အမေရိကန်အိုင်ဒယ် နောက်ဆုံး ဆန်ကာတင်လေးဦး ဖျော်ဖြေမှု

နောက်နှစ်ပတ်ဆိုရင် အမေရိကန်အိုင်ဒယ်လ် အစီအစဉ် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးပြိုင်ပွဲ နီးလာလေလေ၊ ဘယ်သူ အိုင်ဒယ်လ်ဖြစ်မလဲဆိုတာ ပိုပြီး စိတ်ဝင်စားလာကြလေလေ ဖြစ်ပါတယ်။ အမေရိကန်အိုင်ဒယ်လ် သက်တမ်း ၁၁ နှစ်အတွင်း စိတ်ပျက်စရာကောင်းတဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲတွေ ကြုံခဲ့ရပေမယ့် ဒီနှစ် ပြိုင်ကြတဲ့ နောက်ဆုံးဆန်ကာတင်လေးဦးကတော့ ဘယ်သူ အနိုင်ရမယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ သို့သော်လည်းပဲ စိတ်ထဲမှာတော့ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) နဲ့ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) တို့ရဲ့ ဖျော်ဖြေမှုကို နောက်ဆုံးပြိုင်ပွဲနေ့မှာ တွေ့ချင်နေပါတယ်။

၂၀၁၂ မေ ၉ ရက်နေ့ အမေရိကန်အိုင်ဒယ်လ်ပြိုင်ပွဲကို စီစီအာ ရဲ့ Have You Ever See the Rain သီချင်းအား ဖိလစ် ဖိလစ် (Phillip Phillips) ရဲ့ သီဆိုမှုနဲ့ စတင်လိုက်ပါတယ်။ ၁၉၇၁ ခုနှစ်က နာမည်ကြီးသီချင်းနဲ့ အစီအစဉ်ကို ဖွင့်လိုက်တော့ အစီအစဉ်ကတော့ ကြည့်ကောင်းတော့မှာပဲလို့ တွေးမိလိုက်ပါတယ်။ (အဲဒီသီချင်းကို မြန်မာအတော်များများ ကြားဖူးကြမှာပါ။ ခေတ်ပေါ်သီချင်း ခေတ်ဦး အဆိုတော်ကြီး မင်းမင်းလတ် မြန်မာစာသားထည့်ပြီး ပြန်ဆိုခဲ့ကြသလို ဇော်ဝင်းထွဋ်လည်း သီဆိုခဲ့တယ်လို့ ထင်ပါတယ်။)

ဖိလစ်ပြီးတော့ ဟိုလီ ကာဗာနာ (Hollie Cavanagh) ၊ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) ၊ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) တို့ သီဆိုသွားခဲ့ကြပါတယ်။ တပုဒ်စီ ဆိုပြီးသွားကြတဲ့အခါ ဘယ်သူတွေ ကျန်လို့ ဘယ်သူ ပြန်သွားရမလဲဆိုတာ ဘယ်လိုမှ ပြောမရလောက်အောင် သူတို့ရဲ့ အရည်အသွေးတွေက ညီနေကြပါတယ်။

