သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဖွင့်ပြီ

Buddha who nurses the sick (သူနာပြုသော ဗုဒ္ဓ) ဟူ၍ မြတ်စွာဘုရားရှင်မှ နာမကျန်း ဖြစ်နေသော သံဃာတော်တပါးအား ဆေး၊ ရေ တိုက်ကျွေးနေသော ပုံတော်ပါ သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဆေးကုသရေး ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားလွှာတွင် ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းတိုက်ဝင်းအတွင်းတွင် သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) အား နံနက် (၅း၀၀) နာရီအချိန်တွင် အရုဏ်ဆွမ်းဆပ်ကပ်ခြင်းနှင့် ဘုရားအနေကဇာ တင်ခြင်း၊ နံနက် (၈း၀၀) နာရီမှ (၁၀း၀၀) နာရီအချိန်ထိ ဧည့်သည်တော်များအား ဧည့်ခံ ကျွေးမွေးခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းတို့အား ၂၅၊ ၄၊ ၂၀၁၂ (ဗုဒ္ဓဟူး) နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်။

နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်၍ အလုပ်အမှုဆောင်အဖွဲ့များ၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ရာသက်ပန် ဧည့်အသင်းသား ကိုဆောင်းဦးလှိုင်နှင့် အသင်းသား/သူများတို့မှ သွားရောက် ချီးမြှင့် လေ့လာမှုများ ပြုခဲ့ကြသည်။ ပဲခူးမြို့၊ ဒက္ခိဏသာခါရာမ ကျောင်းဆရာတော်ကြီး၏ ကျောင်းဝင်းကျယ်ကြီးအတွင်းတွင် နာရေးကူညီမှုအသင်းနှင့် ပညာဒါန သင်တန်းများအပြင် ယခုဆိုလျှင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သုခကုသိုလ်ဖြစ် ဆေးခန်းခွဲ ဖြစ်သော သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဟူ၍ ထပ်မံ တိုးချဲ့ကာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင် နေပြီ ဖြစ်သည်။ သုခ ကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) အနေဖြင့် သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပြည်) အပြင် သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဟူ၍ ဖွင့်လှစ်ကာ အများပြည်သူတို့၏ ကျန်းမာရေးအား (အခမဲ့) ကုသပေးနေပြီ ဖြစ်သည်။

သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) တွင် လုပ်အားပေးဆရာဝန် (၁၈) ဦးတို့မှ အလှည့်ကျ ကုသပေးကာ ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ သားဖွားသူနာပြုဆရာမများနှင့် သူနာပြုဆရာမများကလည်း အစိုးရ ရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် အလှည့်ကျ လာရောက်၍ ကုသိုလ်ဖြစ် ကူညီဖေးမကြမည် ဖြစ်သည်။ သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဟူ၍ ဖြစ်ပေါ်လာခြင်းမှာ သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ပေါ်ပေါက်လာပုံနှင့် ဆင်တူယိုးမှား ဖြစ်သည်။ လွန်ခဲ့သော (၂) နှစ်ခန့်က မြန်မာပြည်အရပ်ရပ်တွင် ရေရှားပါးမှု ပြဿနာများ ဖြစ်ပေါ်လာ၍ မြန်မာပြည် အလယ်ပိုင်းဒေသများအား ပြည်မြို့မှ မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့ခေါင်းဆောင် ကိုညီညီအောင်နှင့် ကိုမိုးကြီးတို့ အကူအညီဖြင့် အဝီစိတွင်းများ တူးဖော်ခြင်း၊ အုတ်ကန်များတည်ဆောင်ခြင်း၊ ရေပိုက်များ သွယ်တန်းပေးခြင်း၊ ရေစုပ်စက်များ တပ်ဆင်ပေးခြင်း စသည့် ကူညီဖေးမမှုများကို ပြုလုပ်ခဲ့ရာတွင် မိုးမေတ္တာ ပရဟိတ သွေးလှူအဖွဲ့၏ ပရဟိတစိတ်ဓါတ် ရှိခြင်း၊ ငွေစာရင်းရှင်းတမ်းများအား တိကျစွာ ပြန်လည် ရှင်းလင်းနိုင်ခြင်းတို့အပြင် ကိုယ်ကျိုးစွန့်၍ အများအကျိုးကို ပေးဆပ်လိုသော စိတ်ဓါတ်များရှိခြင်းကြောင့် သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပြည်)ဟူ၍ မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုနည်းတူစွာ မြန်မာပြည်အရပ်ရပ်တွင် ရေရှားပါးမှုကြောင့် ရေတူးဖော်ပေးခြင်း၊ အုတ်ကန်၊ အဝီစိ၊ ရေပိုက် စသည့် ရေကုသိုလ်များကို ပဲခူးတိုင်းတဝိုက် ပဲခူးမြို့နယ်ဝန်းကျင်တွင် ပြုလုပ်ပေးခဲ့ရာတွင် ဒေသခံလူမှုရေးသမားဖြစ်သော ကိုသူရိန်တို့အဖွဲ့ အကူအညီဖြင့် အများပြည်သူတို့အား ကူညီဖေးမမှုများ လုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုဆိုလျှင် ပဲခူးမြို့တွင် ကျန်းမာရေး ချို့တဲ့၍ ဆေးဝါး ကုသရန် ခက်ခဲသော ဝေဒနာရှင်များအတွက် (အခမဲ့) ကုသပေးနိုင်ရန် သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) အား ဖွင့်လှစ်ပေးခဲ့ခြင်းပင် ဖြစ်သည်။

သုခ ကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) အား တပတ်လျှင် (၃) ရက် (ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ) နေ့ များတွင် နေ့လည် (၁၂း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအထိ လုပ်အားပေးဆရာဝန်ကြီး (၁၈) ဦးတို့သည် ပဲခူးမြို့ ပရဟိတလူငယ်များဖြစ်သော ကိုသူရိန်အဖွဲ့နှင့် ပူးပေါင်းကာ အများပြည်သူတို့၏ ကျန်းမာရေးအား သူနာပြုသောဗုဒ္ဓ ဟူသည့် ပုံတော်ပါ မြတ်စွာဘုရား နှစ်သက် အားပေးခဲ့သော လူနာများအား ကူညီ ဖေးမ ပြုစု ကုသပေးခြင်းတည်း ဟူသော မြတ်ဗုဒ္ဓ အလိုကျသော လုပ်ငန်းကြီးအား စတင်၍ ထမ်းဆောင်နေပြီ ဖြစ်တော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 26 2012 04:24 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005