ချင်းပြည်နယ် ထေရ၀ါဒသာသနာပြုကျောင်းအတွက် ဆရာတော်များရဲ့ အလှူ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ဗန်းတဲ့ကျေးရွာ၊ ဗန်းတဲ့ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတွင် ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအတွက် ၂၀၁၂၊ မေလ ၂ ရက်နေ့ဝန်းကျင်က မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) ၊ ဆရာတော် ဦးကုမာရ (ဓမ္မဓရ) ၊ ပုလဲဆရာတော် ဦးပညာဝံသနဲ့ တောင်စလင်းဆရာတော်ကြီး ဘဒ္ဒန္တတိက္ခက တို့က အလှူငွေများ၊ စာရေးကိရိယာများနဲ့ အ၀တ်အစားများ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ထိုသို့ လှူဒါန်းမှုများ ပြုလုပ်ရာ ဗန်းတဲ့ကျောင်းတိုက် အလှည့်ကျ ကျောင်းထိုင်ဆရာတော် အရှင်ဉာဏောဘာသ (M. A. Buddism) သာသန တက္ကသီလ မဟာဓမ္မာစရိယအား အရှင်ဝီရသူ (မစိုးရိမ်) က ငွေကျပ်တသိန်း၊ ဆရာတော် ဦးကုမာရ (ဓမ္မဓရ) က ငွေကျပ် တသိန်း၊ ဗလာစာအုပ် ၁၂ ဒါဇင်၊ ဘောလ်ပင် ၁၅၀၊ ပုလဲဆရာတော် ဦးပညာဝံသက ငွေကျပ် တသိန်းနဲ့ တောင်စလင်းဆရာတော်ကြီး ဘဒ္ဒန္တတိက္ခက ဗလာစာအုပ် ၁၀ ဒါဇင်၊ ခဲတံ ၁၀ ဒါဇင်၊ အဝတ်ထုပ် ၂ ထုပ် အသီးသီး ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

အဆိုပါ ဗန်းတဲ့ကျောင်းကို ၂၀၀၄ နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှစတင်၍ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း၊ စတင်ဖွင့်လှစ်သင်ကြားပြသခဲ့တဲ့ ဆရာတော်မှာ ဥသျှစ်ပင်မြို့၊ သာသနာ တက္ကသီလ ဓမ္မာစရိယ အရှင်တိဿ (B.A. Buddhism) ဖြစ်ကြောင်း၊ ဗန်းတဲ့ကျေးရွာတွင် အိမ်ခြေ ၃၅၀ ကျော်ရှိရာ ဗုဒ္ဓဘာသာဝင် မိသားစုက ၇၅ အိမ်ခန့် ရှိကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား/သူပေါင်း ၂၀၃ ဦးရှိပြီး တက်ရောက် ပညာသင်ကြားနေရာ ဗုဒ္ဓဘာသာဝင် ကျောင်းသူ/ကျောင်းသားများနဲ့အတူ နှစ်ခြင်းခရစ်ယာန် ဘာသာဝင် ၃ ဦး၊ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင် ၈၀ ဦးတို့ တက်ရောက် ပညာသင်ကြားကြကြောင်း သိရပါတယ်။

ဗန်းတဲ့ကျောင်း လက်ရှိကျောင်းထိုင်ဆရာတော် အရှင်ဉာဏောဘာသဟာ ဆရာတော်အရှင်ဝီရသူရဲ့ တပည့်အရင်းဖြစ်ပြီး၊ ကျောက်ဆည်မြို့၊ မင်းကုန်းကျောင်းတိုက်နဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တို့တွင် ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။

သာသနာပြုလုပ်ငန်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ကိစ္စများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင်ဝီရသူက တပည့် အရှင်ဉာဏောဘာသ အား “ဘာသာရေး လူမျိုးရေး မဖက်၊ ပညာရေးသက်သက်သာ ပို့ချပေးဖို့၊ အခြား ဘာသာဝင်များကို အကြပ်ကိုင်ပြီး ဘုရားရှိခိုး ခိုင်းတာမျိုး မလုပ်ဖို့၊ ထိုသို့လုပ်ခြင်းဟာ လွတ်လပ်စွာ ကိုးကွယ်ခြင်းကို ချိုးဖောက်ရာရောက်တဲ့အတွက် အထူး ရှောင်ကြဉ်ဖို့၊ တိုင်းရင်းသား ကလေးငယ်များအား ဗမာစကား တတ်အောင်၊ ပညာတတ်အောင် သင်ကြားပေးခြင်းဖြင့် အသိဉာဏ် မျက်စိဖွင့်ပေးဖို့၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အချင်းချင်း ရင်းရင်းနှီးနှီး ထိတွေ့ခွင့်ရရေးကို အဓိကထား ရည်ရွယ်ဖို့၊ ဘာသာမတူသူများ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခြင်းသည်သာ ငြိမ်းချမ်းရေး အစစ်ဆိုကို ကမ္ဘာသားများ၊ တိုင်းရင်းသားများ အသီးသီး သိရှိအောင်ပြသဖို့ လိုကြောင်း သြဝါဒစကား ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံသတင်း - ချင်းပြည်နယ် ထေရ၀ါဒသာသနာပြုကျောင်း ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) ဆရာတော် ဦးကုမာရ (ဓမ္မဓရ) ပုလဲဆရာတော် ဦးပညာဝံသ တောင်စလင်းဆရာတော်ကြီး ဘဒ္ဒန္တတိက္ခက - May 7 2012 05:24 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005