နှလုံးသားတွေ လှူတဲ့နေ့ (၂)
20120222_FFSSY_KT

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အား အလှူငွေ ပေးအပ်စဉ်

“နှလုံးသားတွေလှူမယ့်ည” အလှူပွဲအား ညအချိန်တွင် လှူဒါန်းမှု မပြုလုပ်နိုင်ခဲ့သော်လည်း ယနေ့ ၂၂၊ ၂၊ ၂၀၁၂ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအလှူပွဲအား နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်း သူ/သားများ၊ ကိုဆောင်းဦးလှိုင်၏ ဂီတသမားများ၊ အမာခံပရိသတ်များ၊ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၈၈ ကျောင်းသားများဖြင့် စုံညီစွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့ပွဲသည် ငြိမ်းချမ်းရေး အစစ်အမှန် မရရှိသေးသော မိမိတို့နိုင်ငံတွင် မိမိတို့ သက်ဆိုင်ရာနယ်ပယ်များမှ နည်းမျိုးစုံဖြင့် ဖော်ဆောင်နေသူများ စုံစည်းရာပွဲ ငြိမ်းချမ်းရေးလူသားများ တွေ့ဆုံသည့် ပွဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုဆောင်းဦးလှိုင်က လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် ဂီတဖျော်ဖြေပွဲ၏ အခက်အခဲများကို တင်ပြသွားခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသား အဖွဲ့ကိုယ်စား ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား အလှူငွေ ၄,၂၀၀,၀၀၀ိ/- (လေးဆယ့် နှစ်သိန်း) ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကိုမင်းကိုနိုင်က ကျေးဇူးတင်စကားအား ကြေကွဲစွာဖြင့် ပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ကိုဆောင်းဦးလှိုင်က အလှူငွေ ၄,၂၀၀,၀၀၀ိ/- (လေးဆယ့်နှစ်သိန်း) ကျပ်တိတိအား လှူဒါန်းခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူက ကျေးဇူးတင်စကား ပြောကြားရာတွင် “ကျွန်တော်တို့သည် ရေကန်ထဲမှ ငါးများ ဖြစ်ခဲ့ပါက …. အချို့သည် ပိုက်ကွန်ဖြင့် အုပ်ခံကာ ဖမ်းဆီးခံရသည်။ အချို့သည် ယမ်းပျော့ဖြင့် ဖောက်ခွဲ၍ သေကြေခဲ့ရသည်။ အချို့သည် ငါးမျှားချိတ်တွင် ငါးစာချိတ်၍ ဖြားယောင်းကာ အဖမ်းခံခဲ့ရသည်။ ထိုအထဲတွင် ကျွန်တော်တို့သည် အရှင်လတ်လတ် ကုန်းမြေပေါ်သို့ ပစ်တင်ခံခဲ့ရသည်” ဟု တင်စားပြောကြားခဲ့သည်။ ယင်းနောက် ကိုဆောင်းဦးလှိုင်က လှူဒါန်းရန် ကျန်ရှိသော ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း) ကျပ်တိတိအား အများဆန္ဒဖြင့် မျိုးဆက်သစ်ဂီတဖျော်ဖြေပွဲတပွဲ ထပ်မံ၍ အလှူဒါန မတည်ငွေအဖြစ် အသုံးပြုရန် ဆုံးဖြတ်မှုကို ပြုလုပ်ခဲ့သည်။

ထို့နောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကိုဆောင်းဦးလှိုင်၏ “နှလုံးသားတွေလှူမယ့်ည” ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် အပိတ်အပင် အတားအဆီးများကြောင့် လူကိုယ်တိုင် ဂီတဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ဘဲ မိမိ၏ နေအိမ်တွင် သူ၏နှလုံးသားဖြင့် ကြေကွဲစွာ ရေးဆွဲခဲ့သော ကိုဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား အမှတ်တရအဖြစ် လက်ဆောင်ပေးအပ်ခဲ့သည်။ စာနယ်ဇင်းများကိုယ်စား နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လုပ်အားပေးဆရာဝန်အဖြစ် တာဝန်ယူနေသော စာရေးဆရာမ ဒေါက်တာ မသီတာ (စမ်းချောင်း) က ကျေးဇူးတင်စကားပြောကြားရာတွင် အစဉ်အလာဟောင်းများကို ဆွဲကိုင်ရင်း အစဉ်အလာသစ်သို့ ဖောက်ထွက်ခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ၈၈ ကျောင်းသားအဖွဲ့နှစ်ခုတို့၏ ထူးခြားသော ဝိသေသများကို ဂုဏ်ပြုပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်က နှလုံးသားတွေ လှူသည့်ပွဲ အခမ်းအနား မပြီးဆုံးခင် အပိတ်စကား ကျေးဇူးတင်စကားပြောကြားရာတွင် “ကျွန်မသည် မနေ့ညတွင် အင်တာနက်ကြည့်မိရာမှ ၂၃၊ ၂၊ ၂၀၁၂ ရက်နေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များအဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များထံ သွားရောက်၍ အားပေးစကားနှင့် အင်အားများ တိုးပွားစေရန် သွားရောက်တွေ့ဆုံကြမည် ကို သိရှိရပါ၍ ယနေ့နံနက် အသင်းသို့ ရောက်လျှင်ရောက်ခြင်း စစ်ဘေးဒဏ်ခံနေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ယခင်ကလည်း မိမိတို့ကိုယ်တိုင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် အလှူငွေ လေးရာသုံးဆယ်ကျပ်နှင့် အဝတ်အထည်များ စုစုပေါင်း တန်ဖိုးကျပ် သိန်းငါးရာကျော် လှူဒါန်းခဲ့ပြီးသော်လည်း ယခုထပ်မံ၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အလှူငွေများ လိုအပ်နေသည်ကို သိရှိရပါ၍ ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့နှင့် တဆင့်လှူဒါန်းမှုကို ပြုလုပ်ချင်ကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကာ အလှူငွေကျပ် သိန်းတရာတိတိအား ဒီအခမ်းအနားတွင် တလက်စတည်း ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့အား လှူဒါန်းမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် တတိယအကြိမ်အဖြစ် အလှူငွေကျပ် သိန်းတရာတိတိအား ၈၈ ကျောင်းသား ခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့သည်။
20120222_FFSSY_KT

ဂီတဖျော်ဖြေပွဲ မတက်ရောက်နိုင်ရန် ဖိအားပေးခံရတဲ့ မင်းကိုနိုင်က ဖျော်ဖြေပွဲ ကျင်းပနေစဉ် ရေးဆွဲထားတဲ့ ပန်းချီကားအား ဆောင်းဦးလှိုင်ကို ပေးအပ်စဉ်

20120222_FFSSY_KT

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ကျေးဇူးတင်စကား ပြောကြားစဉ်

20120222_FFSSY_KT

နာရေးကူညီမှုအသင်း ရန်ကုန်အတွက် အလှူငွေ ပေးအပ်စဉ်

20120222_FFSSY_KT

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ကျေးဇူးတင် ဂုဏ်ပြုလွှာ ပေးအပ်စဉ်

20120222_FFSSY_KT

စာရေးဆရာမ ဒေါက်တာ မသီတာ (စမ်းချောင်း) က ကျေးဇူးတင်စကား ပြန်လည် ပြောကြားစဉ်

ဓါတ်ပုံသတင်း - နှလုံးသားတွေ လှူတဲ့ နေ့ နာရေးကူညီမှုအသင်း ကျော်သူ - Feb 22 2012 05:45 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005