ကိုလံဘီယာမှာ ဖြစ်ခဲ့တဲ့ အမေရိကန်သမ္မတ လုံခြုံရေး အဖွဲ့ဝင်များနဲ့ ဇိမ်မယ်တို့ရဲ့ ကိစ္စ

အခင်း ဖြစ်ပွားရာ ဟိုတယ် (http://www.nytimes.com/imagepages/2012/04/19/world/19COLUMBIAjp2.html)

အမေရိကန်သမ္မတနံဘေးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဓါတ်ပုံတွေ၊ သတင်း ဗီဒီယိုတွေမှာ တွေ့ကြဘူးမှာပါ။ သူတို့တွေကို လှို့ဝှက် ထောက်လှမ်းရေး တပ်ဖွဲ့ဝင် (Secret Service Agent) လို့ ခေါ်ကြပါတယ်။ ထို ပုဂ္ဂိုလ်တွေဟာ အမေရိကန်နိုင်ငံက အရေးကြီးပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးကို တာဝန်ယူရသူများ ဖြစ်ကြပါတယ်။ အထူးလုံခြုံရေးတပ်ဖွဲ့ကို ၁၈၆၅ ခုနှစ် ဇူလိုင် ၅ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကနဦးတာဝန်ကတော့ အမေရိကန်ငွေကြေးအတုလုပ်မှုတွေကို ထောက်လှမ်းဖို့အတွက် ဖြစ်ပါတယ်။ သို့သော် ၁၈၉၄ ခုနှစ်မှာ အမေရိကန်သမ္မတ ကလိဗ်လဲန်း (Cleveland) ရဲ့ လုံခြုံရေးကို အချိန်ပိုင်း တာဝန်ယူခဲ့ရာမှ စတင်ကာ ၁၉၀၂ ခုနှစ်တွင် အမေရိကန်သမ္မတရဲ့ လုံခြုံရေးကို အချိန်ပြည့် တာဝန်ယူခဲ့ကြရပါတယ်။ ၂၀၀၇ ခုနှစ် မေလမှာ အမေရိကန်သမ္မတလောင်း အီလီနွိုက် အထက်လွှတ်တော်အမတ် ဘာရတ်အိုဘားမားကို အကာအကွယ်ပေးမှုမှ စတင်ကာ သမ္မတလောင်းများရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့ကြပါတယ်။

ထိုသို့ အမေရိကန်သမ္မတ၊ ဒု သမ္မတတွေရဲ့ မိသားစုတွေ၊ သံတမန်အချို့ရဲ့ လုံခြုံရေးကိစ္စတွေကို တာဝန်ယူကြတဲ့ လှို့ဝှက် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ ၂၀၁၂ ဧပြီ ၁၂ ရက်နေ့ မနက်က ကိုလံဘီယာနိုင်ငံ ကာတာဟေနာ (Cartagena) မြို့တွင် ဇိမ်မယ်တွေနဲ့ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ကတော့ အတော့်ကို နာမည်ကြီးပြီး ဌာနရဲ့ ၁၄၇ နှစ် သက်တမ်းတလျောက် အဆိုးရွားဆုံး ဖြစ်ပျက်တဲ့ ရှက်စရာအကောင်းဆုံးကိစ္စ ဖြစ်ပါတယ်။ ထိုအဖြစ်အပျက်တွင် လှို့ဝှက် ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ စစ်ဘက်က ၁၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။ သတင်းရေးချိန်အထိ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ခြောက်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကာ ငါးဦးကို စီမံခန့်ခွဲဆိုင်ရာ ခွင့်နဲ့ အနားယူခိုင်းထားပြီး တဦးကတော့ အပြစ် မရှိဘူးလို့ သိရပါတယ်။ ပါဝင်ပတ်သက်သူ အများစုဟာ ကိုလံဘီယာနိုင်ငံ ကာတာဟေနာမြို့ ကာရီဘေး ဟိုတယ် (Hotel El Caribe) တွင် တည်းခိုနေခိုက် ပြဿနာ ဖြစ်ပွားခြင်း ဖြစ်ကာ ကျန်တဦးကတော့ ဟယ်လ်တဲန်ဟိုတယ်တွင် တည်းခိုနေစဉ် ဧပြီ ၉ ရက်နေ့က ဇိမ်မယ်ကိစ္စ ပြဿနာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

