မျှဝေမှုနှင့် ပေးဆပ်မှု

နာရေး ကူညီမှုအသင်း (ရန်ကုန်) ဝန်ထမ်းများ၊ လုပ်အားပေး အသင်းသား/သူများတို့သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို နေ့တဓူဝ ပေးဆပ် လုပ်ကိုင် ဆောင်ရွက် ပေးလျှက်ရှိသလို အခါအားလျော်စွာ ဖြစ်ပေါ်သည့် သဘာဝ ဘေးအန္တရာယ် (မီးဘေး၊ ရေဘေး၊ လေဘေး) အရေးပေါ် ကူညီ ကယ်ဆယ်ရေးများကိုလည်း တတ်စွမ်းသရွေ့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျှက် ရှိပေသည်။ ၄င်းအပြင် မြန်မာနိုင်ငံတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူ့ဆေးရုံများ၊ နာရေးကူညီမှု အသင်းအဖွဲ့များ၊ ကုသိုလ်ဖြစ် (အခမဲ့) ဆေးခန်းများ အစရှိသည့် အများပြည်သူတို့အား လုပ်ကိုင် ပေးဆပ်နေကြသည့် ကိုယ်ထူကိုယ်ထ အသင်းအဖွဲ့များ၏ လိုအပ်သည့် အလှူငွေများနှင့် အထောက်အကူပြုပစ္စည်းများအားလည်း အခါအားလျော်စွာ ထောက်ပံ့ ကူညီ လှူဒါန်း မျှဝေမှုများ ပြုလုပ်ပေးလျှက်ရှိပါသည်။

၂၂၊ ၄၊ ၂၀၁၂ နံနက် (၁၁း၀၀) နာရီအချိန်တွင် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စုရှိ နာရေးကူညီမှုနှင့် အခမဲ့ဆေးကုခန်းမှ ဥက္ကဋ္ဌ ဦးစိန်ကျော်သန်းနှင့် တာဝန်ရှိသူများသည် နာရေးကူညီမှု အသင်း (ရန်ကုန်) သို့ ရောက်ရှိလာကြပြီး ၄င်းတို့ အသင်းအဖွဲ့သည် အများပြည်သူတို့အတွက် တတ်စွမ်းသရွေ့ ကူညီ ထောက်ပံ့ လုပ်ကိုင်ဆောင်ရွက်ပေးရာ၌ နာရေးကူညီမှု၌ ရုပ်အလောင်း သယ်ဆောင်ရာတွင် အခက်အခဲ ကြုံတွေ့နေရမှုများအား တင်ပြလာခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု နာရေးကူညီမှုနှင့် အခမဲ့ဆေးကုခန်းအတွက် လိုအပ်နေသည့် အထောက်အကူပြုပစ္စည်းများအား လှူဒါန်းပေးအပ်ခဲ့သည်။ နာရေးကူညီမှုများ အဆင်ပြေစွာဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် အလျူမီနီယမ်အခေါင်းဖုံး (၁) လုံး၊ အလျူမီနီယမ် မှန်ခေါင်း (၁) လုံး၊ စတီးဗန်း (၁) ခုတို့အပြင် အခမဲ့ဆေးကုခန်းအတွက် Wheel Chair (၁) ခုတို့အား ထောက်ပံ့ လှူဒါန်း ပေးအပ်ခဲ့ပြီးသည့်နောက် နေ့လည် (၃း၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်ရှိ ယုဇနရိပ်ငြိမ်နေ ဟင်္သာတမြင့်ငွေ၏ မိခင်၊ တေးသံရှင် ဖြိုးကြီး၊ ယုဇန တို့၏ အဖွားဖြစ်သူ ကွယ်လွန်သူ ဒေါ်ခလေးမ အသက် (၉၉) နှစ်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင် အထူးနိဗ္ဗာန်ယာဉ်ဖြင့် အသင်းသား/သူများနှင့်အတူ ဆွေမျိုး မိတ်သင်္ဂဟအပေါင်းတို့သည် နေအိမ်မှ ရေဝေးသုဿန်သို့ စည်ကားစွာဖြင့် ကူညီဖေးမ ပို့ဆောင် မီးသဂြိုံဟ်ပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေးကိစ္စများစွာအား (အခမဲ့) အကူအညီပေးလိုက်ခြင်းကြောင့် ဗျဿနဘေးနှင့် ကြုံတွေ့ကြရသော သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ မီးများ လောင်မြိုက်ခံစားနေရရှာသည့် နာရေးရှင် (သို့) ကာယကံရှင် မိသားစုများတို့မှာ အထိုက် ၏အလျောက် စိတ်သက်သာမှု ရရှိသွားကြသည့်အတွက် မိမိတို့ လုပ်ကိုင်ပေးဆပ်ခွင့်ရမှုများအပေါ် ကျေနပ် ပီတိသည် မည်သည့်အရာနှင့်မျှ အစားမထိုးနိုင်တော့ချေ။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 23 2012 04:09 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005