ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် တို့နဲ့ ဖလော်ရီဒါမြန်မာမိသားစုများ တွေ့ဆုံပွဲ ကျင်းပ ပြီးစီး

ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါ ဌာနခွဲက ပထမဆုံးပြုလုပ်သည့် အခမ်းအနားဖြစ်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နဲ့ မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ်၊ မေလ ၁၉ ရက် ညနေက အော်လန်ဒိုမြို့ရှိ Mela Room တွင် ပြုလုပ်ခဲ့ပါတယ်။

ညနေ ၄ နာရီမှ ည ၉ နာရီအထိ ပြုလုပ်တဲ့ အဆိုပါတွေ့ဆုံပွဲကို အော်လန်ဒို (Orlando) မြို့နေ မြန်မာမိသားစုများသာမက မိုင် ၁၅၀ မှ ၂၅၀ ခန့် ဝေးတဲ့ Gainesville၊ Jacksonville၊ Naples နဲ့ Miami မြို့တို့မှ မြန်မာမိသားစုများပါ စိတ်အားထက်သန်စွာ လာရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် အလှူရှင်များက ကြက်သားသုပ်၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲ၊ ကြက်သားဒန်ပေါက် အစရှိတဲ့ မြန်မာအစားအစာများ ရောင်းချခဲ့ကြပြီး ရရှိတဲ့ အလှူငွေအားလုံးကို နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် လှူဒါန်းခဲ့ကြပါတယ်။ ဈေးရောင်းပွဲ ပြုလုပ်နေစဉ်အတွင်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ကျော်သူ စီစဥ်တင်ဆက်တဲ့ “ကျော်သူ၏ အတိတ်ဘဝ ဖြတ်သန်းမှု ပုံရိပ်များ“ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါတယ်။

ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့တဲ့ တွေ့ဆုံပွဲ အခမ်းအနားကို "Florida Myanmar American Dance Company (FMADC)" ရဲ့ အကဖြင့် တင်ဆက် ဖျော်ဖြေကာ စတင်ခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲတာဝန်ခံ ကိုသန်းနိုင်က ဖလော်ရီဒါဌာနခွဲ တည်ထောင်ခြင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီး ဌာနခွဲ စတင် တည်ထောင်ပြီး ပွဲဦးထွက်မှာပင် ဖလော်ရီဒါပြည်နယ်အတွင်းရှိ အလှမ်းကွာတဲ့မြို့များမှ မိတ်ဆွေများ ဆုံစည်း၍ ပြည်တွင်းသို့ လူမှုကူညီရေးအခမ်းအနားကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ မြန်မာမိသားစုများရဲ့ ပွဲဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဂျိမ်းစ်လင်းထွန်းကလည်း အသင်းဝင်များသာမက မြန်မာမိသားစုတိုင်းက စိတ်အားထက်သန်စွာ ၀ိုင်းဝန်း လုပ်ဆောင်ကြတဲ့အတွက် အခမ်းအနား အောင်မြင်ခြင်းဖြစ်ကြောင်း ကျေးဇူးတင်စကားတွင် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ ထိထိရောက်ရောက် ပေးဆပ် လုပ်ဆောင်နေကြတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက် တို့ကို အလှူရှင်များနဲ့ ပေါင်းကူး ဆက်သွယ်ပေးနိုင်ခဲ့တဲ့အတွက် ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား ၀မ်းသာ ဂုဏ်ယူကြောင်းလည်း ကိုသန်းနိုင်နှင့် ကိုဂျိမ်းစ်လင်းထွန်းတို့က ပြောကြားခဲ့ကြပါတယ်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဌာနခွဲ စည်းရုံးရေးကော်မတီမှ ကိုစိန်မြင့်အောင်က ဆောင်ရွက်ပြီး ဒေါ်ရွှေဇီးကွက်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဒေါက်တာဒေါ်နီနီခင်၊ ဦးကျော်သူရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဌာနခွဲ သတင်းပြန်ကြားရေး ကော်မတီမှ ကိုသက်လွင်တို့က အသီးသီး ဖတ်ကြားခဲ့ကြပါတယ်။

ဒေါ်ရွှေဇီးကွက်နဲ့ ဦးကျော်သူတို့ စင်မြင့်ပေါ်သို့ တက်ရောက်လာသည့်အခါ ပရိသတ်များက လက်ခုပ်သြဘာများပေး၍ တခဲနက် ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။ ၎င်းတို့က နာရေးကူညီမှုအသင်း (ရန်ကုန်) ပေါ်ပေါက်လာပုံနဲ့ လုပ်ငန်း ဆောင်ရွက်ကြပုံများကို ရှင်းလင်း ပြောပြခဲ့ကြပြီး “F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း” မှတ်တမ်းရုပ်ရှင်ကို ပြသရာ ပရိသတ်များ ငြိမ်သက်စွာ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပါတယ်။

ထို့နောက် အခန်းအနားမှူးက အလှူရှင်များစာရင်းနဲ့ အလှူငွေကို ဖတ်ကြား ကြေငြာပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါဌာနခွဲရဲ့ ဂုဏ်ပြုလက်ဆောင်နဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် အလှူငွေများအား ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို ပေးအပ်ခဲ့ပါတယ်။ ဖလော်ရီဒါ မြန်မာမိသားစု တွေ့ဆုံပွဲတွင် ဈေးရောင်းပွဲ ရောင်းရငွေအားလုံးနှင့် အလှူငွေ စုစုပေါင်း ကိုးထောင် တရာ တဆယ့်ခုနစ် (၉,၁၁၇) ဒေါ်လာ ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် လှူဒါန်းနိုင်ခဲ့ပါတယ်။

ဓါတ်ပုံသတင်း - ဦးကျော်သူ ဒေါ်ရွှေဇီးကွက် ပြည်သူ့ဂုဏ်ရည် ဖလော်ရီဒါ တွေ့ဆုံပွဲ နာရေး ကူညီမှုအသင်း (ရန်ကုန်) - May 21 2012 11:06 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005