လွှတ်တော် ကျမ်းကျိန်စာသား ပြောင်း မပေးနိုင် လို့ ဦးသိန်းစိန် ပြောခဲ့သလား

http://news.yahoo.com/no-change-myanmar-parliament-oath-thein-sein-050015680.html

၂၀၁၂ ဧပြီ ၂၃ ရက်နေ့ ရက်စွဲနဲ့ ရေးသားထားတဲ့ အေအက်ဖ်ပီသတင်းတပုဒ်တွင် ဂျပန်နိုင်ငံက ကျိုဒိုသတင်းဌာနကို ကိုးကားပြီး မြန်မာသမ္မတ ဦးသိန်းစိန်က လွှတ်တော် ကျမ်းကျိန်စာသားကို ပြောင်းမပေးနိုင်ဘူး လို့ တနင်္လာနေ့ (၂၀၁၂ ဧပြီ ၂၃ ရက်နေ့) က ပြောကြားလိုက်ကြောင်း ရေးသားခဲ့ပြီးနောက် အလဲဗဲန်းမီဒီယာက ထိုသတင်းကို ကိုးကားကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များကို ပြောကြား ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ သတင်းတပုဒ် (http://www.weeklyeleven.com/index.php?option=com_content&view=article&id=13240:2012-04-23-04-56-07&catid=42:2009-11-10-07-36-59&Itemid=112) ဖော်ပြခဲ့ပါတယ်။

ထိုသို့ အလဲဗဲန်းမီဒီယာက သတင်းဖော်ပြပြီးနောက် ဆဲဗဲန်းဒေးသတင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွင် “ကတိသစ္စာပြုချက်တွင် ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များသို့ မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူ လိုက်ပါသွားသော တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဂျပန်နိုင်ငံသို့ ငါးရက်တာခရီး သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုကျိုတွင် သတင်းထောက်များ၏ ဒေါ်အောင်ဆန်းစုကြည် မည်သည့်အချိန်တွင် လွှတ်တော် တက်နိုင်မည်လဲဟု မေးမြန်းမှုများကို ပြန်လည် ဖြေကြားရာတွင် “ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်မလာတာ သူ့ရဲ့သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂျပန်စကားပြန်မှတဆင့် ဖြေကြားခဲ့သည်။ ထိုအဖြေမှာ အပြည့်အစုံဖြစ်ပြီး ကတိပြုချက်စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု မဖြေခဲ့ကြောင်း၊ သတင်းဌာနများက မှားယွင်းဖော်ပြမှုသာ ဖြစ်ကြောင်းလည်း အဆိုပါတာဝန်ရှိသူက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။“ လို့ ရေးသားထားပါတယ်။ ပေါ်ပြူလာဂျာနယ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွင်လည်း အလားတူသတင်း ရေးသားထားတာ တွေ့ရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောနေတဲ့ ကျမ်းကျိန်တဲ့ စကားရပ် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဒီမိုကရက်တစ် မြန်မာ့အသံက မေးမြန်းခဲ့ရာ ကိစ္စအတော်များများကို လိမ္မာပါးနပ်စွာ ဖြေဆိုသွားခဲ့ပါတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံက လေးစားလိုက်နာ ဆိုတဲ့ စကားလုံးနဲ့ ကာကွယ်စောင့်ရှောက်ဆိုတဲ့ စကားလုံးတို့ကြောင့် ပါတီတွေ ဆက်ဆံရေး ပျက်တဲ့အထိ ဖြစ်လာနိုင်မလားလို့ မေးတဲ့အခါမှာတော့ “ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါက တိုင်းပြည်အတွက်လား၊ ဒါ့ကြောင့် ဘာအတွက်လဲဆိုတာ တော်တော် စဉ်းစားရခက်တယ်လို့ ပြောရမယ် ဖြစ်ပါတယ်။ ဒါသည် ဘယ်လောက် ထိခိုက်နေလဲ၊ ကာကွယ်စောင့်ရှောက်ပါနဲ့ လေးစားလိုက်နာပါမယ်ဆိုတဲ့ ဥစ္စာနဲ့ဟာ တိုင်းပြည်အတွက် ဘယ်လောက် ထိခိုက်နိုင်သလဲ၊ ဒါလေးပဲ စဉ်းစားရမှာပေါ့ ဗျာ။ တိုင်းပြည်အတွက် လေးစားလိုက်နာပါမယ်ဆိုတဲ့ ဥစ္စာရယ်၊ ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ ဥစ္စာရယ်ဟာ တိုင်းပြည်အကျိုးအတွက်များ စီးပွားရေးရော နိုင်ငံရေးရော နောက်တခါ လူမှုရေးကိစ္စရပ်တွေမှာရော ဘာတွေများ ထိခိုက်မှု ရှိသလဲ ဒီလိုပဲ စဉ်းစားရမယ် ထင်ပါတယ်။ အဲဒီတော့ ထိခိုက်မှု ရှိသလား၊ မရှိသလား ၀ိုင်း စဉ်းစားလို့ ရှိရင်တော့လည်း အဖြေတခု ထွက်လာမယ်လို့ ကျွန်တော် ထင်ပါတယ်“ လို့ ပြောသွားပါတယ်။

