အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့က (၁၄) ကြိမ်မြောက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပို့ လန်းမြို့၊ (၁၄) ကြိမ်မြောက် မြန်မာ့နှစ်သစ်သင်္ကြန်ပွဲတော်ကို ရပ်ဆယ် အလယ်တန်းကျောင်းခန်းမ မှာ ၂၀၁၂၊ ဧပြီလ ၂၈ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ထို သင်္ကြန်ပွဲတော်ကို ဦးဆောင်ခဲ့ကြသူ ကိုလှစိုး၊ ကိုကျော်လွင်စိုးနဲ့  ကိုထွန်းထွန်းတို့က “ပို့တ်လန်းမှာ သင်္ကြန်ပွဲ ကျင်းပလာတာ (၁၄) ကြိမ် ရှိသွားပြီ။ အခုလို နှစ်စဉ်မပျက် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ ဒီမှာရောက်နေတဲ့ တိုင်းရင်းသားတွေရော မျိုးဆက်သစ်တွေပါ ပူးပေါင်း ပါဝင်ခဲ့တာကြောင့် ပါ။ မိခင်မြေနဲ့ ဝေးကွာနေပေမယ့် မျိုးဆက်သစ်တွေကို မိရိုးဖလာယဉ်ကျေးမှုတွေ မြတ်နိုးတတ်ဖို့၊ အမြစ်တွယ်စေဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာပါ” လို့ ပြောသွားပါတယ်။

ပို့တ်လန်း သင်္ကြန်ပွဲမှာ ကရင်ဒုံးယိမ်းအက၊ မြန်မာအကများ၊ သင်္ကြန်သီချင်း၊ ခေတ်ပေါ်သီချင်း သီဆိုမှုများနဲ့ တင်ဆက်ခဲ့ရာ အော်ရိုရာတီးဝိုင်းက ဂီတပညာရှင် ကိုခင်စိုးက မေတ္တာဖြင့် ကူညီတီးခတ်ပေးပြီး ဝါရှင်တန်ပြည်နယ်တွင် နေထိုင်တဲ့ ကိုထက်ကြံက စက်ပိုင်းဆိုင်ရာ တာဝန်ယူ ပံ့ပိုးခဲ့ပါတယ်။

သင်္ကြန်ပွဲတော်နဲ့ အလိုက်ဖက်ဆုံးသံချပ်များကို အင်ဒီယာနာပြည်နယ်၊ ဖို့ ဝိန်းမြို့နေ ကိုရဲဝင်းအောင်က ရေးစပ်ပြီး ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများနဲ့ မျိုးဆက်သစ်လူငယ်များ စုပေါင်းပြီး တင်ဆက်ခဲ့ရာ ပရိသတ်များ သဘောကျ နှစ်သက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

သင်္ကြန်ပွဲတော် လုပ်ငန်းဆောင်တာများတွင် Burma Generation of Oregon လူငယ်များအဖွဲ့က ပါဝင် ကူညီ ဆောင်ရွက်ခဲ့ကြပြီး ရန်ပုံငွေအတွက် အသင်းတံဆိပ်ပုံပါ တီရှပ်များကို ရောင်းချခဲ့ပါတယ်။ ထို အဖွဲ့နဲ့ ပတ်သက်ပြီး အဖွဲ့ တာဝန်ရှိသူ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်း) မစန်းစန်းမော်က “BGO လူငယ်အဖွဲ့ကို အော်ရီဂွန်မှာ တည်ထောင်တာ (၂) နှစ် ပြည့်ပါပြီ။ ဒီအသင်းကနေ မဖြူဖြူသင်း ဦးဆောင်ခဲ့တဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်များ ကူညီ စောင့်ရှောက်ရေးအဖွဲ့ကို ငွေလှူခဲ့ပါတယ်။ နောင်လဲ သာသနာရေး၊ ပြည်တွင်း လူမှုထောက်ကူပြုလုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့ အဖွဲ့များထံ ငွေ လှူဒါန်းနိုင်ဖို့အတွက် အစီအစဉ်များ ရှိပါတယ်” လို့  ယနေ့မြန်မာ သတင်းဌာနကို ရှင်းပြပြီး အဖွဲ့ဝင်လူငယ်များနဲ့  မိတ်ဆက်ပေးပါတယ်။

ကြွရောက်လာတဲ့ ပရိသတ်များကို မွန်တိုင်းရင်းသား လူငယ်များအဖွဲ့က မုန့်ဟင်းခါး၊ မြန်မာ ထမင်းဟင်း၊ ဒံပေါက်ထမင်း၊ ရွှေရင်အေး၊ မုံ့ လုံးရေပေါ်၊ ရေခဲမုန့်တို့နဲ့  စတုဒီသာ ကျွေးမွေးခဲ့ပါတယ်။ ဒီသင်္ကြန်ပွဲကို အော့က်လန်၊ ဖို့တ်ဝိန်း၊ ဝါရှင်တန်၊ ဆန်ဖရန်စစ္စကိုဒေသရောက် မြန်မာတိုင်းရင်းသားများ အပါအ၀င် ဧည့်ပရိသတ် (၂၀၀) ကျော်ခန့် တက်ရောက် ဆင်နွှဲခဲ့ကြပါတယ်။

ဓါတ်ပုံသတင်း - ပို့တ်လန်း (၁၄) ကြိမ်မြောက် မြန်မာ့နှစ်သစ်ကူး သင်္ကြန် - May 3 2012 01:06 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005