မန္တလေးမြို့၊ ပေါင်းလဲတိုက် ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ သင်တန်းဆင်းပွဲ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနဲ့ လမ်း ၄၀ ကြား၊ ၈၂ လမ်းနဲ့ ၈၄ လမ်းကြား၊ ပေါင်းလဲဘုရားဝင်းအတွင်းရှိ ပေါင်းလဲဓမ္မဗိမာန်တော်ကြီး ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ သင်တန်းဆင်းပွဲကို ၁၃၇၄ ခုနှစ် ကဆုန်လပြည့်နေ့ (၂၀၁၂ မေလ ၅ ရက်နေ့) မနက် ၉ နာရီက စတင် ကျင်းပခဲ့ပါတယ်။ ထို သင်တန်းဆင်းပွဲကို အစီအစဉ် ၉ ရပ်ဖြင့် ကျင်းပခဲ့ရာ ပေါင်းလဲတိုက် ပတ္တမြားရွှေရည်ကျောင်းဆရာတော် ဘဒ္ဒန္တဝိစာရ အမှူးပြုသော ပင့်သံဃာများ၊ သင်တန်းနည်းပြ ကထိက ဆရာတော်များ၊ မိဘပြည်သူများ၊ ဧည့်သည်ပရိသတ်များ၊ စာနယ်ဇင်းသမားများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၊ သင်တန်းသူ/သားများနဲ့အတူ ကျင်းခဲ့ပါတယ်။

ထို အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးမောင်မောင်တင်က ဆောင်ရွက်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဖွင့်လှစ်ကာ မဟာအောင်မြေ၊ ပေါင်းလဲတိုက်၊ တိုက်အုပ်ဆရာတော် အနန္တဂုဏ်ရည်ကျောင်း သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဇဝနမထေရ်က ငါးပါးသီလ ချီးမြှင့်တော်မူပြီး၊ ဆရာတော်အရှင်ဝီရသူက သြဝါဒကထာမြွက်ကြားကြောင်း၊ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာရိပ်သာမှ ဆရာတော် ဘဒ္ဒန္တဝေရောစန မထေရ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို မိန့်ကြားခဲ့ကြောင်း သိရပါတယ်။ ထို့အပြင် အလှူရှင်တို့အား ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ သင်တန်းသား/သူများအား ထူးချွန်ဆု၊ စာအောင်ဆု၊ နှစ်သိမ့်ဆုများ ချီးမြှင့်ခြင်း၊ ဝမ်းသာစကား ပြောကြားခြင်း၊ ဓမ္မတေးများ သရုပ်ဖော် ကပြခြင်းများ ပြုလုပ် ဆောင်ရွက်ကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

