ဟိုလီ နှုတ်ဆက်သွားတဲ့ အမေရိကန်အိုင်ဒယ်လ်

ဗုဒ္ဓဟူးနေ့ (၂၀၁၂၊ မေ ၉ ရက်) အိုင်ဒယ်လ် အစီအစဉ်ကို ကြည့်ပြီးကတည်းက ဟိုလီ ကာဗာနာ (Hollie Cavanagh) တယောက် အခြေအနေ မကောင်းနိုင်ဘူးလို့ ထင်နေမိခဲ့တဲ့အတိုင်း မေ ၁၀ ရက်နေ့ ည အစီအစဉ်မှာတော့ ဟိုလီတယောက် အမေရိကန်အိုင်ဒယ်လ် ၁၁ နှစ်မြောက် အစီအစဉ်ရဲ့ စတုတ္ထနေရာကို ရသွားခဲ့ပါတယ်။

ဟိုလီဟာ ဒီနှစ်မှ အမေရိကန်အိုင်ဒယ်လ်ပြိုင်ပွဲဝင်ခဲ့တာ မဟုတ်ပါဘူး။ မနှစ်က (အိုင်ဒယ်လ် ၁၀ နှစ်မြောက်အစီအစဉ်) မှာ ပါခဲ့သူ ဖြစ်ပါတယ်။ သူဟာ အမေရိကန်အိုင်ဒယ်လ် ၁၀ နှစ်မြောက် အစီအစဉ်မှာ နောက်ဆုံးအဆင့် ရောက်ခါနီးမှာ ပြိုင်ပွဲက ထွက်သွားခဲ့ရသူ ဖြစ်ပါတယ်။ အမေရိကန်အိုင်ဒယ်လ်မှာ သက်ဆိုင်ရာမြို့၊ ဒေသအဆင့်၊ ဟောလီးဝုဒ် အဆင့်၊ လာ့စ် ဗေးဂတ်စ်အဆင့်နဲ့ နောက်ဆုံးအဆင့် ၂၄ ဦး ရွေးချယ်ပါတယ်။ အဲဒီ ၂၄ ဦးကမှ ထိပ်ဆုံး ၁၂ ဦး (သို့) ၁၃ ဦး၊ အိုင်ဒယ်လ်ဖျော်ဖြေပွဲများတွင် ပါဝင် ဖျော်ဖြေကြမယ့် ထိပ်ဆုံး ၁၀ ဦး စသည်ဖြင့် အဆင့်ဆင့် ရှိရာ ဟိုလီဟာ လာ့စ် ဗေးဂတ်စ်အဆင့် နောက်ဆုံးပြိုင်ရာမှာ အလစ်ရှာ ကီး (Alica Keys) ရဲ့ No One သီချင်းကိုဆိုပြီး အိုင်ဒယ်လ်ကို စွန့်ခွာသွားခဲ့ရပါတယ်။

ဒီနှစ် ၀င်ပြိုင်တဲ့အခါ နောက်ဆုံးအဆင့် ဆယ်ဦးထဲမှာ ပါရင် တော်ပြီလို့ မှန်းကာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ကြောင်း ဟိုလီရဲ့မိခင်က မေ ၁၀ ရက်နေ့က (တိုက်ရိုက် ရုပ်သံထုတ်လွှင့်မှုအပြီး) အမေရိကန်အိုင်ဒယ်လ် စင်မြင့်မှာ အိုင်ဒယ်လ် အကဲဖြတ်တွေကို ပြောပါတယ်။ ဟိုလီဟာ ဒီနှစ် အိုင်ဒယ်လ်ပြိုင်ပွဲရက်တွေကို ရင်တထိတ်ထိတ်နဲ့ ဖြတ်ကျော်ခဲ့ရသူ ပါ။ နောက်ဆုံးအဆင့် ၉ ဦး ပြိုင်ပွဲကစလို့ ပြိုင်ပွဲက ထွက်သွားတဲ့ နောက်ဆုံးအဆင့် ၄ ဦးပြိုင်ပွဲအထိ မဲအနည်းဆုံးစာရင်းထဲမှာ ငါးခါ ပါခဲ့ပါတယ်။

ဟိုလီဟာ အမေရိကန်အိုင်ဒယ်လ်ပြိုင်ပွဲမှာ စတုတ္ထနေရာနဲ့ ကျေနပ်ခဲ့ရပေမယ့် တချိန်မှာ ထိပ်တန်းနာမည်ကြီး အဆိုတော်ဖြစ်လာနိုင်သူ ဖြစ်ပါတယ်။ အိုင်ဒယ်လ် အစီအစဉ်ရဲ့ အအောင်မြင်ဆုံး အဆိုတော်တဦးဖြစ်တဲ့ ခရစ်စ် ဒေါ့ထရီ (ထွီ) (Chris Daughtry) ဟာလည်း စတုတ္ထနေရာကနေ ပြိုင်ပွဲက ထွက်သွားခဲ့ရသူ ပါ။ ဟိုလီကလည်း ဆိုနိုင်မယ်၊ ထိပ်တန်း တေးထုတ်လုပ်သူတဦးဦးကလည်း သူ့သီချင်းတွေကို ထုတ်လုပ်ဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ အိုင်ဒယ်လ်ရဲ့ အအောင်မြင်ဆုံး ဂီတပညာရှင်တဦးဖြစ်တဲ့ ကယ်ရီ အဲန်ဒါဝုဒ် (Carrie Underwood) လို ထိပ်တန်းအဆိုတော် ဖြစ်လာနိုင်ပါတယ်။

ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) ၊ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) တို့လို ဆိုနိုင်စွမ်းရှိသူတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိရင် ဟိုလီ ကာဗာနာ (Hollie Cavanagh) ဟာ အနည်းဆုံးတော့ အိုင်ဒယ်လ်ရဲ့ နောက်ဆုံးနေ့ပြိုင်ပွဲကို အလွယ်တကူ ရောက်နိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ ဖိလစ် ဖိလစ် (Phillip Phillips) ဟာ လူကြိုက်များသူတဦး ဖြစ်သော်လည်း ဟိုလီလောက် ဆိုနိုင်စွမ်း မရှိဘူးလို့ ထင်မိပါတယ်။ သို့သော် ဖိလစ်ရဲ့ အားသာချက်က မဲရသူတဦးဖြစ်နေခြင်းနဲ့ သူ့နဂိုဖန်တီးနိုင်စွမ်းအနည်းငယ် ရှိနေခြင်းတို့ ဖြစ်ပါတယ်။ ဟိုလီ ပြိုင်ပွဲက ထွက်သွားရခြင်းအကြောင်းရင်းတခုကတော့ သူ့ရင်ထဲမှာ ထိထိရှရှ မခံစားရတဲ့ သီချင်းတပုဒ်ကို ဆိုလိုက်မိခြင်း ဖြစ်ပါတယ်။ သူ့မှာ ပင်ကိုယ်အသံနဲ့ ဆိုနိုင်စွမ်း ရှိသော်လည်း ပရိသတ်ဆီကို နှလုံးသားထဲက သီဆိုမှု မပို့လိုက်နိုင်ခြင်းက ဟိုလီ့ကို မဲအနည်းဆုံး ရရှိသူ ဖြစ်သွားစေခဲ့ပါတယ်။
သတင်း - အမေရိကန်အိုင်ဒယ်လ် ဟိုလီ ကာဗာနာ - May 12 2012 08:20 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005