ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် ကြည့်ပြီးကြပြီလား

http://www.movie2k.to/The-Lady-watch-movie-1290019.html

အခုတလော ရုပ်ရှင် မကြည့်ဖြစ်တာ အတော်ကြာသွားခဲ့ပါပြီ။ နောက်ဆုံး ရုပ်ရှင်ကြည့်ဖြစ်တာကတော့ လွန်ခဲ့တဲ့ လအနည်းငယ်က ကြယ်တာရာ စစ်ပွဲ သုံးဘက်မြင်ဇာတ်ကားကို တဦးထည်း သွားကြည့်ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ ခါတိုင်း မိသားစုလိုက် သွားကြည့်ဖြစ်ပေမယ့် အဲဒီနေ့ကတော့ တဦးထည်း သွားကြည့်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ငွေကြေးဆိုင်ရာ ချွေတာနေရခြင်းကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်လောက်တော့ မကြာခဏဆိုသလို မိသားစုလိုက် ရုပ်ရှင် ကြည့်ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ရင် ၃၄ လမ်း၊ ၄၂ လမ်းတွေမှာ ကြည့်ဖြစ်ပြီး ရုပ်ရှငက်အပြန် အဲဒီနားက စတိုးဆိုင်တွေ လျှောက်ကြည့်ရင်း ဈေးဝယ်ဖြစ်ကြတော့ တနင်္ဂနွေတပတ် အပြင်ထွက်ရင် အနည်းဆုံး တရာ၊ နှစ်ရာတော့ ကုန်သွားတာပါပဲ။ အခုတော့ အဲဒီ အသုံးစရိတ်တွေ အကုန်လျှော့ပြီး ရှိသမျှရော၊ မရှိသမျှရော ယနေ့မြန်မာအတွက် အကုန် ထည့်သုံးနေတော့ ကိုယ်တင်မက ဇနီးရော၊ မိသားစုပါ အသုံးအစွဲ လျှော့ကြရလို့ ဘယ်မှကို မသွားဖြစ်ကြတော့ပါဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့ တပတ်နှစ်ပတ်လောက်က The Hunger Games ရုပ်ရှင်ကို မိသားစုလိုက် သွားကြည့်ဖြစ်ကြပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်သတင်းတွေ စောင့်ပြီး ဖော်ပြတာက ညပိုင်းဖြစ်လို့ မနက် ရုပ်ရှင်သွားကြည့်တယ်ဆိုရင် ကိုယ်က အိပ်ငိုက်နေပြီ ပေါ့။ အဲဒီလို အိပ်ငိုက်ပြီး ရုပ်ရှင်သွားကြည့်ကြတိုင်း တခုခုဆို စိတ်က သိတ် မရှည်ချင်တော့ဘူး။ ဒီလိုနဲ့ မိသားစု ပျော်ဖို့ (Family Time) သွားရာကနေ ကတောက်ကဆဖြစ်တဲ့အခါလည်း ဖြစ်ကြတာလည်း ရှိရဲ့။ ဒါနဲ့ ဒီတခါတော့ အဲဒီလို မဖြစ်အောင်နေမယ်ဆိုပြီး သွားခဲ့ကြတယ်။ သို့သော်လည်း အဲဒီ ရုပ်ရှင်က ကိုယ် သိတ် စိတ်မ၀င်စားတဲ့ ရုပ်ရှင်မျိုးဖြစ်နေတော့ ရုပ်ရှင်ရုံမှာ ကြော်ငြာတွေ စပြကတည်းက အိပ်လိုက်တာ ရုပ်ရှင်ပြီးမှပဲ နိုးပါတော့တယ်။ ဒါ့ကြောင့် ကနဦး ဖော်ပြခဲ့သလို ရုပ်ရှင် နောက်ဆုံး ဘယ်အချိန်ကြည့်ခဲ့သလဲဆို လွန်ခဲ့တဲ့ လအတန်ကြာက ကြည့်ခဲ့တဲ့ ကြယ်တာရာစစ်ပွဲကိုပဲ ပြောရတာပါ။ အဲဒီဇာတ်ကားကတော့ ငယ်ငယ်တုန်းက ရန်ကုန်မှာ ရှိကတည်းက ရုပ်ရှင်ရုံကြီးနဲ့ ကြည့်ချင်ခဲ့တာမို့လည်း သွားကြည့် ဖြစ်တာပါ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀ကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကို အွန်လိုင်းက ကြည့်လို့ရတယ်ဆိုတာ သိလိုက်ရတယ်။ အမှန်အတိုင်း ပြောရရင် လူရော၊ စိတ်ရော၊ နှလုံးသားရောက ယနေ့မြန်မာနဲ့ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ဒီဇိုင်းတွေထဲ ထည့်ထားတော့ ကျန်တာကို သိတ် စိတ် မ၀င်စားဖြစ်တော့ဘဲ အဲဒီ ရုပ်ရှင်ကို ကြည့်ဖို့ကိုလည်း စိတ်မပါဖြစ်ခဲ့ဘူး။ သို့သော်လည်းပဲ အဲဒီ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ်အတွက် တစုံတရာ ရေးသားလိုတဲ့ ဆန္ဒက စေ့ဆော်တာနဲ့ပဲ ကြည့်ဖြစ်လိုက်တယ်။ ဇာတ်လမ်းက သိကျွမ်းနေတဲ့ ဇာတ်လမ်းဖြစ်နေတော့ ဇာတ်ဝင်ခန်းတွေက ပကတိ သိခဲ့တာတွေနဲ့ အံမ၀င်ရင် တခုခု ခံစားရမှာစိုးတာနဲ့ မကြည့်ချင်တဲ့စိတ် တချို့ ရှိနေသော်လည်း ကြည့်ကို ကြည့်ရမယ်ဆိုတဲ့ အသိက ရှိနေတော့ ခေါင်းထဲက အတွေးတွေ အားလုံး ထုတ်ပစ်ပြီး ခံစားချက်အားလုံးကို ရုပ်ရှင်ထဲမှာ နှစ်ပြီး ကြည့်ဖြစ်လိုက်ပါတယ်။

