အမေရိကန်အိုင်ဒယ်လ် နောက်ဆုံး ဆန်ကာတင် ငါးဦးရဲ့ ပြိုင်ပွဲ

၂၀၁၂ ခုနှစ် အမေရိကန်အိုင်ဒယ် ရုပ်သံ ထုတ်လွှင့်မှု အစီအစဉ် နောက်ဆုံး ဆန်ကာတင်ငါးဦးရဲ့ သီဆို ဖျော်ဖြေ ယှဉ်ပြိုင်မှုတွေကို ၂၀၁၂ မေ ၂ ရက်နေ့က တိုက်ရိုက် ထုတ်လွှင့် တင်ဆက်သွားခဲ့ပါတယ်။ သီဆို ယှဉ်ပြိုင်သွားကြသူ ငါးဦးစလုံးရဲ့ အသက်တွေက မတိမ်းမယိမ်း၊ ဆိုနိုင်စွမ်းတွေကလည်း သိပ်မကွာတဲ့အတွက် ကြိုတင်ခန့်မှန်းချက်တွေနဲ့ အမှန်ရလဒ်တွေ ထပ်တူ တူနိုင်ဖို့တော့ ခဲယဉ်းပါလိမ့်မယ်။

နောက်ဆုံး ဆန်ကာတင်ငါးဦး ဖြစ်ကြတဲ့ ဟိုလီ ကာဗာနာ (Hollie Cavanagh)၊ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) ၊ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) ၊ စကိုင်လာ လိန်း (Skylar Laine) နဲ့ ဖိလစ် ဖိလစ် (Phillip Phillips) တို့ ငါးဦးစလုံးဟာ သူတို့ရဲ့ အကောင်းဆုံးစွမ်းအားများနဲ့ ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။ သူတို့ ငါးဦးအနက် အားအနည်းဆုံး နှစ်ဦးကတော့ စကိုင်လာ လိန်း (Skylar Laine) နဲ့ ဖိလစ် ဖိလစ် (Phillip Phillips) တို့ ဖြစ်ကြပြီး ဟိုလီ၊ ဂျက်စီကာနဲ့ ဂျော်ရှဝါတို့ သုံးဦးအနက် ဘယ်သူက ဆန္ဒမဲအနည်းဆုံးစာရင်းမှာ ပါမလဲဆိုတာကတော့ ရွေးရခက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖိလစ်ဟာ စကိုင်လာလောက် ဆိုဟန် မကောင်းသော်လည်း ဖိလစ်က မဲအနည်းဆုံး သုံးဦးစာရင်းမှာ မပါဝင်ဘဲ စကိုင်လာ ပါဝင်သွားတဲ့အတွက် ဖိလစ်ကို မဲပေးသူအင်အား တောင့်တင်းတယ်လို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အားအနည်းဆုံးလို့ ခန့်မှန်းကြတဲ့ ဟိုလီဟာ ဒီတပတ်မှာ အကောင်းဆုံး သီဆိုပြသွားနိုင်ပါတယ်။ ဟိုလီ သီဆိုတဲ့ Bleeding Love သီချင်းကို ကြားတဲ့အခါ မူရင်းအဆိုတော် လီယိုနာ လူးဝစ်စ် (Leona Lewis) ကို ခေတ္တ မေ့သွားမှာ ဖြစ်သလို ဂျက်စီကာက သီချင်းတပုဒ်လုံးကို စင်ပေါ်မှာ ထိုင်နေတဲ့ပုံစံမပျက် သီဆိုသွားတဲ့ You are So Beautiful သီချင်းကို နားထောင်မိရင်လည်း သီချင်းသံစဉ်ထဲ နစ်မျောစီးဝင်သွားမှာ သေချာပါတယ်။ ဟိုလီရဲ့ River Deep Mountain High သီဆိုပုံနဲ့ ဂျက်စီကာ သီဆိုတဲ့ တီနာတာနာရဲ့ Rolling on the River သီချင်းကို ကြားရရင်လည်း သူတို့ရဲ့ ဂီတ အစွမ်းအစကို ဘယ်သူမှ လျော့တွက်နိုင်ကြမှာ မဟုတ်ပါဘူး။

ပလေးဘွိုင်းသန်းနိုင်၊ အယ်လ်ခွန်းရီတို့ သီဆိုခဲ့တဲ့ (ချမ်းချမ်း ပြန်ဆိုထားတဲ့) ကိန္နရာချောင်းခြား အမှာစကား သီချင်းရဲ့ ပထမဆုံးစာသား ဖြစ်တဲ့ “ငွေလ၀န်း အစဉ်အမြဲ မသာပါဘူး“ လို့ ကြားလိုက်တာနဲ့ “မသေချာသူ လောကထဲ အိုလေ ချောင်းခြားတဲ့ ပုံလေးအတိုင်း နှစ်ယောက်သား ဝေးရင်“ ဆိုတဲ့ စာသားအထိ နားထဲကို စွဲငြိနေကြမှာ အမှန်ပါ။ အဲဒီသီချင်းရဲ့ မူရင်းဖြစ်တဲ့ To Love Somebody သီချင်းကို ဂျော်ရှဝါ သီဆိုတာ ကြားရရင်တော့ မူရင်းအဆိုတော် The Bee Gees ထိုင် ငိုသွားမယ်လို့ ပြောကြမယ် ထင်ပါတယ်။

