အမြင့်မြတ်ဆုံး (၈၈) ကောင်းမှု အလှူပွဲ

သင်္ကြန်ဆိုသည်နှင့် သံချပ်ဆိုသည် ခွဲလို့ရသည့်အရာ မဟုတ်ချေ။ သင်္ကြန်ချိန်ခါရောက်တိုင်း စိတ်ဝင်တစား အားပေး နားဆင်ခဲ့ရသည့် သင်္ကြန်သံချပ်များ နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ကွယ်နေခဲ့သည့်အတွက် အသက် (၂၀) ဝန်းကျင် လူငယ်များအဖို့ သံချပ်ဆိုတာ ရေရေလည်လည် သိမြင်နိုင်ဖို့မှာ ခဲယဉ်းသည့်အရာပင် ဖြစ်ပေသည်။ ယခုနှစ် (၁၃၇၃ ခုနှစ်) သင်္ကြန်တွင်တော့ တခေတ်တခါက ထင်ရှားသော သံချပ်အဖွဲ့များ ပါဝင်သလို (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့သည် ဟိုယခင်က နာမည်ရခဲ့သည့် “မောင်မောင်ဆိုလေ ထီးရိုးရှည်“ အဖွဲ့နှင့် ပူးပေါင်းကာ သင်္ကြန်ပထမအကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပွဲဦးထွက် စတင် ဖျော်ဖြေခဲ့ကာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်၊ ရပ်ကွက်များသို့ သွားရောက် လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။

(၈၈) မျိုးဆက်ကျောင်းသားများထိုးသည့် သံချပ်များသည် အကျဉ်းထောင်ထဲ၌ ရေးစပ်ခဲ့သည့် သီချင်းများနှင့်အတူ ပြည်သူလူထုတို့၏ အသံများအား ကိုယ်စားပြုသည့် သံချပ်များ ရေးဖွဲ့ခဲ့သလို ဂီတစာဆို ဂန္တဝင်မောင်ဝိုင်း၏ သားဖြစ်သူ ဒီဥက္ကာမှလည်း နိုင်ငံအတွင်း အခြေအနေအချို့အား ထည့်သွင်း ရေးစပ်ကာ “မောင်မောင်ဆိုလေ ထီးရိုးရှည်”အဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်မြို့တွင်း လှည့်လည်ဖျော်ဖြေခဲ့ကြပြီး ဖျော်ဖြေရေးမှ ရရှိခဲ့ကြသည့် အလှူငွေများအား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ယနေ့ ၂၇၊ ၄၊ ၂၀၁၂ ညနေ (၅း၀၀) နာရီအချိန် ရုံးဆင်းချိန်၌ ဆိုင်းမဆင့် ဘုံမဆင့်ဖြင့် (၈၈) ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့တို့ လာရောက်ကာ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြသည်။

အခမ်းအနားတွင် (၈၈) ကျောင်းခေါင်းဆောင် ကိုမင်းကိုနိုင်မှ အလှူငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အလှူငွေပေးအပ်ခြင်း၊ “မောင်မောင်ဆိုလေ ထီးရိုးရှည်” အဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း၊ ရွှေညဝါကျောင်းတိုက် (မှော်ဘီ) ၌ သင်္ကန်းစီး၍ သီတင်းသုံးနေကြသော (၈၈) ကျောင်းသားအဖွဲ့သံဃာတော်များကပါ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အလှူငွေ တသိန်းခွဲနှင့် သုခရိပ်မြုံ HIV မိဘမဲ့ကလေးဂေဟာသို့လည်း အလှူငွေ တသိန်းခွဲ အသီးသီး လှူဒါန်းခဲ့ကြသည်။ (၈၈) ကျောင်းသား သံဃာတော်များသည် ပူပြင်းလှသော ရာသီဥတု၏ အောက်ဝယ် ဖိနပ်မပါ ထီးမပါဘဲ ဆွမ်းခံကြွစဉ်က ပြည်သူလူထုမှ လှူဒါန်းမှုပြုကြသော ဝတ္ထုငွေများကို ယခုကဲ့သို့ သာသနာပြုရင်း အလှူဒါနပြုခဲ့ခြင်း ဖြစ်သည်။ ထို့အတူ (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးစီးသော သင်္ကြန်သံချပ်အဖွဲ့သည်လည်း နွေရာသီ၏ ပူပြင်းသောဒဏ်ကို ကြံ့ကြံ့ခံကာ ပြည်သူလူထုတို့အား သံချပ်သမိုင်းကို ပြန်လည် ဖော်ထုတ်ရင်းနှင့် ရရှိခဲ့သော အလှူငွေများထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆယ်သိန်းကျပ်တိတိနှင့် “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့အား ဆယ်သိန်းကျပ်တိတိ ချီးမြှင့် ဂုဏ်ပြု လှူဒါန်းခဲ့သည်။

ထိုထိုသော ပေးဆပ်မှုများ၊ အနစ်နာခံမှုများဖြင့် ရရှိလာသော သန့်စင်မွန်မြတ်လှသည့် ငွေကြေးများကို ယခုကဲ့သို့ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား (အခမဲ့) ကူညီပံ့ပိုးပေးနေသော ကျွန်တော် တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းခြင်းသည် မြင့်မြတ်လှသော ကောင်းမှုအလှူပွဲတော်ကြီးပင် ဖြစ်တော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 28 2012 04:29 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005