၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန် နောက်ဆုံး ဆန်ကာတင် ငါးဦး စာရင်း ထုတ်ပြန်

http://www.citizenofburma.org/documentations/news/item/158

ပြည်သူ့ဂုဏ်ရည်အဖွဲ့ရဲ့ ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန် နောက်ဆုံး ဆန်ကာတင် ငါးဦးအဖြစ် ရှေ့နေ ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင်၊ ကချင်သတင်းသမား လဖိုင်နောင်မိန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှု အထောက်အကူပြုအဖွဲ့၊ သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာနဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့အား ၂၀၁၂ ဧပြီ ၂၂ ရက်နေ့က ရွေးချယ်လိုက်ကြောင်း သိရပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်မှုအဖြစ် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း နှစ်ဆယ်အား ရွေးချယ်ခဲ့ပြီး ထိုမှတဆင့် နောက်ဆုံး ဆန်ကာတင် ငါးဦး ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီနှစ် ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံး ဆန်ကာတင် ငါးဦး ရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အဖွဲ့ တာဝန်ရှိသူတဦးက “ဟုတ်ကဲ့ အစ်ကို၊ အခု နောက်ဆုံး ဆန်ကာတင် ငါးဦးက ဒုတိယအကြိမ်ပေါ့ နော်။ ပထမအကြိမ် သဘောထား အဆိုပြုထားတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်း နှစ်ဆယ်ကမှ အခု ဆန်ကာတင်ငါးဦး ရွေးချယ်တဲ့ပုံစံကတော့ ကျွန်တော်တို့ အမေရိကားက ဌာနခွဲ ၁၃ ခု၊ ယူကေ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စသည်ဖြင့် စုစုပေါင်း ပြည်သူ့ဂုဏ်ရည်ဌာနခွဲ ၁၇ ခုက ၀ိုင်းပြီး ရွေးကြပါတယ်။ အဲဒီလို ရွေးတဲ့အခါ ကျယ်ပြန့် ထိရောက် အောင်မြင်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ နိုင်ငံသားများနဲ့ လူ့ဘောင်လောကအတွက် စံပြဖြစ်မှုတွေပေါ်မှာ မူတည်ပြီးတော့ ဆန္ဒပြုကြပါတယ်။ ဌာနခွဲတိုင်းက ငါးဦးစီ ရွေးကြပါတယ်။ အဲဒီလို ရွေးချယ်ကြတဲ့အခါ ဆန္ဒမဲ အများဆုံးရသူ ငါးဦးက နောက်ဆုံး ဆန်ကာတင် ငါးဦး ဖြစ်သွားတာပါ“ လို့ ပြောပြပါတယ်။

သူက ဆက်လက်ပြီး “အရင်နှစ်တွေ အတွေ့အကြုံအရ ဆန်ကာတင်ငါးဦး ကြေငြာတာနဲ့ ဆန္ဒမဲပေးတဲ့ရက်က အရမ်း ကပ်နေတယ်။ ကပ်နေတော့ ဆန္ဒမဲ ပေးသူတွေအနေနဲ့ ဆန်ကာတင်ငါးဦးကို ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ပါ့မလားဆိုတာကို ကျွန်တော်တို့ စဉ်းစားမိတယ်။ အဲဒီအခါကျတော့ ဒီနှစ်ကို ဆန်ကာတင်ငါးဦးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်အောင် အချိန် ပိုပေးထားပါတယ်။ ဒီနှစ်မှာ ဆန္ဒမဲ စ ပေးမယ့်ရက်က မေလ ၁၂ ရက်နေ့ ဖြစ်သွားမယ်၊ အဲဒီကနေ မေလ ၂၅ ရက်နေ့ ည ၁၂ နာရီအထိ ဆန္ဒမဲ ပေးဖို့ ဖွင့်ထားပေးပါတယ်။ မေလ ၁၂ ရက်နေ့မှာ မဲ စ ဖွင့်တယ်ဆိုတော့ မေလ ၁၁ ရက်နေ့ည ၁၂ နာရီ ဖြစ်သွားမယ် အစ်ကို။ နှစ်တိုင်း ကျွန်တော်တို့က ဆုပေးပွဲ ကျင်းပတဲ့ အိမ်ရှင်မြို့ရဲ့ စံတော်ချိန်ကို ယူပါတယ်။ ဒီနှစ် အိမ်ရှင်မြို့က နယူးယောက် ဖြစ်တဲ့အတွက် နယူးယောက်မြို့ (အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း) စံတော်ချိန်ကို ယူပါတယ်“ လို့လည်း ဆန်ကာတင် ငါးဦးအား အွန်လိုင်းမှတဆင့် ဆန္ဒပြုနိုင်မယ့် အခြေအနေကို ရှင်းပြပါတယ်။

