ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဆီယက်တယ် တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပ

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် တို့နဲ့ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲများဖြစ်တဲ့ ဆီယက်တယ်၊ အော်ရီဂွန်နဲ့ ဗန်ကူးဗား (ကနေဒါ) တို့မှ မြန်မာမိသားစုများ တွေ့ဆုံပွဲကို မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၈ နာရီအထိ ဆီယက်တယ်မြို့ရှိ North Seattle Community College ၌ ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပတဲ့ ယခု တွေ့ဆုံပွဲဟာ တတိယမြောက် တွေ့ဆုံပွဲဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) အတွက် ရန်ပုံငွေ ဈေးရောင်းပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဈေးရောင်းပွဲတွင် အမေရိကန်ပြည်ထောင်စု ဆီယက်တယ်၊ အော်ရီဂွန်နဲ့ ကနေဒါနိုင်ငံတို့မှ စေတနာရှင် မိသားစုများက မြန်မာအစားအစာမျိုးစုံ တည်ခင်း ရောင်းချခဲ့ကြပြီး ဈေးရောင်းပွဲ ရရှိငွေများကို နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လှူဒါန်းခဲ့ကြပါတယ်။

တွေ့ဆုံပွဲ အခမ်းအနား၌ ပြည်သူ့ဂုဏ်ရည်အသင်း ဆီယက်တယ် ဌာနခွဲတာဝန်ခံ ကိုမူးသာက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဂီတမှူး ကိုခင်စိုးနဲ့ စက်မှုပိုင်းဆိုင်ရာ ကိုထက်ကျန်တို့က မေတ္တာဖြင့် ကူညီ ပံ့ပိုး ပေးခဲ့ကြပါတယ်။ အခမ်းအနားကို ဆီယက်တယ် နှင့် အော်ရီဂွန် မြန်မာလူငယ်အဖွဲ့တို့ရဲ့ မြန်မာ့ရိုးရာအက၊ ကရင်ဒုံးယိမ်းအကနှင့် တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာ ကျင်းပခဲ့ကြပြီး ကိုထွန်းထွန်းက ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းခဲ့ပုံအကျဉ်းနဲ့ ဦးကျော်သူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) တို့ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

မမာလာသိန်းနဲ့ မမိုနာဟန်တို့က ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင်စာရင်းဝင် ၅ ဦးရဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များနဲ့ ဦးကျော်သူ၏ ဘဝဖြတ်သန်းမှုတို့ကို ရှင်းပြခဲ့ကြပါတယ်။ ဆက်လက်၍ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့က နာရေးကူညီမှုအသင်း (ရန်ကုန်) သမိုင်း၊ လုပ်ဆောင်ခဲ့မှုများကို ဗီဒီယို ဆလိုက်ရှိုးများဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး ဦးကျော်သူရဲ့ အနုပညာ ဖြတ်သန်းမှု ပြကွက်တချို့ကို ပြသခဲ့ရာ တက်ရောက်လာသူများက အထူး အားပေးခဲ့ကြပါတယ်။

ထို့နောက် ဈေးရောင်းပွဲမှ ရရှိသော အမေရိကန်ဒေါ်လာ ၁၂,၅၀၀ (တစ်သောင်း နှစ်ထောင် ငါးရာ) ခန့်ကို ကိုထွန်းထွန်း (အော်ရီဂွန်)၊ ကိုဇေယျာကျော် (ဆီယက်တယ်) နဲ့ ကိုသက်နိုင် (ကနေဒါ) တို့က ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက်တို့ထံ ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီးနောက် အခမ်းအနားနှင့် ရန်ပုံငွေဈေးရောင်းပွဲကို ‘ကြိုးကြာသံ’သီချင်းဖြင့် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါတယ်။

ထူးခြားချက်အနေဖြင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ မြန်မာမိသားစုမိတ်ဆွေများက ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲတခုအနေဖြင့် ရပ်တည် ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း၊ ၎င်းတို့ရဲ့ ဖွဲ့စည်းပုံများကို ပြည်သူ့ဂုဏ်ရည်အသင်းသို့ မကြာမီ ပေးပို့ကာ ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခမ်းအနားတွင် ကြေငြာခဲ့ကြပါတယ်။

သတင်း - ဦးကျော်သူ ဒေါ်ရွှေဇီးကွက် ပြည်သူ့ဂုဏ်ရည် စီယက်တဲလ် တွေ့ဆုံပွဲ နာရေး ကူညီမှုအသင်း (ရန်ကုန်) - May 15 2012 06:34 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005