ဟင်္သာတမြို့တွင်း သုံးတန်အထက် မော်တော်ယာဉ် မ၀င်ရ သတ်မှတ်ခြင်းနဲ့ အခက်အခဲများ

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် လူဦးရေ ထူထပ် သိပ်သည်းခြင်း၊ အနှေးယာဉ်၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သုံးဘီးကား၊ မော်တော်ကား၊ မှန်လုံကား၊ ကုန်တင်ကား အသုံးပြုမှုနဲ့ လမ်းအသုံးပြုမှု များပြားခြင်း၊ လမ်းကျဉ်းမြောင်းခြင်း တို့ကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်ကြောနဲ့ လမ်း ပိတ်ဆို့မှု မဖြစ်ပွားရေး၊ ပြည်သူများ အန္တရာယ် ကင်းရှင်းပြီး စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးတို့အတွက် လမ်းအသုံးပြုမှု၊ ယာဉ်အသုံးပြုမှုတို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျ သတ်မှတ် ဆောင်ရွက်ဖို့အတွက် ရည်ရွယ်ပြီး ဟင်္သာတမြို့အတွင်း သုံးတန်နဲ့အထက် မော်တော်ကားများ ၀င်ခွင့် မပြုခြင်း ပါဝင်တဲ့ စီမံချက်ကို မေလ ၁ ရက်နေ့မှ စတင် အသုံးပြုနေပါတယ်။

ထို စီမံချက်ကြောင့် မော်တော်ယာဉ် လုပ်ငန်းရှင်များအတွက် အဆင်မပြေမှုများ ရှိနေသလို ကုန်ပစ္စည်း သယ်ယူစရိတ် ကုန်ကျမှု များပြားလာခြင်းနဲ့ လမ်းပိတ်ဆို့မှု ပြဿနာအသစ်များ ဖြစ်ပေါ်စေခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်ကြောင်း၊ မြို့တွင်းကို သုံးတန်နဲ့အထက် ယာဉ်များ မ၀င်ရလို့ သတ်မှတ်ခြင်းဟာ ဟင်္သာတတွင် အသစ် တည်ဆောက်ထားတဲ့ အဝေးပြေးဂိတ်ကို အသုံးပြုစေလိုတဲ့အတွက် ဖြစ်နိုင်ကြောင်း၊ အချို့သော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများရဲ့ သုံးဘီးဆိုင်ကယ်များအကျိုးအတွက် စီမံချက် ချမှတ်တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါတယ်။

ဟင်္သာတမြို့တွင်း သုံးတန်အထက် မော်တော်ယာဉ်များ မ၀င်ဖို့ ကန့်သတ်တာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တဦးက “မြို့မိမြို့ဖတွေနဲ့ လုပ်ငန်းရှင်လူကြီးပိုင်းကို ခေါ်ပြီး အစည်းအဝေးလုပ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ဆီကို ညွှန်ကြားလွှာတွေ ပို့တယ် ဗျ။ ယာဉ် မရပ်ရ သတ်မှတ်တာတွေအထိက လက်ခံနိုင်တယ် လေ။ ယာဉ်လမ်းကြောင်း သတ်မှတ်တာလည်း အဆင်ပြေတယ်။ သုံးတန်အထက် ယာဉ် မ၀င်ရ သတ်မှတ်တာတွေ လုပ်တဲ့အခါကျတော့ ကျွန်တော်တို့ ဟင်္သာတအနေအထားနဲ့ ဒီလောက် သတ်မှတ်စရာ မလိုသေးဘူး ဗျ။ ဘာတွေ ယာဉ်ကြော အခက်အခဲ ဖြစ်သလဲဆိုတော့ xxx ကုမ္ပဏီက သွင်းတဲ့ ၊ xxx က စစ်မှုထမ်းဟောင်းကို လိုင်းကြေးပေးပြီး ပြေးနေတဲ့ သုံးဘီးဆိုင်ကယ်တွေ များလာမှ အန္တရာယ်က ဖြစ်တာ။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ဖို့ထက် စည်ပင်သာယာနဲ့ ခရိုင်၊ မြို့နယ် အာဏာပိုင်တွေက ဘာတွေ လုပ်ရမလဲဆိုတော့ - ပလက်ဖောင်းဆိုတာ လူသွားလမ်း၊ ပလက်ဖောင်းပေါ်မှာ ဈေးဆိုင်ခန်းတွေ ဖွင့်တယ်။ အအေးဆိုင်တွေ တက်ရောင်းတယ်။ ကုမ္ပဏီက သူ့ လယ်ထွန်စက်တို့ ဘာတို့ကို ပလက်ဖောင်းပေါ်မှာ ခင်းပြီး ရောင်းတဲ့အခါကျတော့ လူတွေက အောက် ဆင်း လျှောက်ရတယ်။ ဒီကိစ္စတွေနဲ့သာ ပြဿနာ တက်တာ။

