စကိုင်လာ ထွက်ခွာသွားတဲ့ အမေရိကန်အိုင်ဒယ်လ်

http://www.americanidol.com/

အမေရိကန်အိုင်ဒယ်လ် ရုပ်သံလွှင့်အစီအစဉ်ကို ကြည့်ရင်း တခါတရံမှာ ဒေါသတွေ ထွက်၊ စိတ်တွေ တို ရတဲ့နေ့ကတော့ ပြိုင်ပွဲဝင်တဦးဦး ပြိုင်ပွဲက ထွက်ခွာသွားရတဲ့နေ့၊ တနည်းအားဖြင့် ပြောရရင် မဲရလဒ်တွေ ကြေငြာတဲ့နေ့ ဖြစ်ပါတယ်။ ၂၀၁၂ မေ ၃ ရက်နေ့ ည အမေရိကန်အရှေ့ဘက်ပိုင်း စံတော်ချိန် ၈ နာရီမှာ စတင် ထုတ်လွှင့်တဲ့ အမေရိကန်အိုင်ဒယ်လ် အစီအစဉ်ကို ကြည့်နေရင်း ဟိုလီ ကာဗာနာ (Hollie Cavanagh) နဲ့ ဖိလစ် ဖိလစ် (Phillip Phillips) တို့ နှစ်ဦးအနက် ဟိုလီက မဲ အနည်းဆုံးရသူ နှစ်ဦးအနက် တဦး ဖြစ်သွားတဲ့အခါ မကျေမနပ် ဖြစ်မှုတွေ ပေါက်ကွဲကုန်ပါတယ်။

ဒါနဲ့ အနီးမှာ ထိုင်နေတဲ့ ဇနီးသည်က ဒါဆို ရှင်ရော မဲ ပေးလား လို့ မေးပြီး အဲဒီလို မဖြစ်စေချင်ရင် ရှင်လည်း မဲပေးပေါ့လို့ ပြန် ပြောပါတယ်။ အဲဒီအချိန် မလှမ်းမကမ်းမှာ စာကျက်နေတဲ့ သမီးက အမေကရော အမေ့ရဲ့ ဂတုံးကို မဲပေးတာ သူ ပြုတ်သွားတယ် မဟုတ်လားလို့ သူ့အမေကို လှမ်း ပြောပါတယ်။ ဒီတော့ ဇနီးသည်က အနည်းဆုံးတော့ ငါ မဲပေးတယ် လေ လို့ သူ့သမီးကို ပြန်ပြောလိုက်ပါတယ်။ ဒါကတော့ အိမ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အခြေအနေလေး ပါ။

သမီး ပြောတဲ့ ဂတုံးဆိုတာကတော့ အမေရိကန်အိုင်ဒယ်လ် ၅ နှစ်မြောက် ထုတ်လွှင့်တုန်းက နံပါတ်လေး အဆင့်မှာ ပြိုင်ပွဲက ထွက်သွားတဲ့ ခရစ်စ် ဒေါ့ထရီ (ထွီ) (Chris Daughtry) ဖြစ်ပါတယ်။ အခုတော့ သူဟာ ထိပ်တန်းအဆိုတော်တဦး ဖြစ်နေပါပြီး အဲဒီနှစ်က ဒေါ့ထရီ၊ အဲလီးယက် ယဲန်မင်း (Elliott Yamin)၊ ကက်ကရင်း မက်က်ဖီး (Katharine McPhee) နဲ့ ဆံဖြူလို့ ကျွန်တော်တို့ အမည်ပေးထားတဲ့ တေလာ ဟစ်က် (Taylor Hicks) တို့ နောက်ဆုံး လေးဦး ကျန်ခဲ့စဉ် အိုင်ဒယ်လ် (သို့) ဒုတိယအဆင့်မှာ ကျန်ခဲ့မယ်လို့ မျှော်လင့်ခဲ့တဲ့ ဒေါ့ထရီက အဆင့်လေးနဲ့ ပြီးသွားခဲ့ပါတယ်။

