တရုပ်လုပ်ငန်းတွေ မြန်မာပြည်ကို အခု သွားပြီး အခွင့်အလမ်းတွေ ရအောင် ယူထားရမယ်

”တရုပ် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာပြည်ကို အခု သွားပြီး အရင်ဆုံး လုပ်ကိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရလေ့ရှိတဲ့ အခွင့်အလမ်းတွေ ရအောင် သွားယူကြရပါမယ်“ လို့ မြန်မာနိုင်ငံတွင် သတ္ထုတူးဖော်မှုတွေ လုပ်ကိုင်နေတဲ့ တရုပ်ကုမ္ပဏီတခုရဲ့ မန်နေဂျာဖြစ်တဲ့ ဝေဂျီဂျီယဲန် (Wei Jijian) က ပြောကြားလိုက်ကြောင်း ဘီဂျင်းက ပေးပို့တဲ့ ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြထားပါတယ်။

ထိုသတင်းဟာ ဘီဂျင်း အခြေစိုက် ရိုက်တာ သတင်းထောက် ဘဲန် ဘလော့ရှာ (Ben Blanchard) က ၂၀၁၂ ဧပြီ ၂၅ ရက်နေ့ နေ့စွဲနဲ့ ရေးသားထားတဲ့ မြန်မာ စီးပွားရေး ပိတ်ဆို့မှု ပယ်ဖျက်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ တရုပ်ကုမ္ပဏီတွေအတွက် စမ်းသပ်မှု (Analysis: Myanmar sanctions lifting a boon and a test for China firms) လို့ ခေါင်းစဉ်ပေးထားတဲ့ သတင်း ဖြစ်ပါတယ်။ အဆိုပါသတင်းတွင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့ လျော့ချလိုက်ခြင်း၊ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာအစိုးရတို့ ပိုပိုနီးကပ်စွာ ဆက်ဆံလာခြင်းနဲ့ ပတ်သက်လို့ တရုပ်နိုင်ငံဘက်က စိုးရိမ်မှုတွေကို ဖော်ပြထားပါတယ်။

ရိုက်တာသတင်းထောက်ကို တရုပ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ကနေပြီး တယ်လီဖုန်နဲ့ ဆက်သွယ် ဖြေကြားရာမှာ ဝေဂျီဂျီယဲန်က “မြန်မာပြည်နဲ့ ရှည်လျားတဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ အခြေစိုက်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ပူပန်စရာ မရှိပါဘူး။ ဒါဟာ တရုပ်ကုမ္ပဏီတွေအတွက် သိတ်ကောင်းတဲ့ အရင်အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အမေရိကန်နဲ့ ဗြိတိသျှကုမ္ပဏီတွေက လုပ်ငန်းတွေကို အနံ့ခံနေပြီ လေ။ သူတို့က လုပ်ငန်းကြီးတွေ လုပ်မှာ။ ဒါက တရုပ် ကုမ္ပဏီတွေအတွက် အခက်အခဲတွေ ဖန်တီးသလို ဖြစ်တာပေါ့။ ဒါ့ကြောင့် တရုပ် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာပြည်ကို အခု သွားပြီး အရင်ဆုံး လုပ်ကိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရလေ့ရှိတဲ့ အခွင့်အလမ်းတွေ ရအောင် သွားယူကြရပါမယ်“ လို့ ပြောကြားသွားခဲ့ပါတယ်။