ဒီနှစ် ဆန်ကာတင်စာရင်းတွင် ပါဝင်တဲ့ ဦးဖိုးဖြူဟာ တောင်သူလယ်သမား၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ တဦး ဖြစ်သလို လဖိုင်နောင်မိန်းဟာလည်း ကချင်သတင်းသမားတဦး ဖြစ်ပါတယ်။ လဖိုင်နောင်မိန်းဟာ ၂၀၁၂ ဇန်န၀ါရီ လေးရက်နေ့က ကချင်ပြည်နယ် စိန်လုံဒေသ ကောင်းဝဲ တိုက်ပွဲအတွင်း စစ်မြေမြင်မှာ သတင်းသွားရောက်ယူစဉ် မြန်မာစစ်တပ် ပစ်လိုက်တဲ့ သေနတ်ကျည်ဆံ ထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင် ဖြစ်ကာ ဇနီးသည်နဲ့ သမီးတို့ရဲ့ ပြုစုစောင့်ရှောက်မှု ခံယူနေရသူ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှု အထောက်အကူပြုအဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသားများ၊ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူများ၊ သဘာဝဘေးသင့် ပြည်သူများ၊ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင် ကလေးငယ်များအတွက် ပညာရေး ထောက်ပံ့ကူညီမှုများ ပြုလုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ကိုယ်ခံအား ကျဆင်းတဲ့ရောဂါရှင် မိဘနှစ်ပါးက မွေးဖွားလာတဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက်နေတဲ့ အဖွဲ့အစည်းကတော့ သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဖြစ်ပါတယ်။ ထို ဂေဟာကို ၂၀၀၅ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ပြီး အသက် တနှစ်ခွဲမှ ၁၅ နှစ် အရွယ်ရှိ ကလေးငယ်များအား ပြုစု စောင့်ရှောက်လျက် ရှိပါတယ်။ ကလေးငယ်များရဲ့ ပညာရေးအတွက် မူလတန်းကြိုကျောင်း၊ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကလေးငယ်များအတွက် ၀ိသာခါ သီလရှင် ပညာဒါနကျောင်းတွင် အမည်စာရင်း ပေးသွင်းကာ သုခရိပ်မြုံတွင် အခြေခံပညာ သင်ရိုးများအတိုင်း စာသင်ကြားပေးလျက် ရှိပါတယ်။

စာရေးဆရာမ သန်းမြင့်အောင်ကတော့ နာရေး ကူညီမှုအသင်း ဒု - ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်တွင် သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ၂၀၁၀ ခုနှစ်တွင် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတို့ကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် အနာကြီးရောဂါ ပပျောက်ရေးနဲ့ မရမ်းချောင် ပညာရေးထောက်ပံ့မှုအဖွဲ့၊ စိတ်ရောဂါအထူးကုဆေးရုံကြီးရဲ့ စိတ်ကုထုံးသစ်များနဲ့ ကုသရေးတို့တွင် ပါဝင်ကူညီလျက်ရှိကာ တပိုင်တနိုင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းတွင် သံဃာတော်များအား ရေချမ်း ကပ်လှူခဲ့တဲ့အတွက် အာဏာပိုင်များက စာရေးဆရာမ သန်းမြင့်အောင်အား ခေါ်ယူ စစ်ဆေးခဲ့သလို စာပေစိစစ်ရေးက စာရေးဆရာမ သန်းမြင့်အောင်ရဲ့ စာပေများကို ထုတ်ဝေခြင်း မပြုနိုင်ရန် ပိတ်ပင်ထားပါတယ်။
သတင်း - ပြည်သူ့ဂုဏ်ရည် ၂၀၁၂ ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင် လဖိုင်နောင်မိန်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှု အထောက်အကူပြုအဖွဲ့ သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စာရေးဆရာမ သန်းမြင့်အောင် - Apr 23 2012 09:28 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005