အခုတခေါက်လည်း မေ ၂ ရက်နေ့ ဖျော်ဖြေမှုမှာ အညံ့ဆုံးလို့ ကျွန်တော်တို့ မြင်သလို အိုင်ဒယ်လ်တွေကို သီချင်းဆိုသင်ပေးတဲ့ ဂျင်မီကလည်း သုံးသပ်တဲ့ ဖိလစ် ဖိလစ် (Phillip Phillips) က မဲ အနည်းဆုံးထဲမှာ မပါဝင်ဘဲ ဟိုလီ ကာဗာနာ (Hollie Cavanagh) နဲ့ စကိုင်လာ လိန်း (Skylar Laine) တို့ မဲ အနည်းဆုံး နှစ်ဦးထဲမှာ ပါဝင်သွားတော့ စိတ်ထဲမှာ ကသိကအောင့် ဖြစ်သွားပါတယ်။ သို့သော်လည်း အိုင်ဒယ်လ်ပြိုင်ပွဲမှာ တေလာ ဟစ်က် (Taylor Hicks) အမေရိကန်အိုင်ဒယ်လ် ဖြစ်သွားကတည်းက ဆန္ဒပြု မဲပေးသူများရဲ့စွမ်းအားကို သတိထားမိပါတယ်။ ခရစ်စ် အယ်လ်လဲန် (Kris Allen) အိုင်ဒယ်လ်ဖြစ်သွားတဲ့ ၈ နှစ်မြောက်ပြိုင်ပွဲတုန်းကလည်း အံ့အားသင့်ခဲ့ရတာပါပဲ။ အဲဒီနှစ်က အိုင်ဒယ်လ်တွေထဲ ထိပ်တန်းပြေးနေတဲ့ အဒမ် လဲန်းဘာ့တ် (Adam Lambert) တယောက် နံပါတ် ၂ နဲ့ ကျေနပ်လိုက်ရပါတယ်။ အခုတော့ အဒမ်လည်း အောင်မြင်နေပါပြီ။

ဒီနှစ်ပြိုင်ပွဲမှာ အခုချိန်အထိ နောက်ဆုံးအဆင့် ရောက်နိုင်တယ်လို့ သေချာသူကတော့ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) တဦးပဲ ဖြစ်မယ် ထင်ပါတယ်။ သူ့မှာက မဲပေးသူရှိသလို အဆိုပညာလည်း ကောင်းပါတယ်။ ဖိလစ်က မဲပေးသူ ရှိပေမယ့် သီချင်းဆိုရာမှာတော့ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) နဲ့ ဟိုလီ ကာဗာနာ (Hollie Cavanagh) တို့လို မဆိုနိုင်ဘူးလို့ မြင်မိပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေထဲက နောက်ဆုံးအဆင့် ပြိုင်ပွဲတွေမှာ ဖိလစ်က သူ ဖန်တီးချင်တဲ့ အနုပညာကို သူ ဖန်တီးချင်သလို ဖန်တီးရင်း အိုင်ဒယ်လ်ပြိုင်ပွဲတွေကို ဖြတ်သန်းသွားခဲ့ပါတယ်။ ဖိလစ်ရဲ့ ဖန်တီးမှုတွေဟာ အကဲဖြတ်တွေနဲ့ လေ့လာသုံးသပ်သူတွေရဲ့ ရင်ထဲကို ရောက်မသွားသော်လည်း သူ့ ပရိသတ်ရင်ထဲ ရောက်သွားတဲ့အတွက် မဲတွေ ရရှိနေတာ ဖြစ်ပါတယ်။

မေ ၃ ရက်နေ့ အမေရိကန်အိုင်ဒယ်လ် အစီအစဉ်မှာ ကူးပလေး (Coolplay) အဖွဲ့နဲ့ အမေရိကန်အိုင်ဒယ်လ် အစီအစဉ်ရဲ့ အအောင်မြင်ဆုံး အဆိုတော် ကယ်ရီ အဲန်ဒါဝုဒ် (Carrie Underwood) တို့ ဖျော်ဖြေသွားခဲ့ပါတယ်။ ဆက်လက် တင်ဆက်မယ့် အမေရိကန်အိုင်ဒယ်လ်ပြိုင်ပွဲကို ကြည့်ချင်သော်လည်း မဲအနည်းဆုံးရပြီး ပြိုင်ပွဲကို စွန့်ခွာသွားကြရမယ့်နေ့တွေကို ရင်မဆိုင်ချင်သလို ဖြစ်နေပါတယ်။ သို့သော်လည်း ဒါဟာ ဒီ ရုပ်သံထုတ်လွှင့်မှုရဲ့ စွဲဆောင်မှုတခု ဖြစ်ပြီး ခံစားချက်တခုခု ကျန်ရစ်အောင် လုပ်နိုင်တဲ့ ရုပ်သံလွှင့်အစီအစဉ် ဖြစ်နေတာမို့ အမေရိကန်အိုင်ဒယ်လ်ဟာ လူကြည့်အများဆုံး ရုပ်သံလွှင့်အစီအစဉ်တခုအဖြစ် ဆက်ပြီး ရပ်တည်နေလိမ့်ဦးမှာပဲ ဖြစ်ပါတယ်။
သတင်း - အမေရိကန်အိုင်ဒယ်လ် - May 4 2012 02:18 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005