခဲကို ရှင်းပြဖို့ မန္တလေး၊ လျှပ်စစ်ဝန်ကြီးဌာနရုံးသို့ ဆင့်ခေါ်ပါတယ်။ ခေါင်းဆောင်ပိုင်းက ၀န်ကြီးအဖွဲ့နဲ့ ဆွေးနွေးနေစဉ်မှာ ဆန္ဒပြအင်အားသစ်များ တိုးပွားလာပြီး အုပ်စုသုံးစု ကွဲသွားပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အသံတိတ်အဖွဲ့က ရုပ်သိမ်းသွားပြီး၊ ကျန် နှစ်ဖွဲ့အနက် တဖွဲ့က လျှပ်စစ်ရုံးသို့ ချီတက်သွားကြပြီး၊ အခြားတဖွဲ့က ၃၅ × ၆၈ လမ်းရှိ တရုတ်ကောင်စစ်ဝန်ရုံးသို့ ဦးတည်သွားကြတာပါ။ ကောင်စစ်ဝန်ရုံးကို သွားတဲ့အဖွဲ့က အင်းအားအများဆုံးဖြစ်ပြီး ဆိုင်ကယ်ဟွန်းများ သံပြိုင်တီးကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဖယောင်းတိုင်ကိုယ်စီကိုင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။

သက်ဆိုင်ရာက လက်နက်ကိုင်တပ်ဖွဲ့ချကာ လုံခြုံရေး အသင့်ပြင်ထားတာကြောင့် ဆရာတော်ဝီရသူက လူထုကြီးကို မေတ္တာရပ်ခံကာ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့၊ ကောက်ရိုးမီးလို မလုပ်ဖို့၊ ဖွဲမီးလိုလုပ်ဖို့၊ အကြမ်းမဖက်ဖို့ မေတ္တာရပ်ခံပြီး လူစုခွဲခဲ့ပါတယ်။ ည ၁၀ နာရီ ၁၅ မိနစ်တွင် လူစုကွဲသွားတာပါ။ ည ၁၁ နာရီ ၁၅ မိနစ်အထိ ၀န်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြတဲ့အဖွဲ့က လူစုမကွဲသေးပါဘူး။

ည ၁၁ နာရီမှာတော့ ၀န်ကြီးများနဲ့ ဆွေးနွေးတဲ့အဖွဲ့ပြန်ရောက်လာပြီး အခြေအနေအားလုံးကို ရှင်းပြပါတယ်။ ၀န်ကြီးအဖွဲ့က ပြောပြရာမှာ “မီးစက်ဆယ်လုံး မနက်ဖြန် ချပေးပြီး အမြန်ဆုံး ဖြေရှင်းပေးပါ့မယ်။ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဗုံးခွဲလို့ မီးစက်တွေ ပျက်သွားတာကြောင့် အခုလို ဖြစ်ရတာပါ။ အထူးသဖြင့် မန္တလေးမြို့လူထု လျှပ်စစ်မီးရဖို့ ကြိုးစားသွားမှာပါ။ ဆန္ဒပြသူများကို တဦးတယောက်မှ အရေးမယူပါဘူးလို့ ကတိပေးပါတယ်။ မနက်ဖြန်မှာလည်း သတင်းစာထဲထည့်ပြီး ပြည်သူလူထုကို ပြန်ကြားပေးသွားမှာပါ။ ဒီထက်ပိုပြီး လုပ်ပေးနို်င်ဖို့အင်အားမရှိပါဘူး၊“ ဆိုတာပါပဲ။

ဆန္ဒပြသူများအနေနဲ့ “နေပြည်တော်က လူတွေလည်း လူတွေပါ ပဲ။ မန္တလေးက လူတွေလည်း လူတွေပါ ပဲ။” “ရေ မလာ၊ မီး မလာ၊ မန္တလေးမြို့ကြီး ပါ။” “မီး မလာ၊ ရေ မလာ၊ ထမင်း မချက်ရသေးပါ။” “လျှပ်စစ်မီးရရှိရေး ဒို့အရေး” “EPC ၀န်ထမ်းများ ကျန်းမာပါစေ၊ ပြည်သူလူထုအပေါ် မေတ္တာထားနိုင်ပါစေ“ စသည်တို့ကို ကြွေးကြော်တာက များပါတယ်။

ဓါတ်ပုံသတင်း - မန္တလေး လျှပ်စစ်မီး ဆန္ဒပြပွဲ အရှင် ၀ီရသူ (မစိုးရိမ်) - May 21 2012 11:10 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005