မြန်မာပြည်က ထုတ်လုပ်တဲ့ လျှပ်စစ် တရုပ်ပြည်ကို ရောင်းပြီး ရန်ကုန်မြို့အတွက် ပြန်လည် ၀ယ်ယူ အသုံးပြု

ရန်ကုန်မြို့ လျှပ်စစ်မီး မလောက်ငမှုကို ဖြေရှင်းတဲ့အနေနဲ့ မြန်မာအစိုးရက တရုပ်ပြည်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အားများအား ပြန်လည် ၀ယ်ယူအသုံးပြုမှာ ဖြစ်ကြောင်း ဧပြီ ၂၅ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက တိုင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ မေးခွန်းများကို ဖြေကြားရာတွင် ပြောကြားသွားကြောင်း မဇ္ဈိမနဲ့ အလဲဗဲန်းသတင်းများတွင် ဖော်ပြထားပါတယ်။

လျှပ်စစ်မီး မလုံလောက်မှုဟာ မြန်မာနိုင်ငံတွင် ဖြစ်ရိုးဖြစ်စဉ်ကိစ္စတခုလို ဖြစ်နေပြီး လျှပ်စစ်ဓါတ်အား အပြည့်အ၀ မပေးနိုင်တာ၊ အလုံအလောက် မဖြန့်ချိနိုင်တာဟာလည်း မထူးဆန်းတဲ့ ကိစ္စလို ဖြစ်နေပါတယ်။ လျှပ်စစ်မီး လုံလောက်အောင် မဖြန့်ပေးနိုင်ခြင်းနဲ့ ပတ်သက်ပြီး သာဓုပါ ဗျာ သံချပ်အဖွဲ့က ၂၀၁၂ သင်္ကြန်ကာလတွင်

“ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့ အိမ်၊ ဒီဘက်ကမ်းက မီးထိန်ထိန် ကျွန်တော်တို့နေတဲ့ အိမ်၊

ဒီဘက်ကမ်းက မီးထိန်ထိန် ကျွန်တော်တို့နေတဲ့ အိမ်၊ ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့ အိမ်၊

ကျွန်တော်တို့ ရောင်းတဲ့ ဓါတ်အားတွေနဲ့ ၀င်းလက်လို့ ထိန်၊ ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တို့မှာတော့ ပြာလဲ့လဲ့ မှိန်၊

သဘာဝပေးတဲ့ ဘေးအန္တရာယ်ကတော့ ကျွန်တော်တို့က ခံ၊ သဘာဝပေးတဲ့ သယံဇာတတွေကျတော့ သူတို့က စံ“ လို့ သီချင်းသံချပ် စပ်ဆိုကာ အပြုသဘောနဲ့ ဝေဖန် ထောက်ပြခဲ့ပါတယ်။

ဒီကနေ့ မြန်မာအစိုးရနဲ့ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်ဟာ ပြည်သူတွေရဲ့ဘ၀ လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းဖို့ ကြိုးစားနေရာ ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့ပြည်သူများအကျိုးအတွက် ရည်ရွယ်ပြီး တရုပ်ကုမ္ပဏီကို ရောင်းချထားတဲ့ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်ဓါတ်အား ၀န်ကြီးဌာန၊ ရေအားလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ မန်တပ်ကျေးရွာအနီးရှိ ရွှေလီ ၁ ဓါတ်အားပေးစက်ရုံမှ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အားများကို ပြန်လည် ၀ယ်ယူ အသုံးပြုမှာ ဖြစ်ပါတယ်။

ရွှေလီ ၁ ဓါတ်အားပေးစက်ရုံတွင် တလုံးလျှင် ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်တဲ့ တာဘိုင် ခြောက်လုံး တပ်ဆင်ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေရာ ထို လျှပ်စစ်ဓါတ်အားများအနက် ၁၀၀ မဂ္ဂါဝပ်ကို ပြန်လည် ၀ယ်ယူအသုံးပြုမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနရဲ့ မှတ်တမ်းများအရ ရွှေလီ ၁ ဓါတ်အားပေးစက်ရုံမှ ၂၀၀၈ - ၂၀၀၉ ခုနှစ်မှ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ပမာဏ ၆၈၄၃.၆၆၄ ဂဂ္ဂါဝပ် (GWh) ထုတ်လုပ်ထားပြီး တယူနစ်ကို ၀.၁၈၄ ယွမ်မှ ၀.၁၈၉ ယွမ် ဈေးနှုန်းများနဲ့ ရောင်းချရာ လျှပ်စစ်ဓါတ်အား ရောင်းချငွေ ယွမ်သန်းပေါင်း ၁၆၁၀.၅၂၁ ရရှိပြီး ဖြစ်ကြောင်း သိရပါတယ်။ ထုတ်လုပ်တဲ့ လျှပ်စစ်ဓါတ်အားများအနက် ၅၈၀၄.၁၆၇ ဂဂ္ဂါဝပ် ကို တရုပ်ဓါတ်အားစနစ်အတွက် အသုံးပြုထားပြီး ၂၈၃၉.၄၉၈ ဂဂ္ဂါဝပ်ကို မြန်မာလျှပ်စစ်ဝန်ကြီးဌာနက အသုံးပြုထားပါတယ်။