တရုပ်ပြည်ရဲ့ ထိပ်တန်း ရေနံ ကုမ္ပဏီတွေ ဖြစ်တဲ့ စီအဲန်ပီစီ (CNPC) ၊ စီနိုပက် အုပ်စု (Sinopec Group) နဲ့ စီအဲန်အိုအိုစီ (CNOOC) တို့ဟာ မြန်မာပြည်မှာ လုပ်ငန်းတွေ လုပ်ဆောင်နေပြီး မြန်မာပြည်ကို ဖြတ်ကာ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတခုကို တည်ဆောက်နေကြပါတယ်။ လွန်ခဲ့တဲ့နှစ်က ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် ၃.၆ ဘီလျံ တန်ဖိုးရှိတဲ့ မြစ်ဆုံရေကာတာစီမံကိန်းအား သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းလိုက်မှု၊ ရေနံပိုက်လိုင်းနဲ့ ပတ်သက်ပြီး ပိုက်လိုင်း သွယ်တန်းတဲ့ လမ်းကြောင်းတွင် နေထိုင်နေကြတဲ့ ပြည်သူတို့ရဲ့ မကျေနပ်မှု၊ တရုပ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ မြန်မာအစိုးရတို့ တိုက်ခိုက်နေမှုများဟာ တရုပ် စွမ်းအင်လုပ်ငန်းအတွက် စိုးရိမ်စရာ၊ စိတ်လှုပ်ရှားစရာ ဖြစ်နေပါတယ်။

တရုပ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့် ပိုင်ဆိုင်မှုများ ကြီးကြပ်ရေးနဲ့ စီမံခန့်ခွဲရေး ကော်မရှင်ရဲ့ အင်တာနက်စာမျက်နှာတွင် အခု ရက်ပိုင်းအတွင်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးဟာ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ မြန်မာဟာ တရုပ်ပြည်ကနေ ဝေးရာကို သွားနေပါပြီ။ မြန်မာထိပ်တန်းခေါင်းဆောင်တချို့ထဲမှာ နေစဉ် အသုံးအဆောင်ကနေ မဟာဗျူဟာကျတဲ့ အရင်းအမြစ်ကိစ္စတွေအထိ တရုပ်နိုင်ငံကို မှီခိုနေရတာတွေကို မြင်လာကြပြီ။ နောက်ပြီး တိုင်းပြည်ရဲ့ ပုံရိပ်၊ နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စ လုံခြုံမှုအပိုင်းအတွက် မကောင်းဘူးဆိုတာကိုလည်း သိနေကြပြီ။ ဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကို တရုပ်နိုင်ငံနဲ့ ခပ်လှမ်းလှမ်းမှာထားပြီး အခြား အင်အားကြီးတွေနဲ့ နီးကပ်အောင် ဆွဲခေါ်ရမယ်ဆိုတာကို သိနေတယ်“ လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန်တွေ တရုပ်နိုင်ငံအား ၀ိုင်းဝိုင်းလည် ပတ်ထားမယ့် အန္တရာယ်က အကာအကွယ်ပေးမယ်လို့ တရုပ်ဘက်က သတ်မှတ်ထားခဲ့သော်လည်း အခုအခါမှာတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်တို့ ဆက်ဆံရေးသစ်တွေ ပြန်လုပ်လာတာ၊ မြန်မာကိုယ်တိုင် နိုင်ငံရေးလွတ်လပ်မှု ရရှိအောင် လုပ်လာတာတွေဟာ တရုပ်အတွက် အန္တရာယ် ဖြစ်နေပါတယ်။

တရုပ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကွီတီယဲန်ကိုင် (Cui Tiankai) က အမေရိကန်တွေ မြန်မာနိုင်ငံနဲ့ ပြန်လည် သင့်မြတ်လာခြင်း၊ မြန်မာအပေါ် အမေရိကန်တွေရဲ့ အရာရောက်မှု ပိုမိုလာခြင်းများနဲ့ ပတ်သက်ပြီး ဧပြီ ၂၅ ရက်နေ့တွင် “အမေရိကန်တွေနဲ့ မြန်မာအစိုးရတို့ ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖြစ်ထွန်းလာခြင်းဟာ တရုပ်နိုင်ငံကို ဖယ်ထုတ်ခြင်း မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်“ ဆိုပြီး တရုပ်တို့ရဲ့ စိုးရိမ်မှုကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ကိုးကား

http://news.yahoo.com/analysis-myanmar-sanctions-lifting-boon-test-china-firms-190544877--business.html
သတင်း - တရုပ် အမေရိကန် မြန်မာ ဆက်ဆံရေး ရင်းနှီးမြှုပ်နှံမှု - Apr 27 2012 01:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005