ဝါးခယ်မ မီးဘေး တရားခံကို အာဏာပိုင်များက အရေးမယူဘဲ လစ်လျှူရှု

လွန်ခဲ့သည့် ဧပြီလ (၁၂) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ရှိ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊ နိုင်ငံခြားဖြစ်အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။

ထိုအိမ်မှ ညနေ (၆) နာရီ (၁၀) မိနစ်ခန့်တွင် မီး စတင်လောင်ကျွမ်းခဲ့ပါသည်။ ယင်း မီးလောင်မှုတွင် အနီးအနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံး နှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း (၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ စတင် မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးက ၀င်ရောက် ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ်ပေးရာတွင် ကူညီနေသော ကိုဝင်းဦး (ခ) ကိုစာကလေး ဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ၀ါးခယ်မမြို့နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာ မသက်သာ၍ ပုသိမ်မှ နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  ခေါ်ဆောင်သွားခဲ့ပါသည်။ ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန် ပြည်သူ့ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရပါသည်။

မီး စတင် လောင်ကျွမ်းခဲ့သောနေအိမ်မှ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်အား ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ တိုက်နယ်စခန်းမှုးတို့မှ အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက် ဒဏ်ရာရရှိမှုအားလည်း မီးလောင်မှု တရားခံ ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူ ဆေးကုသပေးခြင်း မပြု၊ လစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။

အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်၊ ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝ အရေးယူခြင်း မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေလောင်းတိုက်နယ် စခန်းမှုးတို့ ၏ လုပ်ရပ်အားလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမ္မတကြီး သိရှိစေရန် တိုင်ကြားအပ်ပါသည်။

မီးလောင်ကျွမ်းခြင်း ခံခဲ့ရသော ပြည်သူများ၊
ရွှေလောင်းတိုက်နယ်၊ ၀ါးခယ်မမြို့နယ်

(ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်မှ ပေးပို့တဲ့စာကို စကားလုံး အသုံးအနှုန်း ပြုပြင်ပြီး ဖော်ပြခြင်း ဖြစ်ပါတယ်။ - အယ်ဒီတာ)

အယ်ဒီတာထံ ပေးစာ - ၀ါးခယ်မ မီးလောင်ကျွမ်းမှု - Apr 26 2012 04:56 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005