ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့ရဲ့ နယူးယောက် တွေ့ဆုံပွဲအတွက် အားလုံး အဆင်သင့် ဖြစ်နေ

မေ ၁၃ ရက်နေ့ ညနေပိုင်းက အစည်းအဝေး ကျင်းပစဉ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ 42-00 72nd St, Woodside, NY 11377 ရှိ P.S 12 (James B Colgate) မူလတန်းကျောင်းတွင် ၂၀၁၂ မေလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမယ့် နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက်တို့နဲ့ နယူးယောက် မြန်မာအသိုင်းအ၀ိုင်း တွေ့ဆုံပွဲအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

နယူးယောက်မြို့ ကွင်းစ်အရပ်ရှိ နေအိမ်တအိမ်တွင် မေ ၁၃ ရက်နေ့ ညနေပိုင်းက ကျင်းပတဲ့ နယူးယောက် ပြည်သူ့ဂုဏ်ရည် အဖွဲ့ခွဲနဲ့ နယူးယောက်က ပွဲစီစဉ်သူများရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သူတဦးက “နယူးယောက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကိုကျော်သူတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံပွဲအတွက် ပြင်ဆင်တာတွေက အဆင်သင့် ဖြစ်နေပါပြီ။ ဧည့်ခံ ကြိုဆိုရေးကို မခင်စန္ဒီတင့်တို့ အဖွဲ့က တာဝန်ယူပါတယ်။ အစားသောက် ရောင်းချမှု စီစဉ်တာတွေကိုတော့ မရွှေဝါတို့အဖွဲ့က စီစဉ်ပါတယ်။ ကိုတင့်လွင်တို့က လုံခြုံရေး၊ ကိုမြစိုး၊ ကိုဝင်းမင်းတို့က အသံပိုင်းဆိုင်ရာနဲ့ ကာရာအိုကေ၊ ဗီဒီယို ပြသမှုအပိုင်းက ကိုဝင်းအေး စသည်ဖြင့် တာဝန်ယူထားပါတယ်။

ကိုဇော်ဇော်ထွန်း၊က စားသောက်ဆိုင်ခန်း နေရာချထားမှုကို တာဝန်ယူထားပြီး အကူအညီပေးလိုသူများ သူနဲ့ ဆက်သွယ်နိုင်ပါတယ်။ စင်မြင့်ဒီဇိုင်းကို ကိုမျိုးက ဆွဲထားပြီး မချောအိသိမ်း၊ ကိုဝေလတို့က စင်မြင့် အပြင်အဆင်ကို တာဝန်ယူပါတယ်။ ကိုသိန်းမင်းနဲ့ ကိုမောင်မောင်အောင်က ဓါတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်း ရိုက်ကူးကြမှာပါ။ ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စအ၀၀အတွက် ကိုဝေလ၊ ကိုတင်မောင်အေးတို့နဲ့ ဆက်သွယ်နိုင်ပါတယ်“ လို့ ယနေ့မြန်မာကို ပြောပြပါတယ်။

သူက ဆက်လက်ပြီး “နယူးယောက်က ထုတ်တဲ့ ဖိတ်စာနှစ်ခုက ဆင်တူလို ဖြစ်နေတော့ တချို့တွေကလည်း ဘယ်နေ့ဘယ်ရက်ဆိုတာ ဇဝေဇ၀ါ ဖြစ်နေကြတယ်လို့ ကြားရပါတယ်။ နယူးယောက်မှာ မေ ၂၀ ရက်နေ့နဲ့ ၂၇ ရက်နေ့၊ နှစ်ပွဲ ရှိပါတယ်။ တပွဲက ဦးကျော်သူတို့နဲ့ တွေ့ဆုံပွဲနဲ့ ဈေးရောင်းပွဲ ဖြစ်ပြီး နောက်တပွဲက ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ ဖြစ်ပါတယ်။

မေ ၂၀ ရက်နေ့ကျရင် နယူးယောက်မှာ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့နဲ့ တွေ့ဆုံပွဲနဲ့ ရန်ပုံငွေ ဈေးရောင်းပွဲ ပြုလုပ်ပါမယ်။ အဲဒီပွဲမှာ နာရေး ကူညီမှုအသင်း (ရန်ကုန်) ကို တိုက်ရိုက် အလှူငွေ ထည့်နိုင်အောင်၊ ဦးကျော်သူတို့နဲ့ ဓါတ်ပုံ ရိုက်လိုသူတွေ ရိုက်နိုင်အောင် စီစဉ်ထားမှာပါ။ ဓါတ်ပုံတွဲရိုက်လိုသူများအနေနဲ့ကတော့ လိုအပ်ရင် ဦးကျော်သူတို့ရဲ့ လုံခြုံရေးတာဝန်ယူကြမယ့် ကိုတင့်လွင်တို့ရဲ့ အကြံပြုချက်များကို လိုက်နာစေလိုပါတယ်။ ဒါမှလည်း အခြားသူတွေလည်း အဆင်ပြေ၊ ဓါတ်ပုံ ရိုက်ချင်သူတွေ ရိုက်လို့ အဆင်ပြေ ဖြစ်ကြမှာပါ။ အဲဒီပွဲမှာ ဦးကျော်သူတို့ရဲ့ မှတ်တမ်း ဗီဒီယို ပြမယ်၊ ရှင်းလင်း ပြောကြားချက် ရှိမယ်၊ အမေးအဖြေ ကဏ္ဍလည်း ရှိပါမယ်။ အပျော်တမ်း သီချင်းဆိုလိုသူများအတွက်ကိုတော့ ကာရာအိုကေ ရှိမှာ ဖြစ်ပြီး သတ်မှတ်ချက်မထားတဲ့ အလှူငွေ ထည့်ပြီး သီချင်းဆိုနိုင်ပါတယ်။ ဈေးရောင်းပွဲမှာတော့ မြန်မာစားသောက်ဘွယ်ရာ အမျိုး သုံးဆယ်ခန့် ရောင်းချမှာပါ။

၂၀၁၂ မေလ ၂၇ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမယ့် ပွဲကတော့ တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ ဖြစ်ပါတယ်။ အဲဒီပွဲကို နယူးယောက်မြို့ 46-02 47 Ave, Woodside, NY 11377 ရှိ Thomas J.McCann Woodside Intermediate School တွင် ကျင်းပမှာဖြစ်ပြီး ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ တက်ရောက် ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မေ ၂၀ ရက်နေ့ပွဲက ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့နဲ့ တွေ့ဆုံပွဲနဲ့ ရန်ပုံငွေ ဈေးရောင်းပွဲ ဖြစ်ပြီး မေ ၂၇ ရက်နေ့ပွဲက ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို ကြေငြာတဲ့ပွဲနဲ့ ဆု ချီးမြှင့်ပွဲ ဖြစ်ပါတယ်“ လို့ ပြောပြပါတယ်။
သတင်း - ကိုကျော်သူ မရွှေဇီးကွက် နာရေး ကူညီမှုအသင်း (ရန်ကုန်) ပြည်သူ့ဂုဏ်ရည် နယူးယောက် - May 15 2012 03:15 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005