ကော့သောင်း ကျောက်မီးသွေးဓါတ်အားပေးစက်ရုံကိစ္စ နိုင်ငံတော်သမ္မတထံ အသနားခံ တင်ပြ

ကော့သောင်းမြို့တွင် လည်ပတ်ရန် စီစဉ်နေတဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို မြို့နဲ့ ဝေးရာသို့ ရွှေ့ပြောင်းရန် (သို့မဟုတ်) ဓါတ်အားပေးစက်ရုံ လည်ပတ်မှုကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်မှု ရှိ၊ မရှိ သမာသမတ်ကျတဲ့ စစ်ဆေးမှု ပြုလုပ်ပေးရန် မြို့သူမြို့သား ၇၀ ခန့်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အသနားခံ တင်ပြထားကြောင်း ကော့သောင်းမြို့ခံတဦး ယနေ့မြန်မာကို ပြောပြပါတယ်။

အခု ကော့သောင်းမြို့တွင် လည်ပတ်ဖို့ တည်ဆောက်ထားတဲ့ ဓါတ်အားပေးစက်ရုံဟာ ထိုင်းနိုင်ငံတွင် တည်ဆောက်ခဲ့ပြီး ဒေသခံများ ကန့်ကွက်မှုကြောင့် ကော့သောင်းမြို့ လုပ်ငန်းရှင်တဦးက အမည်ခံကာ လာရောက် တည်ဆောက်တာ ဖြစ်ကြောင်း၊ စက်ရုံတည်နေရာကို စက်မှုဇုံလို့ အစိုးရတာဝန်ရှိသူများအား အသိပေးထားသော်လည်း အမှန်မှာတော့ စက်မှုဇုံ မဟုတ်ကြောင်း၊ ဘေး သုံးဘက်တွင် လူနေရပ်ကွက်များ တည်ရှိတာ အခြားတဘက်မှာတော့ ထိုင်း မြန်မာ နယ်စပ် ပါချန်မြစ် တည်ရှိကြောင်းလည်း အဆိုပါ ကော့သောင်းမြို့ခံက ဆိုပါတယ်။

ကော့သောင်းမြို့သူမြို့သားများ ဦးသိန်းစိန်ထံ ပေးပို့တဲ့ စာတွင် အချက် ၇ ချက်ကို ဖော်ပြထားရာ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံမှာ ရွှေဝက်ဝံ ရေခဲ စက်ရုံဝင်းအတွင်း တည်ရှိပြီး ဂန္ဒ၀င်လမ်း လူနေအိမ်များနဲ့ ၁၀ ပေခန့်ကျယ်တဲ့ ရေမြောင်းတခုသာ ခြားကြောင်း၊ လက်ရှိ ကော့သောင်းမြို့ မီတာခ တယူနစ် ၄၃၀ ကျပ် (ရပ်ကွက်မီး - ထိုင်းဘတ်ငွေ ၂၂ ဘတ်) ပေးနေရချိန်မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လျှပ်စစ်ဓါတ်အားကို တယူနစ် ၂၀၀ ကျပ်ဖြင့် သုံးစွဲနိုင်မှာဖြစ်တဲ့အတွက် ကြိုဆိုကြောင်း၊ လျှပ်စစ်ဓါတ်အားခ ထက်ဝက်သက်သာသော်လည်း ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ပြာမှုန့်၊ မီးခိုးများ ရှုရှိုက်ရခြင်း၊ ညှော်နံ့နံခြင်း၊ အသံဆူညံခြင်းနဲ့ နောက်ဆက်တွဲ နာတာရှည်ရောဂါများ ခံစားရနိုင်ခြင်းများအတွက် အလွန် စိုးရိမ် ထိပ်လန့်ကြောင်း ရေးသားထားပါတယ်။

ယနေ့မြန်မာ ဆက်သွယ် မေးမြန်းခဲ့တဲ့ ကော့သောင်းမြို့ခံက “ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံက မနှစ်သင်္ကြန်အပြီးလောက်မှ စပြီး တည်ဆောက်ပါတယ်။ သူတို့ ကြော်ငြာထားတာ ဧပြီ ၁ ရက်နေ့ကို စပြီး လည်ပတ်မယ် ပြောပေမယ့် ကျောက်မီးသွေး အခက်အခဲကြောင့် မလည်ပတ်နိုင်ဘူး။ ကျောက်မီးသွေးက ဘုတ်ပြင်းမြို့နယ်က ကြိုးဝိုင်းသစ်တောမှာ ရှိတယ်။ သစ်တောကလည်း ကြိုးဝိုင်းထဲမှာ ကျောက်မီးသွေးတူးဖို့ လက်မခံဘူး။ ကျောက်မီးသွေးကို မလေးရှားနိုင်ငံမှာ သင်္ဘောနဲ့ သွား သယ်နေတယ်လို့ သိရတယ်။

စက်ရုံက ၈ မဂ္ဂါဝပ်နဲ့ စ လည်ပြီး နောက် တိုးချဲ့ဖို့ရှိတယ်လို့ စက်ရုံတာဝန်ရှိသူက The Voice ဂျာနယ်ကို ပြောခဲ့ဘူးတယ်။ နောက် ၈ မဂ္ဂါဝပ် ထပ် တိုးချဲ့မယ်ဆို ၁၆ မဂ္ဂါဝပ် ရှိလာမှာပေါ့ နော်။ ၂၀၁၀ ခုနှစ်က အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနဲ့ လက်မှတ်ထိုးထားတယ် တဲ့။ ဒီနေရာကို ရွှေပြည်သာ စက်မှုဇုံလို့ တင်ထားတယ်။ အမှန်က ရွှေပြည်သာ စက်မှုဇုံ မဟုတ်ဘူး။ ရွှေပြည်သာ ရပ်ကွက်သာ ဖြစ်ပါတယ်။ စက်ရုံတည်တဲ့နေရာက ရေခဲစက် လည်ပတ်နေတယ်။ ရေခဲစက်ဝင်းထဲမှာ စက်ရုံ တည်လိုက်တာ။ သန်းဖြိုးသူကုမ္ပဏီက ရွှေဝက်ဝံ ရေခဲစက် ဒါရိုက်တာ ကိုကျော်လွင်က ၀ယ်လိုက်တယ် ပြောတယ်။ တကယ်တော့ ယိုးဒယားနေပြီး လာ လုပ်တာ။ သူ အမည်ခံသဘောပဲ“ လို့ ပြောပါတယ်။
သတင်း - ကော့သောင်း ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ - May 3 2012 06:10 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005