စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ၌ အရှင်ဝီရသူ တရား ဟောကြား

ဆရာတော်အရှင်ဝီရသူဟာ ၁၃၇၄ ခု၊ ကဆုန်လဆန်း ၁၄ ရက်၊ (၂၀၁၂၊ မေလ ၄ ရက်နေ့) ည ၈ နာရီတွင် ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ၌ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားခဲ့ကြောင်း သိရပါတယ်။

ထို တရားပွဲတွင် ဟောကြားရန် မူလ စီစဉ်ထားတဲ့ တရားဟာ ဥပက္ကိလေသသုတ္တန် ဖြစ်ကြောင်း၊ ကျည်တောက်ပေါက် ကျေးရွာဟာ ရွှေတော ဖြစ်တဲ့အတွက် ရွှေ သန့်စင်နည်း၊ စိတ် သန့်စင်နည်းနဲ့ ပတ်သက်တဲ့ အဆိုပါ သုတ္တန် ဟောဖို့ ရည်ရွယ်ထားခဲ့ကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၀၃ စည်းရုံးရေး ခရီးစဉ်များအတွင်း စစ်အစိုးရ ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ဝင်များရဲ့ ရန်စမှုများဟာ ကျည်တောက်ပေါက်ရွာမှ စတင် ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုဖြစ်စဉ် အမည်းစက်ကို ဆေးကြောလိုတဲ့အတွက် မူလ စီစဉ်ထားတဲ့ တရားတော်ကို မဟောကြားတော့ဘဲ ကုဏ္ဍလကေသီဝတ္ထုကို “နေခြည်လာမှ ရွှေပြည်သာမည်” ဟု အမည်ပေးကာ ဟောကြားခဲ့ခြင်းဖြစ်ကြောင်း ဆရာတော် အရှင်ဝီရသူက မိန့်ကြားပါတယ်။

တရားပွဲ မစခင်တွင် ဆရာတော် အရှင်ဝီရသူ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ရိုက်ကူးထားတဲ့ “ငရဲပြည်မှ အပြန်” မှတ်တမ်းကို ပရိုဂျက်တာဖြင့် ပြသခဲ့ပါတယ်။ အဆိုပါ မှတ်တမ်း၌ မန္တလေးလေဆိပ်တွင် ဆရာတော် အရှင်ဝီရသူအား သံဃာထုက ကြိုဆိုနေပုံ၊ မစိုးရိမ်တိုက်သစ် သံဃာများအား သြဝါဒပေးပုံမှအစပြုကာ အကျဉ်းထောင်မှ လွတ်မြောက်ပြီးစ တလအတွင်း ဆောင်ရွက်ချက်များကို မှတ်တမ်း ပြုစုထားသည့် မှတ်တမ်းတရား ဖြစ်ကြောင်း သိရပါတယ်။ တရားနာ ပရိသတ်အနေနဲ့ တရားခွေထက်ပို၍ အဆိုပါမှတ်တမ်းခွေကို ပိုပြီး စိတ်ဝင်စားကြကြောင်း သိရပါတယ်။

ကျည်တောက်ပေါက်တွင် ဟောခဲ့သော တရား၌ “ယောက်ျားတွေသာ ပညာရှိတာ မဟုတ်ကြောင်း မိန်းမတွေလည်း ပညာရှိကြောင်း၊ မိန်းမအုပ်ချုပ်သည့် အဖွဲ့အစည်းး၊ ပါတီ၊ တိုင်းပြည်တို့ ပျက်စီးတတ်ကြတယ်“ ဆိုတဲ့ လောကနီတိစကားဟာ ဘုရားဟောနဲ့ ဆန့်ကျင်ကြောင်းကို မဃဒေဝ လင်္ကာများ၊ ကိုယ်တိုင်ရေး သံပေါက်များဖြင့် ဟောကြားခဲ့ပါတယ်။ အဆိုပါ တရားပွဲကို ရွာနီးချုပ်စပ်မှ ပရိသတ်များက ယာဉ်အသီးသီးဖြင့် လာရောက် နာကြားကြရာ စဥ့်ကူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များလည်း လာရောက် တရားနာယူခဲ့ကြပါတယ်။

ဓါတ်ပုံသတင်း - အရှင် ၀ီရသူ ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ - May 7 2012 04:05 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005