The Lady ဇာတ်ကားဟာ ငွေကြေးအရ ကြည့်ရင် အောင်မြင်နိုင်မယ့် ရုပ်ရှင်ဇာတ်ကား တကား မဟုတ်နိုင်သလို သမိုင်းနောက်ခံအနေနဲ့ ပြောမယ်ဆိုရင်လည်း ပြီးပြည့်စုံတဲ့ ဇာတ်ကားတော့ မဟုတ်ပါဘူး။ သို့သော်လည်း တင်ပြပုံနဲ့ သရုပ်ဆောင်မှုတွေမှာ ၁၉၈၈ အရေးအခင်းအကြောင်း ရိုက်ကူးခဲ့တဲ့ Beyond Rangoon ၊ ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးခဲ့တဲ့ သူ့ကျွန် မခံပြီ နဲ့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုအကြောင်း ရိုက်ကူးထားတဲ့ Burma VJ ဇာတ်ကားတွေထက်တော့ ပိုကောင်းတယ်လို့ မြင်ပါတယ်။ (Burma VJ ဇာတ်ကားမှာ တကယ့်ဖြစ်ရပ်မြင်ကွင်းတွေကို တွေ့နိုင်သော်လည်း တင်ပြပုံနဲ့ အကြောင်းအရာ ဆက်စပ်ပုံမှာတော့ Burma VJ က ကိုမျိုးမြင့်အကြောင်း ရိုက်ထားတဲ့ Burma Soldier လောက် ရင်ထဲ မရောက်ခဲ့တာ အမှန်ပါ။) ငယ်ငယ်တုန်းက သမ္မတရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ မန္တလေးနန်းတွင်းအရေးတော်ပုံဇာတ်ကားကိုတော့ သိတ် မမှတ်မိလို့ ယှဉ်ပြီး မပြောနိုင်တော့ပါ။

The Lady ဇာတ်ကားထဲမှာ ရုပ်ရှင်မင်းသမီး မီရှယ်လ် ယို (Michelle Yeoh) ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သွားသလို မင်းသား ဒေးဗစ် သျူးလစ်စ် (David Thewlis) ကိုလည်း မိုက်ကယ်လ် အဲရစ်စ် (Michael Aris) အဖြစ် ခံစားမိလိုက်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အများ သိနေကြတဲ့ နိုင်ငံတကာ အကြမ်းဖက် လှုပ်ရှားမှုရဲ့ ပြယုဂ်အဖြစ် မခံစားဖြစ်လိုက်တော့ပဲ တိုင်းပြည်တခုက လူသန်းပေါင်း ၅၀ ကျော်အတွက် သူ့ဘ၀တခုလုံးကို စွန့်လွှတ်ပြီး အောင်မြင်မယ်၊ မအောင်မြင်မယ် မသိတဲ့ အလုပ်တခုကို ယုံကြည်ချက်တခု ကိုင်စွဲရင်း ရဲရဲရင့်ရင့် လုပ်ကိုင်သူ အမျိုးသမီးအဖြစ် ခံစားမိလိုက်ပါတယ်။ ဒါကြောင့်မို့ ရုပ်ရှင် ကြည့်နေစဉ်မှာ (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ) အဲဒီဇာတ်ကားကို မြန်မာအားလုံး ကြည့်သင့်တယ်လို့ ခံစားမိပါတယ်။ မကြည့်ချင်တဲ့ အခန်းတွေ ရှိရင်လည်း မကြည့်ချင်တဲ့ အခန်းလေးကို ကျော်ပြီး ဇာတ်လမ်းကျောရိုး ပျောက်မသွားအောင်၊ ဇာတ်ကြောင်းတွေ ဆက်စပ်မိအောင် ကြည့်စေချင်ပါတယ်။

