မျိုးဆက်သစ်တို့အတွက် အင်အား

၂၃၊ ၄၊ ၂၀၁၂ (တနင်္လာ) နေ့ နံနက် (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ် အသင်းသား/သူများတို့သည် ဘုရင့်နောင်ပွဲရုံရှိ ရွှေစင်စင်္ကြာ ဆန်ရောင်းဝယ်ရေးသို့ သွားရောက်ကာ အလှူရှင် ဦးလှမိုးလှိုင် + ဒေါ်ဝေဝေခိုင် (ရွှေစင်စင်္ကြာ အဆင့်မြင့် ခရီးသွား ပို့ဆောင်ရေးမိသားစု) တို့မှ လှူဒါန်းသော (၄) ပြည်ဝင် ဆန်အိတ် (၂,၀၀၀) အိတ်တို့အား ဆယ်ဘီးကားကြီ (၂) စီးဖြင့် တင်ဆောင်၍ ရွှေစင်စင်္ကြာ ခရီးသွား ပို့ဆောင်ရေးအဖွဲ့သားများ၏ လှူဒါန်းမှုများအား နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့် ပူးပေါင်း၍ ကော့မှူးမြို့နယ်တွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ လိုက်ပါ၍ လုပ်အားဒါနပြု လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် ၂၂၊ ၄၊ ၂၀၁၂ ရက်နေ့ ညနေပိုင်း အချိန်တွင် ဟင်္သတမြင့်ငွေ၏ မိခင်၊ တေးသံရှင် ဖြိုးကြီး၊ ယုဇနတို့၏ အဖွားဖြစ်သူ ဒေါ်ခလေးမ အသက် (၉၉) နှစ်၏ နာရေးကူညီမှု ဈာပနလမ်းကြောင်းအား နိဗ္ဗာန်ယာဉ် မောင်းနှင်နေစဉ်တွင် ရင်ဘတ်၌ အောင့်လာရာမှစ၍ ည ထမင်းစားချိန်၊ ၂၃၊ ၄၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းချိန်အထိ သက်သာမှု မရှိခဲ့သည့်အတွက် ရွှေစင်စင်္ကြာ ခရီးသွား ပို့ဆောင်ရေးအဖွဲ့နှင့် လိုက်ပါလာနိုင်ခြင်း မရှိဘဲ အောင်ရတနာဆေးရုံရှိ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးထံသို့ သွားရောက်ပြသကာ မှန်ပြောင်းဖြင့် အစာအိမ်တွင်းသို့ ကြည့်ရှုစစ်ဆေးမှုကို ခံယူခဲ့သည်။ ထို့ကြောင့် နံနက်ပိုင်းတွင် အသင်းသား/သူများ မထွက်ခွာပြီး ဥက္ကဋ္ဌ ဦးကျော်သူမှ “ကိုယ့်ကိုယ်ကိုယ် လူကြီးလို့ သတ်မှတ်၊ လုပ်ငန်းလုပ်ဆောင်ရာမှာ စည်းကမ်းတကျ စီမံခန့်ခွဲပြီး သေသပ်အောင် လုပ်ကိုင်လှူဒါန်းခဲ့ကြ၊ ကိုယ့်ကိုယ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ အဖြစ် သတ်မှတ်ကြပြီး လုပ်ဆောင်ကြ” ဟူ၍ မှာကြားခဲ့သည်။

ဦးစွာ ပထမ ကော့မှူးမြို့နယ်၊ ဆင်ခြံကျေးရွာရှိ “အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက်” ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရောက်ရှိခဲ့သည်။ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက်အား ၂၂၊ ၄၊ ၁၉၉၀ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအား ၂၇၊ ၃၊ ၁၉၉၁ ခုနှစ်တွင် တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ဆရာတော်သည် အနယ်နယ်အရပ်ရပ်မှ မိမဲ့၊ ဖမဲ့၊ မိဘမဲ့၊ ဆင်းရဲနွမ်းပါး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန် ခက်ခဲနေသော ရပ်နီးမှ ကလေးသူငယ်များအား နေ့တက် ကျောင်းသား/သူအဖြစ် လက်ခံ၍ (စာရေးကိရိယာနှင့် ပညာသင်စရိတ်) အခမဲ့ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (အလယ်တန်းအဆင့်) ဖွင့်လှစ်ကာ လောကီအတန်းပညာများ သင်ကြားပေးခြင်း၊ ရပ်ဝေးမှ တိုင်းရင်းသား ကလေးသူငယ်များအား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်ကာ ကျောင်းတွင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လက်ခံ၍ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယ စသော လောကုတ္တရာစာပေများနှင့် လောကီအတန်း ပညာရပ်များကိုလည်း ဘွဲ့ရသည်အထိ တာဝန်ယူ သင်ကြားပေးခြင်း၊ အနာဂတ်တွင် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် စာရိတ္တပညာများကို သင်ကြားပေးခြင်း၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေးအတွက် ပင်ပန်းကြီးစွာ ကျောင်းနေကလေး (၂၀၀) ဦးနှင့် မူကြို (၆၀) ဦး၊ မူလတန်းလွန် (၄၁၆) ဦး၊ အလယ်တန်း (၄၀၂) ဦး၊ အထက်တန်း (၃၂) ဦး၊ စုစုပေါင်း (၉၁၀) ဦးတို့အား ရှာဖွေ ကျွေးမွေးကာ သင်ကြား ပြုစု ပျိုးထောင်ပေးနေသည့်အပြင် အရွယ်ရောက်သူ လူငယ်တိုင်း အသက်မွေးဝမ်းကျောင်း အတတ်ပညာ ရရှိစေရန် ရည်ရွယ်၍ ၂၀၁၀ ခုနှစ်မှ စတင်၍ (ဆံပင်ညှပ်သင်တန်း၊ ကွန်ပြူတာသင်တန်း၊ သူနာပြုအကူသင်တန်း) အစရှိသည့် သင်တန်းအချို့များ ဖွင့်လှစ်ပို့ချနိုင်ခဲ့သည့် ကျောင်းအုပ်ဆရာတော်ကြီး၏ မွန်မြတ်သော ပရဟိတစေတနာအား ကြည်ညိုလေးစားကာ ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးအဖွဲ့မှ လေးပြည်ဝင် ဆန်အိတ် (၁,၀၀၀) အိတ်အား လှူဒါန်းပေးအပ်မည်ဖြစ်ရာ ရွှေစင်စင်္ကြာအဖွဲ့သားများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့် ဘုန်းတော်ကြီးကျောင်းရှိ လူငယ်/ရွယ်များတို့မှ ဝိုင်းဝန်းကူညီကာ မော်တော်ယာဉ်ပေါ်မှ လေးပြည်ဝင် ဆန်အိတ် အလုံးရေ (၂,၀၀၀) အနက် ဆန်အိတ် (၁,၀၀၀) လုံးအား လက်ဆင့်ကမ်းကာ သယ်ဆောင်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်ကြီးမှ အလှူရှင်ဂုဏ်ပြုလွှာအား ပြန်လည် ပေးအပ်ကာ အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် ဆရာတော်ကြီးအား နှုတ်ဆက်ကာ ဆက်လက် လှူဒါန်းမည့် နေရာသို့ ခရီးဆက်ခဲ့ကြတော့သည်။