ယောက်ျားလေး နှစ်ယောက်က တတွဲ၊ မိန်းကလေးနှစ်ယောက်က တတွဲဆိုကြတဲ့အခါ ဂျက်စီကာနဲ့ ဟိုလီတို့က ၁၉၈၉ ခုနှစ်က နိုင်ငံအတော်များများမှာ နံပါတ် ၁ သီချင်းအဖြစ် နေရာယူခဲ့တဲ့ ဘန်ဂဲလ် (The Bangles) ရဲ့ အီတာနယ် ဖလိမ်းမ် (Eternal Flame) ကို ဆိုသွားခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ရဲ့အဆိုကို အကဲဖြတ် ရဲန်ဒီ ဂျက်ဆင် (Randy Jackson) က မကြိုက်ပါဘူး။ ဘာ့ကြောင့်ဆိုတော့ အသံမြင့်မှာ ဂျက်စီကာ၊ အသံနိမ့်မှာ ဟိုလီ စသည်ဖြင့် ရဲန်ဒီက ဆိုစေချင်ပါတယ်။ သို့သော်လည်း ဂျက်စီကာတို့က သူ ဆိုစေချင်တာနဲ့ ပြောင်းပြန် အသံနိမ့်မှာ ဂျက်စီကာ၊ အသံမြင့်မှာ ဟိုလီ စသည်ဖြင့် ဆိုသွားခဲ့ကြလို့ ပါ။ ဒါပေမယ့် ရဲန်ဒီ ဖြစ်စေချင်သလို ဆိုလိုက်ရင် ဂျက်စီကာက ဟိုလီထက် အရမ်းသာ သွားပြီး ဟိုလီကို မဲမရအောင် လုပ်လိုက်သလို ဖြစ်သွားနိုင်တဲ့အတွက် အခုလို စီစဉ်လိုက်ကြပုံ ရပါတယ်။ (အီတာနယ် ဖလိမ်းမ်ကို ထူးအိမ်သင်က “အလွမ်းရဲ့ မီးလျှံများ“ အမည်နဲ့ စကားလုံး မရှိတဲ့ ကောင်းကင် တေးစုမှာ သီဆိုထားပါတယ်။)

ဒုတိယတခေါက် တယောက်တပုဒ်စီ ဆိုကြရမှာတော့ ဟိုလီ ရွေးလိုက်တဲ့ သီချင်းနဲ့ သူ့အသံနဲ့က လိုက်ဖက်မညီဘဲ ဖြစ်နေတာမို့ ဟိုလီတယောက် နံပါတ်လေး အဆင့်နဲ့ပဲ ကျန်ခဲ့မလားလို့ တွေးမိလိုက်ပါတယ်။ ဒုတိယတခေါက်မှာ ဂျော်ရှဝါနဲ့ ဂျက်စီကာတို့က သူတို့ရဲ့အသံစွမ်းရည်တွေကို ပြသသွားပါတယ်။ ဂျနီဖာ ဟောလီးဒေး (Jennifer Holliday) ရဲ့ And I Am Telling You I'm Not Going ကို ဂျက်စီကာ သီဆိုသွားတာကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူ့ရဲ့ အသံ၊ ဟန်၊ ဆိုပုံဆိုပေါက်၊ အသံ အဖြတ်အတောက်၊ အဆွဲအငင်၊ တက်ကျ နိမ့်မြင့်တွေကို သတိထား နားထောင်ရတာ တကယ့်ကို လက်ဖျားခါလောက်အောင် ကောင်းလှပါတယ်။ အသက် ၁၆ နှစ်အရွယ် ကလေးတယောက် ဆိုနေတယ်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလားတောင် ထင်မိလိုက်ပါတယ်။ သူဆိုနေတာကို နားထောင်နေရင်း ၀တ္တနီ ဟူစတန်ရဲ့ I Will Always Love You သီချင်းကို ဂျက်စီကာ သီဆိုတာ ပြန် အမှတ်ရမိလိုက်ပါတယ်။ (http://www.americanidol.com/videos/season_11/performances/jessica_sanchez_i_will_always_love_you/)

နောက်ဆုံး ဆန်ကာတင်လေးဦး ဖျော်ဖြေ ယှဉ်ပြိုင်မှုမှာ ဟိုလီက အားအနည်းဆုံးလို့ မြင်မိသော်လည်း ဒီနှစ် ၂၀၁၂ နောက်ဆုံးအဆင့် ယှဉ်ပြိုင် သီဆိုသူတွေရဲ့ အသက်အရွယ်တွေက ၁၆ နှစ်မှ ၂၁ နှစ်အတွင်း မတိမ်းမယိမ်း၊ ဆိုဟန်နဲ့ ဆိုနိုင်စွမ်းတွေကလည်း သိတ်ပြီး ကွာလှတာ မဟုတ်လို့ ဘယ်သူတွေ ကျန်ပြီး ဘယ်သူ ပြန်ရမလဲဆိုတာကတော့ ပြောရခက်ပါတယ်။
သတင်း - အမေရိကန်အိုင်ဒယ် နောက်ဆုံး ဆန်ကာတင်လေးဦး ဖျော်ဖြေမှု - May 10 2012 10:47 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005