အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဟယ်လာရီကလင်တန် တိုက်တွန်း

US State Department

“အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့၊ တာဝန်ယူမှုနဲ့အတူ လုပ်ကိုင်ဖို့ ဒီကနေ့ ပြောကြားလိုပါတယ်။ ယုံကြည်မှု အပြည့်ရှိတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်သူရဲ့ ကိုယ်စားလှယ်တွေအဖြစ်၊ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်တဲ့ နိုင်ငံ့သားကောင်းအဖြစ် အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ဖန်တီးဖို့နဲ့ ပြုပြင် ပြောင်းလဲရေးကို ထောက်ပံ့ဖို့ အားလုံး လက်တွဲ လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်“ လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟယ်လာရီကလင်တန်က ၂၀၁၂ မေ ၁၇ ရက်နေ့တွင် ၀ါရှင်တန်ဒီစီ၌ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်ပြီး အခုလို ပြောကြားချက်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒရဲ့ ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပါတယ်။

ဟယ်လာရီကလင်တန်က ဆက်လက်ပြီး “ဒါဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ စီးပွားရေးလာကထဲ ရောက်လာဖို့၊ ကျယ်ပြန့်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဖော်ဆောင်ဖို့နဲ့ ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထောက်ပံ့နိုင်ဖို့ လက်ရှိကာလရဲ့ အရေးကြီးတဲ့ ခြေလှမ်း ဖြစ်ပါတယ်။ ဥရောပ သမဂ္ဂ၊ ယူနိုက်တက် ကင်းဒဲန်းတို့ ဆောင်ရွက်ပြီး ဖြစ်သလို ကျွန်မတို့လည်း ဆောင်ရွက်ရပါမယ်။ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားပါမယ်။ ဒါဟာ ကျွန်မတို့အနေနဲ့ ဒီကနေ့ လုပ်ဆောင်ရမယ့် သင့်တော်တဲ့ ခြေလှမ်း ဖြစ်ပါတယ်။ စိတ်ချရတဲ့ မူဝါဒတွေလို ဆက်စပ်တဲ့ ဥပဒေတွေနဲ့ ဆက်လက် ထိမ်းသိမ်းထားရပါမယ်။ မျှော်လင့်ချက်နဲ့ ဂတိက၀တ်ပြုမှုတွေနဲ့ ရှေ့ဆက် လုပ်ဆောင်ကြတဲ့အခါ ကျွန်မတို့အနေနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို တိုးချဲ့သွားရပါမယ်“ လို့လည်း ပြောကြားထားပါတယ်။

အမေရိကန်ရဲ့ မူဝါဒသစ်အရ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ခွင့်ပြုမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး အမေရိကန်ရဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့၊ အမေရိကန်လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတိုင်းမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်တွေ မြန်မာပြည်မှာ စီးပွားရေးလုပ်ကိုင်တဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိအောင်၊ သက်ဆိုင်ရာ လူမှုအသိုင်းအ၀ိုင်းအတွက် အကျိုးရှိအောင်၊ အလုပ်သမားတွေကို သင့်တော်တဲ့ အခွင့်အလမ်းတွေ ပေးအောင်၊ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းတတ်အောင်၊ နိုင်ငံကြီးသား ပီသအောင် ဆောင်ရွက်ဖို့ ဟယ်လာရီက တိုက်တွန်းသွားသလို မြန်မာပြည်သူတွေအတွက် အကျိုးရှိမယ့် သာတူညီမျှ ရေရှည် အကျိုးရှိမယ့် လုပ်ငန်းတွေ လုပ်ဆောင်ဖို့ကိုလည်း ပြောကြားသွားပါတယ်။

အမေရိကန်နိုင်ငံက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ မြန်မာအာဏာပိုင်တွေဘက်က ဆက်တိုက်ဆိုသလို တောင်းဆိုလာခဲ့ရာ မေ ၁၇ ရက်နေ့တွင် ပြောကြားလိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ မြန်မာအစိုးရ အထူး နှစ်ထောင်းအားရဖြစ်မယ့်ကိစ္စတရပ် ဖြစ်ပါတယ်။ ကမ္ဘာ့ နံပါတ်တစ် စီးပွားရေး အင်အားကြီး နိုင်ငံက လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံတွင်းက အလုပ်ရှင် အလုပ်သမား ပြဿနာ၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းမှု လျော့နည်းနေမှုနဲ့ အရာရာ ချွတ်ခြုံကျနေမှု ပြဿနာတွေ လျော့နည်းသွားနိုင်လိမ့်မယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေ မျှော်လင့်လျက်ရှိပါတယ်။

ကိုးကား

http://www.state.gov/secretary/rm/2012/05/190260.htm
သတင်း - ဟယ်လာရီ ကလင်တန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု မြန်မာ - May 18 2012 09:31 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005