ဒုတိယခရီးစဉ်အဖြစ် ခရီးဆက်ခဲ့ရာ တွံတေးမြို့နယ်၊ ဘုရားကြီးရွာရှိ လူမှုဝန်ထမ်းဦးစီးဋ္ဌာန၏ အသိအမှတ်ပြု (ဒုတိယအဆင့်) “မင်္ဂလာလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ” သို့ ရောက်ရှိခဲ့သည်။ မင်္ဂလာလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သင်တန်းကျောင်းအား ၁၉၉၉ ခုနှစ်၊ မေလပိုင်းတွင် စတင် ထူထောင်ခဲ့သည်။ အစိုးရ အ.မ.က မူလွန် ရှိ၊ မိမဲ့၊ ဖမဲ့၊ မိဘမဲ့ ဆင်းရဲနွမ်းပါး တိုင်းရင်းသား၊ နာဂစ် ကျောင်းသား/သူ များအပါအဝင် ထိန်းသိမ်း စောင့်ရှောက် ကျွေးမွေးထားခဲ့ရာ ယနေ့အထိ (၁၃) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မိဘမဲ့ကလေးသူငယ် စုစုပေါင်း (၇၀၀) ကျော်အား လက်ရှိအချိန်တွင် ဆရာတော် ဘဒ္ဒန္တ စန္ဒိမာ (မိဘမဲ့ဆရာတော်) ဘုရားကြီးမှ နိုင်ငံသားကောင်း သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ လူ့ဘဝ၊ လူ့လောကအလယ်၌ အသိပညာ အတတ်ပညာများ ပြည့်စုံကြစေရန်၊ ကျောင်းသား/သူများ၏ ဘဝရှေ့ရေး အဆင့်မြင့်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်စေရန်နှင့် ရှေ့အနာဂတ်ခရီး၌ တိုင်းပြည်အတွက် အထောက်အကူပြုနိုင်ကြမည့် ရည်ရွယ်ချက်များဖြင့် ပြုစု ပျိုးထောင် စောင့်ရှောက်လျှက်ရှိသည်။ မင်္ဂလာ ပရဟိတသင်တန်းကျောင်းသို့ လေးပြည်ဝင် ဆန်အိတ် (၁,၀၀၀) အိတ်တို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့် ရွှေစင်စင်္ကြာ ခရီးသွား ပို့ဆောင်ရေးအဖွဲ့သားများသည် မော်တော်ယာဉ်ပေါ်မှ ဆန်အိတ်များအား လက်ဆင့်ကမ်းကာ သယ်ယူခဲ့ကြပြီးနောက် ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချပေးခဲ့သည်။

ရွှေစင်စင်္ကြာ အဆင့်မြင့် ခရီးသွား ပို့ဆောင်ရေးမိသားစု အလှူရှင်များနှင့်အတူ စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ မှာကြားခဲ့သည့်အတိုင်း စည်းစနစ်ကျစွာဖြင့် လှူဒါန်းမှုအစုစုတို့အား အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့သောကြောင့် ဤအလှူဒါနသည် အနာဂတ်တိုင်းပြည်၏ ခေါင်းဆောင်ကောင်းလေးများ ပေါ်ထွက်လာရန်အတွက် ပညာသင်ကြားနေကြသော မျိုးဆက်သစ်လူငယ်များအတွက် မရှိမဖြစ် လိုအပ်သော အင်အားများအတွက် အာဟာရဒါန ကုသိုလ် ကောင်းမှုတရပ်ပင် ဖြစ်တော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 26 2012 01:11 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005