တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲမှ စတင်ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆု ပေးအပ်ရန် စီစဉ်ထား

နယူးယောက်မြို့တွင် မေလ ၂၇ ရက်နေ့၌ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ် ဂုဏ်ပြုပွဲမှ အစပြုပြီး ပြည်သူ့ဂုဏ်ရည် အထူးဆုကို နှစ်စဉ် ချီးမြှင့်သွားမှာ ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အဖွဲ့က ၂၀၁၂ မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အဖွဲ့အနေနဲ့ ၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်သူ့ဂုဏ်ရည်ဆုများကို ချီးမြှင့်ခဲ့ရာ ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ဦးကျော်သူ၊ ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ရှုတို့ ရရှိခဲ့ပါတယ်။ တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပဏာမ ဆန်ကာတင် ငါးဦးအဖြစ် ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်၊ လဖိုင်နော်မိန်း၊ လူမှု အထောက်အကူပြုအဖွဲ့ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ၊ သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ၊ ဒေါ်သန်းမြင့်အောင်တို့ကို ရွေးချယ်ထားပြီး ရွေးချယ်လိုတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်း စံတော်ချိန် မေ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီမှ မေ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ (http://www.citizenofburma.org/) ကတဆင့် မဲပေးနိုင်ကြပါတယ်။ ထိုသို့ မဲပေးရာတွင် အသုံးပြုတဲ့ ကွန်ပြူတာရဲ့ အင်တာနက်လိပ်စာ (IP Address) တခုအနေနဲ့ တနေ့လျှင် တကြိမ်သာ မဲပေးနိုင်မှာ ဖြစ်ပါတယ်။

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ 46-02 47 Ave, Woodside, NY 11377 ရှိ Thomas J.McCann Woodside Intermediate School တွင် ၂၀၁၂ မေလ ၂၇ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမှာဖြစ်ပြီး ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ တက်ရောက် ချီးမြှင့်မှာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုများကို ၂၀၁၀ ခုနှစ်မှ စတင်ကာ အင်တာနက်မှတဆင့် မဲပေးတဲ့ စနစ်နဲ့ ရွေးချယ်ခဲ့ကြပြီး မဲ အများဆုံး ရရှိသူကို အခမ်းအနားနဲ့ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ အခမ်းအနားကို ပြည်သူ့ဂုဏ်ရည် ဌာနခွဲ တည်ရှိရာ မြို့များတွင် အလှည့်ကျ ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်တွင် လော့စ် အိန်ဂျလိစ်၊ ၂၀၁၁ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုမြို့များတွင် ကျင်းပခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နယူးယောက်မြို့၌ ကျင်းပရန် စီစဉ်နေကြပါတယ်။

အစဉ်အလာအတိုင်း ပြည်သူ့ဂုဏ်ရည်ဆုကို မဲစနစ်ဖြင့် ရွေးချယ် ပေးအပ်ခြင်းကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်သွားရန် စီစဉ်နေကြပြီး ၂၀၁၂ နယူးယောက် ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့်ပွဲမှ အစပြုကာ ပြည်သူ့ဂုဏ်ရည် အထူးဆု ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ ပြည်သူ့ဂုဏ်ရည် အထူးဆုကို ငွေသား အမေရိကန်ဒေါ်လာ တထောင် ချီးမြှင့်မှာဖြစ်ပြီး အထူးဆု ရရှိသူ လုပ်ကိုင်နေတဲ့ လူမှုရေးလုပ်ငန်းများကိုလည်း ပြည်သူ့ဂုဏ်ရည်အဖွဲ့က တတ်အားသရွေ့ ၀ိုင်းဝန်း ကူညီမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
သတင်း - ပြည်သူ့ဂုဏ်ရည် အထူးဆု - May 15 2012 08:06 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005