အမေရိကန်အိုင်ဒယ်လ် နောက်ဆုံး ဆန်ကာတင်ငါးဦး ဖြစ်လာကြမယ့်သူများ

၂၀၁၂ ဧပြီ ၂၅ ရက်နေ့က ထုတ်လွှင့်တဲ့ အမေရိကန်အိုင်ဒယ်လ် ရုပ်သံအစီအစဉ်ကို ကြည့်လိုက်ကြသူများအနေနဲ့ နောက်ဆုံး ဆန်ကာတင် ငါးဦး ဘယ်သူ ဖြစ်မလဲဆိုတာကို စိတ်ဝင်စားနေကြမယ် ထင်ပါတယ်။ ဧပြီ ၂၅ ရက် (ဗုဒ္ဓဟူးနေ့) ထုတ်လွှင့်မှုကတဆင့် ပြိုင်ပွဲဝင် ခြောက်ဦးရဲ့ ဖျော်ဖြေမှုကို ကြည့်နေရင်း မဲအနည်းဆုံး ရနိုင်မယ့်သူ သုံးဦးကို ခန့်မှန်းကြည့်လိုက်တဲ့အခါ ဖြစ်နိုင်ခြေရှိသူ လေးဦးကို သွားတွေ့ပါတယ်။ သို့သော်လည်း ထို လေးဦးအနက် အမေရိကန်အိုင်ဒယ်လ်ကို ဘယ်သူ ကျောခိုင်းသွားမလဲဆိုတာကတော့ သေချာ ခန့်မှန်း မရနိုင်သေးပါဘူး။

၂၀၁၂ ဧပြီ ၂၅ ရက်နေ့ အမေရိကန်အိုင်ဒယ်လ် ထုတ်လွှင့်မှုဟာ ဒီနှစ် ထုတ်လွှင့်ခဲ့သမျှ အိုင်ဒယ်လ် အစီအစဉ်တွေထဲက အကောင်းဆုံး အစီအစဉ်လို့ သုံးသပ်မိပါတယ်။ ၁၉၇၀ လွန်ခေတ်တွေရဲ့ ထိပ်တန်းအဖွဲ့တခု ဖြစ်တဲ့ ကွင်း (Queen) အဖွဲ့နဲ့ အိုင်ဒယ်လ် ခြောက်ဦးတို့ရဲ့ သီဆိုမှုနဲ့ ဧပြီ ၂၅ ရက်နေ့ ထုတ်လွှင့်မှုကို စတင်လိုက်ပါတယ်။ နှစ်နာရီ ကြာတဲ့ ဧပြီ ၂၅ ရက်နေ့ ထုတ်လွှင့်မှုမှာ အိုင်ဒယ်လ် ခြောက်ဦးက သီချင်း နှစ်ပုဒ်စီ သီဆိုသွားကြပြီး ပထမတပုဒ်အဖြစ် ကွင်း (Queen) ရဲ့ သီချင်းများနဲ့ ဖျော်ဖြေသွားခဲ့ကာ ဒုတိယတပုဒ်ကိုတော့ အိုင်ဒယ်လ်တွေ ကိုယ်တိုင် ရွေးချယ်တဲ့ သီချင်းများနဲ့ ဖျော်ဖြေခဲ့ပါတယ်။

ဒီနှစ် အိုင်ဒယ်လ်ပြိုင်ပွဲဝင်သူများထဲက အနှစ်သက်ဆုံးပြိုင်ပွဲဝင်တဦးကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ စဲန်ဒီရေဂိုမြို့က အသက် ၁၆ နှစ်အရွယ်ရှိ ဂျက်စီကာ စဲန်ချက်ဇ် (Jessica Sanchez) ဖြစ်ပါတယ်။ သူ့အသံဟာ တကယ့်ကို ရှားပါးပြီး ပါရမီရှင်လို့ ပြောရမှာပါ။ တကယ့်ကို ခက်ခဲလှတဲ့ သီချင်းတွေကို အေးအေးဆေးဆေးလေးနဲ့ ဆိုသွားနိုင်သူ ဖြစ်ပါတယ်။ သို့သော်လည်း နောက်ဆုံး ခုနှစ်ဦးနေရာအတွက် ဖျော်ဖြေစဉ်မှာ မဲ အနည်းဆုံး ရရှိခဲ့လို့ အကဲဖြတ်တွေရဲ့ အခွင့်အရေးဖြစ်တဲ့ ဆက်လက် ယှဉ်ပြိုင်ခွင့်နဲ့ ဂျက်စီကာကို ပြိုင်ပွဲတွင် ဆက်လက် ရှိနေစေခဲ့ပါတယ်။