အထူးတပ်ဖွဲ့ဝင်များဟာ ကိုလံဘီယာနိုင်ငံတွင် ဧပြီ ၁၄ - ၁၅ ရက်နေ့များက ကျင်းပတဲ့ အမေရိကားတိုက် ခေါင်းဆောင်များ ညီလာခံကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမား တက်ရောက်စဉ် လုံခြုံရေးတာဝန်ယူဖို့ ရောက်ရှိခိုက် အခင်းဖြစ်ပွားကြတဲ့အတွက် ကိုလံဘီယာနိုင်ငံကို အမေရိကန်သမ္မတ မရောက်လာမီ သူတို့အားလုံးကို အမေရိကန်ပြည်ထောင်စုကို ပြန်ခေါ်လိုက်ပါတယ်။ ဆက်စပ်သတင်းများအရ ပြဿနာဖြစ်ကြတဲ့ တပ်ဖွဲ့ဝင်များက သမ္မတနံဘေး အနီးကပ် တာဝန်ယူသူတွေ မဟုတ်ဘဲ ပေါက်ကွဲပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ အနံ့ခံခွေး တာဝန်ခံတွေနဲ့ အခြားတာဝန်ရှိကြသူတွေ ဖြစ်တယ်လို့ သိရပြီး လုပ်ငန်း စီမံခန့်ခွဲသူ (supervisor) နှစ်ဦး ပါဝင်တယ်လို့ သိရှိရပါတယ်။

ဖြစ်ပျက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားသူ အသက် ၂၄ နှစ်အရွယ်ရှိ ကိုလံဘီယာအမျိုးသမီးက နယူးယောက် တိုင်းမ် သတင်းစာကို - သူနဲ့ အခြား အမျိုးသမီးတဦးဟာ ဒစ္စကိုဘားတခုကို ရောက်နေတဲ့ အမေရိကန် အမျိုးသား အုပ်စုကို ချဉ်းကပ်ခဲ့ကြောင်း၊ ထို့နောက် အမေရိကန်အမျိုးသားက သူ့အိပ်ခန်းကို လိုက်ခဲ့ဖို့ ခေါ်ပြီးနောက် လမ်းမှာ ထို အမျိုးသမီးက လက်ဆောင် ၀ယ်ပေးဖို့ပြောကာ အမေရိကန်ဒေါ်လာ ၈၀၀ ပေးဖို့ တောင်းခဲ့ကြောင်း၊ ဒါပေမယ့် ထို အမျိုးသားဟာ အမေရိကန်သမ္မတနဲ့ ပတ်သက်တယ်ဆိုတာ မသိကြောင်း၊ နောက်တနေ့ မနက် ၆ နာရီခွဲမှာတော့ ဟိုတယ် တာဝန်ရှိသူက ဟိုတယ်စည်းကမ်းအရ အိမ်ပြန်ဖို့အတွက် အမျိုးသမီးကို လှမ်းခေါ်ကြောင်း၊ အဲဒီအခါ ဈေးညှိကြရာ အဆင်မပြေဖြစ်ပြီး သူ့ကို အမေရိကန်ဒေါ်လာ ၃၀ (ပီဆို ငါးသောင်း) ပေးကြောင်း၊ ပေးတဲ့ငွေ သိတ်နည်းကြောင်း ပြောတဲ့အခါ ထိုပုဂ္ဂိုလ်က ဒေါသဖြစ်ကာ အမျိုးသမီးကို အခန်းအပြင်ဘက် ထွက်ဖို့ ပြောကာ တံခါးပိတ်လိုက်ကြောင်း၊ အဲဒီအခါ အမျိုးသမီးက အခန်းအပြင်ဘက်မှာ ငိုယိုခဲ့ကြောင်း၊ ထိုအချိန်တွင် အခြား အမေရိကန် အမျိုးသားနဲ့အတူနေခဲ့တဲ့ အမျိုးသမီး ရောက်လာကြပြီး အခန်းတံခါးကို ခေါက်ကာ ပိုက်ဆံရဖို့ တောင်းကြကြောင်း၊ ဒါနဲ့ တံခါးခေါက်လို့ မရတော့ တယ်လီဖုန်းနဲ့ ရဲကို ခေါ်လိုက်ကြောင်း၊ ရဲကို ခေါ်စဉ် ပြဿနာဖြစ်တဲ့ အမေရိကန်အမျိုးသားရဲ့ သူငယ်ချင်းရောက်လာပြီး သူတို့ ဒုက္ခတွေ့နိုင်တဲ့အတွက် ရဲကို မခေါ်ဘို့ တောင်းပန်ကြောင်း၊ ဒါပေမယ့်လည်း ရဲက ရောက်နေပြီ ဖြစ်ကြောင်း၊ အဲဒီမှာ ကိုလံဘီယာ အရာရှိ နှစ်ဦး၊ အမျိုးသမီးနှစ်ယောက်နဲ့ အခြား အမေရိကန် နှစ်ဦးတို့ ညှိနှိုင်းကြရာ မပြေလည်ကြကြောင်း၊ ထိုစဉ် ဟိုတယ်လုံခြုံရေး ရောက်လာပြီး နောက်ဆုံး ဈေးညှိကြရာ အမျိုးသမီးက အမေရိကန်ဒေါ်လာ ၂၅၀ တောင်းပြီး အမေရိကန်အမျိုးသားက ဒေါ်လာငွေနဲ့ ပီဆိုငွေ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၅ ဒေါ်လာ ပေးလိုက်ကြောင်း ပြောပြပါတယ်။ အခင်းဖြစ်တဲ့ အမျိုးသမီးက သူတို့နဲ့ တွေ့တဲ့ အမေရိကန်အမျိုးသားတွေဟာ အမေရိကန်သမ္မတနဲ့ ပတ်သက်တယ်ဆိုတာ မသိကြကြောင်း၊ အမေရိကန်သမ္မတနဲ့ ပတ်သက်တယ်လို့ သိတဲ့အခါ တစုံတရာ ဖြစ်မှာကို ကြောက်လန့်သွားကြောင်း နယူးယောက် တိုင်းမ် ကို ပြောပါတယ်။