ယာဉ်ဝင်ခြင်း၊ မ၀င်ခြင်းနဲ့က ဟင်္သာတအနေနဲ့က သတ်မှတ်တဲ့နေရာမှာ တကယ် ဒီလိုပုံစံမျိုးအထိတော့ မလိုအပ်သေးဘူးလို့ ကျွန်တော်တို့က ထင်တယ် လေ။ ဒီလို သတ်မှတ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီး တွေ့နိုင်တယ်။ အဝေးပြေးကားနဲ့ ပြန်လာတဲ့အခါ မြို့ထဲကို ဘယ်လို သွားမလဲ။ သုံးဘီးဆိုင်ကယ်နဲ့က အန္တရာယ် ပိုရှိနိုင်တယ်။ တဖက်စောင်းနင်း အာဏာပိုင် အဖွဲ့အစည်းအနေနဲ့ တစုံတရာ အကျိုးအမြတ်ကြောင့် ဖြစ်စေ၊ လူ အစုအဖွဲ့တခုရဲ့ ထောက်ခံချက်ကြောင့်ဖြစ်စေ၊ ဒါမျိုးလုပ်တာ ကျွန်တော်တို့က လက်မခံနိုင်ဘူး။ အဓိက လုပ်ရမှာက ပလက်ဖောင်း လူသွားလမ်းကို ရှင်းဖို့ အရေးကြီးတယ်။

ကား မ၀င်ရရင် သုံးဘီးဆိုင်ကယ်ကို ဘယ်လို သတ်မှတ်မလဲ။ သုံးဘီးဆိုင်ကယ်ကရော ခရီးသည်ကို လုံခြုံစိတ်ချအောင် ဘယ်လို ပေးနိုင်လို့လဲဆိုတာ ပြန် မေးချင်တယ်။ မြို့ကို တကယ် အကျိုးရှိတဲ့ ဥပဒေမျိုးကို ကျွန်တော်တို့ လိုချင်တာပါ။ ကျွန်တော်တို့က လက်တွေ့ လေ။ စစ်မှုထမ်းဟောင်းကဆိုရင် လိုင်းကြေး တစီးကို သုံးသိန်း ရမယ်ဆိုရင် လာသမျှ သုံးဘီးဆိုင်ကယ်ကို လိုင်းထဲ ထည့်နေတဲ့အခါကျတော့ ပြဿနာမျိုးစုံ တက်ပြီးတော့ တိုင်းအဆင့်အထိ ရောက်တာလည်း သာဓကတွေလည်း ရှိတယ်။ ကြုံတဲ့လူ တက်မောင်းနေတာ။

သုံးတန်အထက် ယာဉ်မ၀င်ရနယ်မြေ သတ်မှတ်တာက ယေဘူယျအားဖြင့် မဖြစ်သင့်ဘူးလို့ ထင်တယ်။ မြို့ထဲမှာ ဗရန်းဗတာလုပ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ကိုင်ပေါက်ပြီး ကားကို မ၀င်ခိုင်းဘဲ တနေရာမှာ ကုန်တင် အဝေးပြေးဂိတ် ဖွင့်ချင်လို့ လုပ်တာမျိုးကို မဖြစ်စေချင်ဘူး။ အဝေးပြေးဂိတ်က မြို့ကို တကယ် တိုးတက်အောင် လုပ်တဲ့ ဂိတ်လည်း မဟုတ်ဘူး။ အများပြည်သူဆန္ဒနဲ့ လုပ်တဲ့ ဂိတ်လည်း မဟုတ်ဘူး။ သူတို့ဟာသူတို့ အလွမ်းသင့်တဲ့ စီးပွားရေးလုပ်ငန်းရှင် သုံးဦးလောက်က လုပ်ပြီး မြို့က ၀ိုင်း အကောင်အထည် ဖော်ရမှာဆိုတာကတော့ မြို့အနေနဲ့ နာတယ်။ စာနဲ့ တိုင်း ၀န်ကြီးချုပ်ကို တင်ပြတယ်ဆိုတာက ဒီအမိန့် မရောက်ခင် ပြောတာ လေ။ ထောက်ပြချင်တာကတော့ ယာဉ်ကြောပိတ်လို့ ပြဿနာ မတက်ဘူး။ ပလက်ဖောင်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ ဈေးရောင်းတာ၊ ပစ္စည်းထားတာကို ရှင်းပါ။ သုံးဘီးဆိုင်ကယ်တွေကို တံခါးမရှိ၊ ဓါးမရှိ ပြေးခိုင်းလိုက်တယ်ဆိုရင် ပိုပြီးတော့ ဆိုးဝါးလိမ့်မယ်လို့ မြင်တယ်။ ဒါလေး ပြောချင်တာ“ လို့ ပြောပြပါတယ်။

ဆောက်လုပ်ထားတဲ့ ဟင်္သာတမြို့ အဝေးပြေးကားဂိတ်

ဟင်္သာတမြို့တွင်း ကားလမ်းမြင်ကွင်း

ဟင်္သာတမြို့တွင်း ကားလမ်းမြင်ကွင်း

သတင်း - ဟင်္သာတမြို့ သုံးတန်အထက် မော်တော်ယာဉ် မ၀င်ရ - May 8 2012 05:37 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005