ဂျက်စီကာ မဲ အနည်းဆုံး ရတဲ့နေ့က အိုင်ဒယ်လ်သက်တမ်းမှာ တခါမှ မဖြစ်ခဲ့တဲ့ အကဲဖြတ်တွေက ပြိုင်ပွဲဝင်ရဲ့ မိုက်ကရိုဖုန်းကို လုယူပြီး စကားပြောတဲ့အဖြစ် ဖြစ်ခဲ့ပါတယ်။ (အိုင်ဒယ်လ်ပြိုင်ပွဲတခုတွင် တကြိမ်သာ သုံးနိုင်တဲ့) အကဲဖြတ်တွေရဲ့ ဆက်လက် ယှဉ်ပြိုင်ခွင့်အား အသုံးပြု/မပြု သိနိုင်ဖို့အတွက် ဂျက်စီကာ စဲန်ချက်ဇ် သီချင်းဆိုနေစဉ် စင်မြင့်ပေါ်ကို အကဲဖြတ်တဦး ဖြစ်သူ အဆိုတော် ဂျနီဖာ လိုပက်စ်က ရှေ့က၊ ရဲန်ဒီ ဂျက်ဆန်နဲ့ စတီဗင် တိုင်လာတို့က နောက်က အသီးသီး တက်သွားကြပြီး ဂျက်စီကာ လက်ထဲက မိုက်ကရိုဖုန်းကို ဂျနီဖာ လိုပက်စ်က လုယူကာ ဆက်ပြီး သီဆိုရန် မလိုကြောင်း ပြောပြီး ဆက်လက် ယှဉ်ပြိုင်ခွင့် ပေးလိုက်ပါတယ်။

ဒီတပတ် ဂျက်စီကာရဲ့ ဖျော်ဖြေမှုဟာ ကောင်းမွန်သော်လည်း ယခင်တခါ ဖြစ်ခဲ့ဘူးသလို မဲ မရရင်ဖြင့် မဲ အနည်းဆုံး သုံးဦးထဲမှာ သူလည်း ပါနိုင်ပါတယ်။ နောက်တခါ မူရင်းအဆိုတော် မိုင်လီစိုင်းရပ်စ်ထက် ပို ကောင်းအောင် ဆိုနိုင်တဲ့ ဟိုလီ ကာဗာနာ (Hollie Cavanagh) ဟာလည်း မဲ အနည်းဆုံးရသူ သုံးဦးစာရင်းထဲ ပါဝင်နိုင်သူ ပါ။

တက္ကဆက်ပြည်နယ်၊ မက်ကင်းနီ (Mc Kinney) မြို့က အသက် ၁၈ နှစ်အရွယ် ဟိုလီကို အိုင်ဒယ်လ် အလှပြင်သူတွေ ပြင်ဆင်ပေးထားတာဟာ လူကြီး သိတ်ဆန်လွန်းတယ်လို့ ကျွန်တော့်ဇနီးက ဆိုပါတယ်။ သူ ပြောတာ မှန်ပါတယ်။ အသက် ၁၈ နှစ် ရှိသူ ဟိုလီကို ကြည့်ရတာဟာ အသက် ၃၀ ၀န်းကျင် အဆိုတော်တဦးရဲ့ဒီဇိုင်းနဲ့ တူနေပါတယ်။ သို့သော် မိုင်လီစိုင်းရပ်ရဲ့ နာမည်ကြီး The Climb သီချင်းကို တက္ကဆက်လေသံနဲ့ ဆိုသွားတဲ့အခါမှာတော့ သူ့ကို မချီးကျူးဘဲ ဘယ်လိုမှ မနေနိုင်တော့ပါဘူး။ နှစ်ခါ သုံးခါ ထပ်ကြည့်တော့လည်း ထပ်ကြည့်လေ၊ သူ့ရဲ့ အရည်အချင်းတွေကို ပိုပြီး သတိထားမိလေ ဖြစ်နေပါတော့တယ်။