Bleeding Love ၊ You are So Beautiful ၊ Rolling on the River နဲ့ To Love Somebody ဆိုတဲ့ သီချင်းတွေဟာ ဆိုရတာ မလွယ်ကူသလို ဆိုဟန်တချက်မှားသွားတာနဲ့ သီချင်းရဲ့ရသကို တခါထဲ ပျက်သွားစေပါတယ်။ အမေရိကန်အိုင်ဒယ်လ်နဲ့ အိပ်က်စ် ဖက်တာ (ဖ နေရာတွင် အက်ဖ် (F) အသံထွက် ဖြစ်ပါတယ်။) (X Factor) လို ပြိုင်ပွဲတွေဟာ သူတို့ရဲ့ ပြိုင်ပွဲဝင်တွေကို မူရင်းသီချင်းအတိုင်း ပုံတူကူး သီဆိုစေတာထက် ဆိုတဲ့သူရဲ့ ဟန်ကို ထည့်ပြီး အပြောင်းအလဲနဲ့ သီဆိုစေတဲ့အတွက် နာမည်ကြီးပြီး ဂီတလောကနဲ့ ပရိသတ်ကို ကောင်းကောင်း စွဲဆောင်ထားတဲ့ သီချင်းတွေကို သီဆိုတဲ့အခါ တချက်ကလေးမှားတာနဲ့ ပြိုင်ပွဲက ထွက်သွားစေတာမို့ မလွယ်တာက တော်တော့်ကို မလွယ်ပါဘူး။ သို့သော်လည်း ဒီနှစ် အိုင်ဒယ်လ်ပြိုင်ပွဲဝင်တွေကတော့ ခက်ခဲတဲ့ သီချင်းတွေနဲ့ ပရိသတ်ရဲ့ သြဘာသံရအောင် ယူသွားနိုင်သလို သူတို့တွေရဲ့ မှတ်တိုင်တွေ ဖြစ်အောင် အံ့မခန်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အိုင်ဒယ်လ်ရဲ့ ပဉ္စလက်တွေဖြစ်တဲ့ ဆိုင်မွန် ဖော်လာ (ဖ နေရာတွင် အက်ဖ် (F) အသံထွက် ဖြစ်ပါတယ်။) (Simon Fuller) နိုင်ဂျယ်လ် လက်တ်ဂိုး (Nigel Lythgoe) တို့ရဲ့ ပညာစွမ်းတွေနဲ့ ဒီနှစ် အိုင်ဒယ်လ်ပြိုင်ပွဲ ထုတ်လွှင့်မှုပုံစံ၊ ဟန်တွေကို လွန်ခဲ့တဲ့တပတ်ကစပြီး သိသိသာသာ ပြောင်းလဲလိုက်ခြင်းဟာ အမေရိကန်အိုင်ဒယ်လ်ကို ပိုပြီး အရောင်တောက်စေခဲ့ပါတယ်။ ယခင်က အမေရိကန်အိုင်ဒယ်လ်ဟာ ပြိုင်ဘက်မရှိ ရပ်နိုင်ခဲ့သော်လည်း အခုအချိန်မှာတော့ အဲန်ဘီစီက ထုတ်လွှင့်တဲ့ The Voice နဲ့ ဆိုင်မွန်ရဲ့ X Factor တွေက အမေရိကန်အိုင်ဒယ်လ်ကို ကောင်းကောင်း ယှဉ်လာနိုင်တဲ့အတွက်လည်း အိုင်ဒယ်လ် ဖန်တီးသူတွေက သူတို့ အစီအစဉ်ကို ပိုမို ဆန်းသစ် သွက်လက်အောင် ဖန်တီးလာကြတာ ဖြစ်ပါလိမ့်မယ်။

မေ ၂ ရက်နေ့ အစီအစဉ်ကို ကြည့်ပြီးတဲ့အခါ ဘယ်သူ အားအနည်းဆုံးလို့ ပြောရမှာ ခက်နေတာကတော့ အမှန်ပါ။ အထင်ကရ ဂီတအနုပညာ ဂျာနယ်တွေ၊ စာစောင်တွေ၊ သတင်းစာတွေရဲ့ ဆန်းစစ်မှုကို ဖတ်ကြည့်ရတော့လည်း ထိပ်ဆုံး လေးဦးစာရင်းထဲ ဘယ်သူတွေ ပါဝင်နိုင်မလဲဆိုတာ ရေရေရာရာ မပြောနိုင်ကြသေးတာ တွေ့ရပါတယ်။ ဒါ့ကြောင့် သေသေချာချာ သိရအောင် မေလ ၃ ရက်နေ့ည အစီအစဉ်ကိုသာ စောင့်ကြည့်ကြရအောင်လို့ပဲ ဆိုပါရစေ။
သတင်း - အမေရိကန်အိုင်ဒယ်လ် - May 3 2012 11:17 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005