နောင်တချိန်မှာ The Lady ဇာတ်ကားထက် ပိုမို ကောင်းမွန်ပြီး ခန်းနားတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပေါ်ထွက်လာကောင်း ပေါ်ထွက်လာနိုင်ပါတယ်။ သို့သော်လည်း The Lady ဇာတ်ကားကို ဒီကနေ့ မြန်မာတွေ ကြည့်စေလိုတဲ့ ဆန္ဒအရင်းခံကတော့ ဒီကနေ့ ခံစားရတဲ့ ခံစားချက်နဲ့ နောင်တချိန် ခံစားရတဲ့ ခံစားချက်က ထပ်တူကျနိုင်မယ် မထင်ပါဘူး။ နောက်ပြီး (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ) ဒီဇာတ်ကားဟာ သမိုင်းတွင်ရစ်မယ့်၊ ရာဇ၀င်မှတ်တမ်းတခုကို ကမ္ဗည်းတင်တဲ့ ဇာတ်ကားတကား ဖြစ်နေလို့ပါပဲ။

The Lady ဇာတ်ကားဟာ တိုက်တဲန်းနစ် သင်္ဘော နစ်မြုပ်ခြင်းကို ရိုက်ကူးတဲ့ တိုက်တဲန်းနစ် ရုပ်ရှင်ဇာတ်ကားမဟုတ်သလို ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာအကြောင်း ရိုက်ကူးတဲ့ The Iron Lady ဇာတ်ကား မဟုတ်ပါဘူး။ တိုက်တဲန်းနစ်တို့၊ သည် အိုင်းရင်းလေဒီ (The Iron Lady) တို့လို အချက်အလက်ပေါင်းစုံ အလွယ်တကူ ရှာဖွေ ရရှိနိုင်ပြီး ငွေကုန်ကြေးကျများစွာနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကား မဟုတ်ပါ။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ရနိုင်သမျှ အချက်အလက်တွေ စုစည်းပြီး ကုန်ကျစရိတ် မနည်းမများနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဟောလီးဝုဒ်နဲ့ ယူကေက ထုတ်လုပ်တဲ့ ရုပ်ရှင်ကြီးတွေနဲ့ ယှဉ်ပြီး ပြောမယ်ဆိုရင်တော့ (ရင်ထဲကအတိုင်း ပြောရရင်) ပြောတဲ့သူကိုပဲ အပြစ်ဆိုဘွယ်ရာ ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မတူတာ၊ မဆိုင်တာတွေကို နှိုင်းယှဉ် ပြောဆိုတဲ့အတွက် ဖြစ်ပါတယ်။

The Lady ဇာတ်ကား ကြည့်ပြီးတဲ့အခါ တစုံတရာ ခံစားချက် တခုခုကိုတော့ ရရှိမှာကတော့ အမှန် ဖြစ်ပါတယ်။ ရရှိတဲ့ ခံစားချက်ကတော့ တယောက်နဲ့ တယောက် တူနိုင်မှာ မဟုတ်ပါ။ သို့သော် ဒီ ဆောင်းပါးရေးချိန် ၂၀၁၂ ဧပြီ ၂၁ ရက်နေ့မှာ မြန်မာစာကို ရေးတတ်၊ ပြောတတ်၊ ဖတ်တတ်သူများကိုတော့ The Lady ဇာတ်ကား ကြည့်စေချင်ပါတယ်။ ကိုယ်တိုင် ခံစားကြည့်စေချင်ပါတယ်။

(http://www.movie2k.to/The-Lady-watch-movie-1290019.html တွင် The Lady ရုပ်ရှင်ဇာတ်ကား အစအဆုံး ကြည့်လို့ရပါတယ်။ ယူကျူ့တွင် ဖော်ပြထားတဲ့ မြန်မာစာတမ်းထိုး The Lady ဇာတ်ကားကို http://youtu.be/dFjsFgfYf4g တွင် ကြည့်နိုင်ပါတယ်။ ဘာသာပြန် ဖော်ပြချက်မှာ မြန်မာဘာသာပြန်မှုနဲ့ စာလုံးပေါင်း အမှားအယွင်းအနည်းငယ် ရှိနိုင်ပါတယ်။ အဲဒါကို သည်းခံ ခွင့်လွှတ် နားလည်ပြီး ဘာသာပြန်ပေးသူနဲ့ ယူကျူ့တွင် ဖော်ပြသူကို ကျေးဇူးတင်ပေးစေလိုပါတယ်။ အမှားအယွင်းနည်းလိုရင်တော့ တတ်သိနားလည်သူများ ၀ိုင်းဝန်း ပါဝင် ကူညီပေးလိုက်ကြပါ။ ၂၀၁၂၊ ဧပြီ ၂၃ ရက်နေ့ကျရင် အမဇုံ မှာ (http://www.amazon.co.uk/The-Lady-DVD-Michelle-Yeoh/dp/B006E040A6/ref=sr_1_1?s=dvd&ie=UTF8&qid=1335008252&sr=1-1 - ဒီဗီဒီ ၊ http://www.amazon.co.uk/The-Lady-Blu-ray-Michelle-Yeoh/dp/B006E04D1C/ref=sr_1_2?ie=UTF8&qid=1334861253&sr=8-2 - ဘလူး ရေး (Blue Ray) ) အခွေရောင်းမယ်လို့ သိရပါတယ်။)

http://www.youtube.com/watch?v=dFjsFgfYf4g

သတင်း - ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် The Lady - Apr 21 2012 08:28 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005