အခု နောက်ဆုံး ကျန်နေတဲ့ အိုင်ဒယ်လ်တွေထဲမှာ အားအနည်းဆုံးကတော့ တောင် ကာရိုလိုင်းနားပြည်နယ်၊ ချားလ်စ်တုန်းမြို့က အသက် ၂၈ နှစ်အရွယ်ရှိ အဲလိစ် တက်စ်တုန်း (Elise Testone) ပါပဲ။ အသက်အားဖြင့် အနည်းငယ် ကြီးနေသလို အသံအားမှာလည်း အားနည်းပါတယ်။ သို့သော်လည်း ဧပြီ ၂၅ ရက်နေ့မှာ အိုင်ဒယ်လ်တွေအားလုံး မတိမ်းမယိမ်း ဖျော်ဖြေသွားနိုင်တဲ့အတွက် သူဟာ မဲ အနည်းဆုံး သုံးဦးထဲ ပါဝင်နိုင်ပေမယ့် အိုင်ဒယ်လ်ကို ကျောခိုင်းသွား၊ မသွားကတော့ မသေချာသေးပါဘူး။

ဧပြီ ၂၅ ရက် ဖျော်ဖြေမှုမှာ အကဲဖြတ်တွေကို အံ့အားသင့်စေတာကတော့ ဂျော်ဂျီယာပြည်နယ်၊ လိစ်ဘာ့ဂ် (Leesburg) မြို့က ဖိလစ် ဖိလစ် (Phillip Phillips) ဖြစ်ပါတယ်။ သူမှာ အမြဲ မဲရသူတဦးဖြစ်ပြီး ပရိသတ်ကိုလည်း ဆွဲဆောင်နိုင်သူ ဖြစ်ပါတယ်။ သို့သော် ဧပြီ ၂၅ ရက်နေ့ အစီအစဉ်မှာ သီချင်းနှစ်ပုဒ်စီ သီဆို ယှဉ်ပြိုင်တဲ့အခါ သူ ဆိုတဲ့ ဒုတိယတပုဒ်မှာ အနုပညာဖန်တီးမှု ပါဝင်သော်လည်း ပရိသတ်ကို မစွဲဆောင်နိုင်ပါဘူး။ ဒါကြောင့်မို့ ဂျက်စီကာ၊ ဟိုလီနဲ့ အဲလိစ်တို့ကို အားပေးသူတွေက အင်နဲ့အားနဲ့ မဲပေးမယ်၊ ဖိလစ်ရဲ့ ပရိသတ်က သူ့ကို လုံလောက်အောင် မဲ မပေးနိုင်ဘူးဆိုရင် ဖိလစ်ရဲ့ အခြေအနေဟာ မသေချာပါဘူး။ အဲဒီလို ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး လူငယ်လေးတွေကို နှစ်သက်တတ်တဲ့ ဂျနီဖာ လိုပက်စ်က အစီအစဉ် မဆုံးခင်မှာ သူ့ရဲ့ စိုးရိမ်မှုကို ထုတ်ဖော် ပြောပြခဲ့ပါတယ်။

ဒီ သတင်းဆောင်းပါးမှာ မဲရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ ဂျော်ရှဝါ လဲဒက်ဒ် (Joshua Ledet) နဲ့ စကိုင်လာ လိန်း (Skylar Laine) တို့ အကြောင်းကိုတော့ မဆွေးနွေးထားပါဘူး။ အစောက တင်ပြခဲ့သလို မဲ ပေးသူတွေက ကျန် ပြိုင်ပွဲဝင်တွေကို စုပြုံပြီး မဲတွေ ပေးကြလို့ သူတို့နှစ်ဦး မဲအနည်းဆုံး သုံးဦးစာရင်းထဲ ရောက်ကောင်း ရောက်နိုင်ပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါလိမ့်မယ်။

အားလုံး သိကြတဲ့အတိုင်း အမေရိကန်အိုင်ဒယ်လ် သက်တမ်းတလျောက်မှာက မဲပေးကြတာနဲ့ ပတ်သက်ပြီး မထင်မှတ်တာတွေ ဖြစ်လေ့ဖြစ်ထရှိတာ ဓမ္မတာလို့ ဖြစ်နေလေတော့ ၂၀၁၂ အမေရိကန်အိုင်ဒယ်လ်ပြိုင်ပွဲရဲ့ နောက်ဆုံး ဆန်ကာတင်ငါးဦးစာရင်း ဘယ်သူ ဖြစ်မလဲဆိုတာကတော့ ၂၀၁၂ ဧပြီ ၂၆ ရက်နေ့ ထုတ်လွှင့်မှုကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(စာကြွင်း - ဖော်ပြပြီးခဲ့တဲ့ အမေရိကန်အိုင်ဒယ်လ် သတင်းဆောင်းပါးတွေကို အမှတ်တရ ဖြစ်တယ်လို့ ပြောတဲ့ ကိုကျော်ဝဏ္ဏအတွက်)
သတင်း - အမေရိကန် အိုင်ဒယ်လ် - Apr 26 2012 07:30 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005