သင်တန်းနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုသင်တန်း ဦးစီးကျင်းပသူ ဆရာမကြီး ဒေါ်ကြင်ကြင်မြိုင်က ကျေးဇူးတင်စကား ပြောကြားရာ “သစ္စဝေဒဂူဆရာတော်၊ အရှင်ဇဝန မေတ္တာရှင်ဆရာတော်၊ အရှင်ဝီရသူ (မစိုးရိမ်) ဆရာတော်တို့ရဲ့ မေတ္တာတရားကြောင့် ယခုလို အောင်မြင်စွာ သင်တန်း ပြီးဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလကတည်းက သင်တန်းဖွင့်ဖို့ ရည်ရွယ်ခဲ့ကြောင်း၊ ထိုသို့ရည်ရွယ်ရခြင်းမှာ ဘုန်းဘုန်းဝီရသူရဲ့ သြဝါဒစကားကြောင့် ဖြစ်ကြောင်း၊ ဘာသာဖျက်၊ လူမျိုးဖျက်၊ သာသနာဖျက် ဘာသာခြားများကို စက်ဆုပ်မိကြောင်း၊ လွန်ခဲ့သည့် ရှစ်နှစ်ကျော် ကိုးနှစ်ခန့်က ဘုန်းဘုန်းဦးဝီရသူကို လျှောက်ထားခဲ့ရာ ဘုန်းဘုန်းက “သူတို့ကို မုန်းရမှာ မဟုတ်ဘူး၊ မောင်းထုတ်ရမှာလည်း မဟုတ်ဘူး၊ နိုင်ငံတနိုင်ငံဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကတော့ ရှိမှာပဲ။ ဒါကြောင့် ကိုယ့်ခြံကိုယ် လုံအောင် ကာကွယ် စောင့်ရှောက်ရမယ်” ဟု မိန့်တော်မူကြောင်း၊ ဒါ့ကြောင့် ခြံလုံအောင်ကာကွယ်တဲ့အနေနဲ့ သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စိတ်အားတက်ကြွစွာ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါသင်တန်းကို သင်တန်းသား ကိုရင် ၁၂ ပါး၊ မောင်ယဉ်ကျေး ၁၅၈ ဦး၊ မယ်ယဉ်ကျေး ၁၅၅ ဦး၊ စုစုပေါင်း ၃၂၅ ဦး တက်ရောက်ခဲ့ရာ သင်တန်းသားများအတွက် ကိရိယာအစုံအလင်ပါ ကွန်ပါဗူး ၃၂၅ ဗူး၊ သင်တန်းပို့ချသူ ယောဂီဆရာမ ၈ ဦးအတွက် ယောဂီဝတ်စုံ ၈ စုံ၊ အုပ်ချုပ်ရေး သီလရှင်ဆရာကြီး နှစ်ပါးအတွက် သီလရှင်ဝတ်စုံ ၂ စုံ၊ အုပ်ချုပ်ရေးသံဃာ ၄ ပါးအတွက် လှူရံ သင်္ဃန်းခြင်း ၄ ခု (စုစုပေါင်း တန်ဖိုးငွေမှာ ငွေကျပ် သုံးသိန်းခွဲခန့်) တို့ကို ဆရာတော်အရှင်ဝီရသူ ကိုယ်တိုင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနား ပြီးဆုံးသွားပြီးနောက် သင်တန်းသူ/သားများနှင့် မိဘပြည်သူများမှာ ပေါင်းလဲတိုက်အတွင်းရှိ မဟာဗောဓိပင်မှာ ညောင်ရေသွန်း ကုသိုလ်ယူကြကြောင်း၊ ကျောင်းသူ/သားလေးများသည် အချင်းချင်း ရေပက်တမ်း ကစားကြကြောင်း၊ ယဉ်ကျေးမှုသင်တန်း ဦးစီးကျင်းပသူ ဒေါ်ကြင်ကြင်မြိုင်ကို ရှိခိုးကန်တော့ကာ လိမ်လိမ်မာမာ နေထိုင်သွားမည်ဖြစ်ကြောင်း၊ နောက်နောင်လည်း သင်တန်းအဆင့်ဆင့်ကို တက်ရောက်သင်ယူသွား မည်ဖြစ်ကြောင်း၊ ကတိပြုကြပြီး ခွဲခွါခြင်း အထိမ်းအမှတ်အဖြစ် ဝမ်းနည်းပက်လက် ငိုကြွေးကြကြောင်း၊ ထိုအခါ ဆရာမကြီး ဒေါ်ကြင်ကြင်မြိုင်နဲ့ နည်းပြအားလုံး မျက်ရည်မဆည်နိုင်ဘဲ ငိုကြွေးကြကြောင်း၊ ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ဆရာ/မများ သင်တန်းသူ/သားများရဲ့ ပီတိမျက်ရည်ဖြင့် ညောင်ရေသွန်းကာ ကုသိုလ်ယူကြသလို ဖြစ်ကြောင်းလည်း သတင်းရရှိပါတယ်။

ဓါတ်ပုံသတင်း - မန္တလေး ပေါင်းလဲတိုက် ပေါင်းလဲဓမ္မာရုံ ယဉ်ကျေးလိမ္မာ ယဉ်ကျေးမှုသင်တန်း ဦးဝီရသူ - May 7 2012 03:06 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005