ရွှေလီဓါတ်အားပေးစက်ရုံကို ၂၀၀၈ စက်တင်ဘာ ၆ ရက်နေ့မှ စတင် လည်ပတ်ခဲ့ပြီး ၂၀၀၉ မေလ ၁၆ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း မကြာသေးမီက ရေကာတာ ရေထိမ်းနံရံအောက်ပိုင်း ပျက်စီးမှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တဲ့အတွက် အကြီးစား ပြင်ဆင်မှု ပြုလုပ်ခဲ့ရပါတယ်။ ထို ဓါတ်အားပေးစက်ရုံတွင် တရုပ်ဝန်ထမ်း ၁၃၂ ဦးနဲ့ မြန်မာဝန်ထမ်း ၂၄ ဦး တာဝန်ထမ်းဆောင်နေပြီး အမှတ် ၁၄၄ ခြေလျင်တပ်ရင်းနဲ့ နမ့်ခမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ဦး၊ စက်ရုံ လုံခြုံရေး အစောင့် ၈ ဦးတို့က လုံခြုံရေးတာဝန်ယူထားပါတယ်။ ထို ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းကို တရုပ်နိုင်ငံ ယူနန် လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်း (Yunan Power Grid Corporation) က အဓိက တာဝန်ယူ လည်ပတ်နေပုံ ရပါတယ်။

မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အား ထုတ်လုပ် သုံးစွဲမှုနဲ့ ပတ်သက်ပြီး အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ၂၀၁၁ စက်တင်ဘာလတွင် “မြန်မာပြည်တွင် မဂ္ဂါဝပ် ၁၅၀၀ ထုတ်လုပ်ထားတဲ့အတွက် ကုန်အောင် မသုံးစွဲနိုင်ကြောင်း၊ ဒါ့ကြောင့် ဈေးကွက်ရဲ့သဘောအရ ရောင်းစားရတာ ဖြစ်ကြောင်း“ ကြပ်ပြေးနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါတယ်။

လျှပ်စစ်ဝန်ကြီးက ထိုသို့ တရားဝင် ပြောကြားခဲ့သော်လည်း ရန်ကုန်မြို့တွင် လျှပ်စစ် လုံလောက်အောင် မဖြန့်ဖြူးနိုင်တဲ့အတွက် လူနေရပ်ကွက်များအား ဧပြီ ၂ ရက်နေ့မှ စတင်ကာ အုပ်စု လေးစု ခွဲကာ အလှည့်ကျ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှာ ဖြစ်ကြောင်း သက်ဆိုင်ရာက မတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။ ထိုအစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်လာတဲ့အတွက် နောက်ပိုင်းမှာ လူနေရပ်ကွက်များအား ညအချိန် လျှပ်စစ်ဓါတ် အပြည့်အ၀ပေးပြီး စက်မှုလုပ်ငန်းများအား ဖြန့်ချိတဲ့ လျှပ်စစ်ဓါတ်အားကို လျှော့ချခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓါတ်အားပေးရုံများ တည်ဆောက်ထားသော်လည်း သဘာဝဓါတ်ငွေ့ မလုံလောက်မှုကြောင့် ရပ်ဆိုင်းထားရပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေပြီး နောက်ထပ် ထွက်လာမယ့် သဘာဝဓါတ်ငွေ့များကိုလည်း တရုပ်နိုင်ငံအား ရောင်းချထားပြီး ဖြစ်ပါတယ်။ ထို့အပြင် တရုပ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများနဲ့ မြန်မာပြည်တွင်း၌ ရေအားလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းများ စီမံ လုပ်ကိုင်လျက်ရှိကာ တရုပ်နိုင်ငံ၊ ယူနန်ပြည်နယ် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက် ရှိပါတယ်။ အနာဂတ်မှာလည်း ထိုင်းနိုင်ငံနဲ့ တရုပ်နိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုများနဲ့ သက်ဆိုင်ရာနိုင်ငံများရဲ့ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မြန်မာစစ်အာဏာရှင်များက အမျှော်အမြင်ကြီးစွာ ဆောင်ရွက်ခဲ့ပါတယ်။

ဒါကြောင့်မို့ မြန်မာပြည်တွင်း လျှပ်စစ်ဓါတ်အား ဖူလုံရေးအတွက် ပြည်ပကို ရောင်းချထားတဲ့ သဘာဝဓါတ်ငွေ့များနဲ့ လျှပ်စစ်ဓါတ်အားများကို ပြန်လည် ၀ယ်ယူ အသုံးပြုရတော့မယ့် အခြေအနေကို ဆိုက်ရောက်နေတဲ့အတွက် မြန်မာစစ်အာဏာရှင်များရဲ့ မြန်မာပြည်သူများအပေါ် ထားရှိတဲ့ စေတနာ၊ တိုင်းပြည်အတွက် အမျှော်အမြင်ကြီးမှုများကို စိတ်ပျက်လက်ပျက် ရှိနေကြဆဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာအစိုးရကတော့ ထို ပြဿနာများ ဖြေရှင်းနိုင်ရန် နေ့မအား ညမနား အလုပ်လုပ်လျက်ရှိပါတယ်။
သတင်း - လျှပ်စစ်ဓါတ်အား တရုပ် မြန်မာ ရန်ကုန် - Apr 26 2012 09:38 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005