ကိုလံဘီယာနိုင်ငံဟာ မူးယစ်ဆေးဝါးကိစ္စတွင် နာမည်ကြီးသလို မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ လက်နက်ပုန်းကိစ္စ၊ မူးယစ်ဆေးဝါးဂိုဏ်များနဲ့ ဆက်စပ်တဲ့ မှုခင်းများမှာလည်း နာမည်ကြီးပါတယ်။ ကိုလံဘီယာနိုင်ငံမှာ ပြည့်တန်ဆာများဟာ တရားဝင် ပြည့်တန်ဆာအလုပ်ကို လုပ်နိုင်ပါတယ်။ အခု အမှုအခင်းမှာ ပါဝင် ပတ်သက်သူများကို သတင်းဌာနများက ပြည့်တန်ဆာလို့ သုံးနှုန်းသော်လည်း ကာယကံရှင်အမျိုးသမီးကတော့ သူတို့ဟာ လမ်းပေါ်က ပြည့်တန်ဆာ မဟုတ်ကြောင်း၊ သူတို့ရဲ့ ဖောက်သည်တွေဟာ သီးသန့် ဖောက်သည်တွေဖြစ်ပြီး လမ်းပေါ်က ပြည့်တန်ဆာတွေထက် ဈေးကြီးကြောင်း နယူးယောက် တိုင်းမ်ကို ပြောပါတယ်။ ထို အမျိုးသမီးဟာ ခင်ပွန်းမရှိတဲ့ မိခင် (single mother) ဖြစ်ကြောင်းလည်း သိရပါတယ်။

အခု ဖြစ်ပွားတဲ့ အမေရိကန်သမ္မတ လုံခြုံရေး အဖွဲ့ဝင်များနဲ့ ဇိမ်မယ်တို့ရဲ့ ကိစ္စဟာ အမေရိကန်ပြည်ထောင်စုမှာ ထုတ်လွှင့်တဲ့ ၂၀၁၂ ဧပြီ ၂၂ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း စကားဝိုင်းများမှာ အတော့်ကို လူပြောများတဲ့ ကိစ္စဖြစ်ပါတယ်။ အမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကော်မတီနဲ့ လွှတ်တော်အမတ်တွေက စောင့်ကြည့်နေကြသလို လှို့ဝှက် ထောက်လှမ်းရေး တပ်ဖွဲ့ တာဝန်ရှိသူများကလည်း စုံစမ်းမှုတွေ လုပ်နေကြကြောင်း သိရပါတယ်။

ကိုးကား

http://www.secretservice.gov/history.shtml

http://www.nytimes.com/2012/04/19/world/americas/colombian-escort-speaks-about-secret-service-scandal.html?pagewanted=all

http://news.yahoo.com/more-firings-expected-secret-scandal-144949477.html

http://news.yahoo.com/secret-sex-scandal-congressional-members-call-wider-probe-003639735.html

http://www.nytimes.com/imagepages/2012/04/19/world/19COLUMBIAjp2.html

http://www.nypost.com/p/news/international/alleged_colombian_escort_tania_zWvjxr7VB08HTMnaE1ZJOM?photo_num=4

အခင်းဖြစ်ပွားသူ အမျိုးသမီး (http://www.nypost.com/p/news/international/alleged_colombian_escort_tania_zWvjxr7VB08HTMnaE1ZJOM?photo_num=4)

သတင်း - ကိုလံဘီယာ အမေရိကန်သမ္မတ လုံခြုံရေး အဖွဲ့ဝင် ဇိမ်မယ် - Apr 23 2012 12:25 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005