အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူးအား လိုအပ်က အရေးယူနိုင်ရန် အသိပေးထားကြောင်း အစိုးရသတင်းစာတွင် ရေးသား ထား

မေ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

ဆန္ဒမဲလက်မှတ်များတွင် ဖယောင်းသုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စွတ်စွဲ ပြောဆိုမှုများဟာ မမှန်ကန်ကြောင်း၊ သတင်း အခြေအမြစ် မှန်ကန်မှု မရှိတဲ့ တဆင့်ကြားစကားများနဲ့ ပြည်သူများကို ထင်ယောင်ထင်မှား ဖြစ်စေအောင် ထုတ်ဖော် ရေးသား ပြောဆိုခြင်း မပြုရေးအတွက် သက်ဆိုင်ရာ ပါတီ အတွင်းရေးမှူးအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လိုအပ်ပါက အရေးယူနိုင်ရန် ဥပဒေနဲ့အညီ ခေါ်ယူ ရှင်းလင်း အသိပေး ပြောကြားပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ကို ၂၀၁၂ မေလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများရဲ့ မျက်နှာဖုံးတွင် အကြီးအကျယ် ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။

၂၀၁၂ မေလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမျက်နှာဖုံးတွင် “ဆန္ဒမဲလက်မှတ်များတွင် ဖယောင်းသုတ်ထားသည်ဟု NLD က စွပ်စွဲ ပြောဆိုမှုကို ကော်မရှင်က ဖော်ထုတ် စစ်ဆေးရာ ဖြစ်စဉ် မှန်ကန်မှု မရှိကြောင်း သတင်းထုတ်ပြန်ခြင်း“ ဆိုပြီး သတင်းခေါင်းစဉ်စာလုံးကြီးများကို မျက်နှာပြည့် ရေးသားကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်ဆိုတာကို ရှေ့ဆုံးစာမျက်နှာ တ၀က်ခန့် နေရာယူ ဖော်ပြထားပါတယ်။

နိုင်ငံပိုင် သတင်းစာများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီအတွင်းရေးမှူးတဦးအား အရေးယူနိုင်ကြောင်း သတိပေးတဲ့သတင်းကို တခမ်းတနား ရေးသားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အစိုးရအာဘော်သတင်းစာများတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လို့ အမည်တပ်ထားတဲ့ အဖွဲ့ရဲ့ သတင်းထုတ်ပြန်ခြင်းလို့ ရေးသားထားတဲ့ သတင်းမှာ ၂၀၁၂ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ပုလဲ၊ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ တောင်တွင်းကြီး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုံ (ဆိပ်ကမ်း) နဲ့ ကလော (အောင်ပန်း) မြို့နယ်တို့မှာ ဖယောင်းသုတ်ထားတဲ့ မဲလက်မှတ်များကို အသုံးပြုနေခြင်းနဲ့ ဆန္ဒမဲပြားမှာ ဖယောင်းသုတ်ခြင်းကိစ္စ တပြည်လုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုတဲ့ အဖွဲ့ဆီကို စာရေးသားပေးပို့ထားကြောင်း အစချီ ဖော်ပြထားပါတယ်။

ထိုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးရာ ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ တရားဝင် တိုင်ကြားသူလည်း မရှိကြောင်း၊ မမှန်မကန် စွပ်စွဲ ပြောဆိုမှုကြောင့် ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်တဲ့အတွက် မမှန်မကန် တိုင်ကြားသူကို ဥပဒေအရ အရေးယူသင့်ကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့များနဲ့ နိုင်ငံရေးပါတီအချို့က သုံးသပ်တင်ပြတယ်လို့ နိုင်ငံပိုင်သတင်းစာက ဆိုပါတယ်။ ဒါ့ကြောင့် မဲလက်မှတ်တွင် ဖယောင်းသုတ်တယ်ဆိုတာ မမှန်ကန်ကြောင်း၊ ထင်ယောင်ထင်မှားဖြစ်အောင် ထုတ်ဖော် ရေးသား ပြောဆိုခြင်း မပြုရေးအတွက် သက်ဆိုင်ရာ ပါတီအတွင်းရေးမှူးအား ရွေးကောက်ပွဲ ကောင်မရှင်ဆိုတဲ့အဖွဲ့က လိုအပ်ပါက အရေးယူနိုင်ရန် ဥပဒေနဲ့အညီ ခေါ်ယူ ရှင်းလင်း အသိပေး ပြောကြားပြီးဖြစ်ကြောင်း ရေးသားထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်တဲ့ ၂၀၁၂ ဧပြီ ၁ ရက်နေ့ နေ့လည်ပိုင်းသတင်းများအရ မဲလက်မှတ်များတွင် ဖယောင်းသုတ်လိမ်းထားကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက အာဏာပိုင်များအား အသိပေးသွားမှာဖြစ်ကြောင်း ယနေ့မြန်မာတွင် ဖော်ပြခဲ့ပါတယ်။ (http://burmatoday.net/news.php?news_ID=201) ကနဦး သတင်းများအရ ဖယောင်းသုတ်ထားတယ်လို့ သိကြရသော်လည်း နောက်ပိုင်း မေးမြန်းမှုများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အမှတ်တံဆိပ်နံဘေးတွင် အမှန်ခြစ် မရခြင်းလို့ သိရပါတယ်။ ဒါ့ကြောင့်လည်း မူလရရှိတဲ့ သတင်းများရဲ့သဘောအတိုင်း ဖယောင်းသုတ်ထားတယ်လို့ အများက ဖော်ပြကြခြင်း ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လို့ အမည်ခံထားတဲ့အဖွဲ့ဟာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ်များဆီ ဆိုးဆိုးရွားရွား မှားယွင်းတဲ့ မဲစာရင်းများ ဖြန့်ဝေခဲ့တဲ့အတွက် ထိုအဖွဲ့ရဲ့ တော်တဲ့မှန်ကန်မှုဟာ သံသယ ရှိစရာ ဖြစ်ပြီး ယုံကြည် စိတ်ချရတဲ့ အဖွဲ့တခုလို့ ပြောရမှာ အတော့်ကို ခက်ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ်များမှာ မြင်မကောင်းအောင် အမှားတွေ ဆိုးဆိုးရွားရွား တွေ့ခဲ့ရတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲက အများသံသယရှိတဲ့ ကြိုတင်မဲတွေကို ဘယ်လို အစီအမံတွေနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြည်သူပြည်သားများရဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ လုပ်ငန်းများကို အမှားများစွာနဲ့ ဆောင်ရွက်ခဲ့တယ်လို့ အပြောခံရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လို့ ခေါ်ဝေါ်ထားတဲ့ အဖွဲ့အနေနဲ့ အခြား အဖွဲ့အစည်းတခုကို အရေးယူဖို့ ပြောတာထက် မိမိတို့ရဲ့ လုပ်ငန်းဆောင်တာများကို အမှားအယွင်းကင်းကင်းနဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားတာ၊ မှားခဲ့ရင်လည်း အမှားတွေအတွက် အရင်ဆုံး တောင်းပန်တာက ပိုပြီး သင့်တော်မယ်လို့ ယူဆမိပါတယ်။
သတင်း - ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ အတွင်းရေးမှူး - May 9 2012 04:51 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005