ဦးသိန်းစိန်အနေနဲ့ ကျမ်းကျိန်စကားကို ပြန်မပြင်နိုင်လို့ ဖော်ပြထားတဲ့ အေအက်ဖ်ပီသတင်းမှာ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ပါဝင်လာမှုကို ကြိုဆိုကြောင်း၊ သို့သော် လွှတ်တော် တက်ခြင်း၊ မတက်ခြင်းကတော့ သူ့သဘောအတိုင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထိုသတင်းတွင် “ဂ ငယ်ကွေ့ ကွေ့ပြီး နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းကာ ပြည်သူအကျိုးအတွက် ရည်ရွယ်တဲ့ လမ်းကြောင်းကို ဦးတည်သွားမှာ ဖြစ်ကြောင်း“ ဦးသိန်းစိန်က ပြောကြားခဲ့တယ်လို့ မာအိနိချိ ရှင်ဘွန်း (Mainichi Shimbun) ကို ကိုးကားကာ ရေးသားထားပါတယ်။ ထို့အပြင် ဂျီဂျီသတင်းကို ကိုးကားကာ ”ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီထက် ပြည်သူလူထုအတွက် အလုပ်လုပ်သင့်တယ်“ လို့ ဦးသိန်းစိန်က ပြောကြားကြောင်း ရေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကျမ်းကျိန်စာသား ပြင်ဆင်ဖို့ တောင်းဆိုလိုက်တဲ့ကိစ္စဟာ အများ မျှော်လင့်မထားတဲ့ ကိစ္စတခု ဖြစ်ခဲ့ပြီး ထိုကိစ္စနဲ့ ပတ်သက်လို့ ပြေလည်နိုင်တယ်ဆိုတဲ့သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အခြေခံဥပဒေခုံရုံးက သူတို့သဘောထားများကို ဦးဉာဏ်ဝင်းအား ပြောပြီးတဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်အစည်းအဝေးများကို သပိတ်မှောက်လိုက်တော့မလား ဆိုတဲ့ စိုးရိမ်မှုများ ဖြစ်လာခဲ့ပါတယ်။

ကျမ်းကျိန်စာသား ပြင်ဆင်ဖို့ တောင်းဆိုတဲ့ကိစ္စဟာ ပြင်ပလောကမှာထက် မုခစာမျက်နှာ (ဖေ့စ်ဘွတ် - Facebook) ထဲမှာ အတော့်ကို ကျယ်ကျယ်လောင်လောင် ပြောလာကြတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ အကြပ်အတည်းနဲ့ ပတ်သက်ပြီး ပြေလည်နိုင်ခြေ ရှိတယ်လို့ ယုံကြည် မျှော်လင့်သူများ ရှိနေသလို မြန်မာအစိုးရနဲ့ လွှတ်တော်အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ကို လိုက်လျောလိုရင်လည်း လိုက်လျောနိုင်ဖို့ ရှိတယ်ဆိုတဲ့ သုံးသပ်မှုများလည်း ရှိနေပါတယ်။ သို့သော် မြန်မာစစ်ဗိုလ်ဟောင်းများ ထည့်သွင်း စဉ်းစားတဲ့အချက်တခုက အခုလို တောင်းဆိုခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲက သဘောထား တင်းမာသူများကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အချက်လည်း ဖြစ်နေနိုင်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်စဉ်ကလည်း အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ်။ သို့သော် ထိုသို့ ဆုံးဖြတ်ခဲ့မှုမှ စတင်ကာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ် ၄၃ ဦး ရွေးချယ်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၃ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်ပွဲ ရရှိစဉ်မှာ အများက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ကို ၀ိုင်းဝန်း သြဘာပေးခဲ့ကြပြန်ပါတယ်။ ထို ဖြစ်စဉ်နဲ့ဆက်စပ်ပြီး အမေရိကန်အစိုးရနဲ့ အခြားနိုင်ငံများက စီးပွားရေး ပိတ်ဆို့မှု လျော့ပေါ့ခြင်း၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ကြွေးမြီများကို လျှော်ပစ်ခြင်းများ ပြုလုပ်ခဲ့တဲ့အခါ ကြေနပ်အားရသံများ ပေါ်ထွက်လာပြန်ပါတယ်။

ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကျမ်းကျိန်တဲ့စာသား မပြင်နိုင်ရင် လွှတ်တော်မတက်ဘူးလို့ ထုတ်ဖော် ပြောဆိုတဲ့အခါ၊ ကျမ်းကျိန်စာသားကိစ္စ မပြေလည်နိုင်ဘူးလို့ ရှုမြင် သုံးသပ်လာကြတဲ့အခါ ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်လာကြပြန်ပါတယ်။ အမှန်မှာတော့ လုပ်ငန်းတိုင်း၊ ဖြစ်စဉ်တိုင်းမှာ မထင်မှတ်တဲ့ အခက်အခဲတွေ၊ အန္တရာယ်တွေ ရှိနေနိုင်ခြင်းဟာ သဘာဝ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထို သဘောသဘာဝတွေကို ကြိုတင် စဉ်းစားထားသူများအနေနဲ့ အခု ဖြစ်ရပ်ကို ခေါင်းအေးအေးနဲ့ စောင့်ကြည့်နိုင်လိမ့်မယ်၊ ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရှေ့ဆက်ပြီး အစိုးရနဲ့ လွှတ်တော်ဘက်ကလည်း ကျမ်းကျိန်မှုကို ပြောင်းလဲ မပေးနိုင်၊ အဖွဲ့ချုပ်ကလည်း ထို ရပ်တည်ချက်အတိုင်း ကိုင်စွဲထားမယ်ဆိုရင်တော့ အခုကိစ္စဟာ မပြေလည်သေးတဲ့ ကိစ္စတခုအဖြစ် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

ကိုးကား

http://news.yahoo.com/no-change-myanmar-parliament-oath-thein-sein-050015680.html

https://www.facebook.com/7daynews

http://burmese.dvb.no/archives/24369

https://www.facebook.com/7daynews

သတင်း - ဦးသိန်းစိန် ကျမ်းကျိန်စာသား - Apr 23 2012 08:12 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005