ဒေါ်အောင်ဆန်းစုကြည် နော်ဝေနဲ့ ဗြိတိန်နိုင်ငံများသို့ ဇွန်လအတွင်း ခရီးထွက်နိုင်ခြေ ရှိ
20120301 DASSK Shan State Trip

ဟဲဟိုးလေဆိပ်မှ အောင်ပန်းမြို့သို့ ထွက်ခွာစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် အဖြစ် နော်ဝေနိုင်ငံနဲ့ ဗြိတိန်နိုင်ငံများသို့ ၂၀၁၂ ဇွန်လအတွင်း သွားရောက်နိုင်ခြေရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မီဒီယာများကို ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်များနဲ့ ပတ်သက်ပြီး ယနေ့မြန်မာတွင် ၂၀၁၂ ဧပြီ ၉ ရက်နေ့က “ဒေါ်အောင်ဆန်းစုကြည် မကြာမီ နော်ဝေးနိုင်ငံ လည်ပတ်ရန် နော်ဝေ ၀န်ကြီးချုပ်ဟောင်း စီစဉ်နေ” (http://www.burmatoday.net/news.php?news_ID=246) သတင်းခေါင်းစဉ်နဲ့ သတင်းအယ်ဒီတာ ကိုညိုရဲ့ သတင်းကို ဖော်ပြပြီးတဲ့နောက် အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးများနဲ့ ပတ်သက်တဲ့သတင်းများ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု အပ်နှင်းခဲ့တဲ့ နိုင်ငံဖြစ်ပြီး ပြည်ပကို ခရီးထွက်မယ်ဆိုရင် နော်ဝေနိုင်ငံကို အရင်ဦးဆုံးသွားရောက်မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခင်ကတည်းက ပြောကြားခဲ့ဘူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နော်ဝေနိုင်ငံကို ရောက်ရှိလာမယ်လို့ မျှော်လင့်ရကြောင်း၊ ရောက်ရှိခဲ့မယ်ဆိုရင် နော်ဝေခရီးစဉ်အတွင်း ၁၉၉၁ ခုနှစ်က သူ ရရှိခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူမှာ ဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ်ကတော့ ဧပြီ ၁၃ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကဲန်မရွန် မြန်မာပြည်ကို တရက်ကြာ အလည်အပတ် ရောက်ရှိခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံကို အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အဆင့်မြင့်ဆုံး ဗြိတိန်အစိုးရ အဖွဲ့ဝင်တဦး ဖြစ်ကာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ အဆင့်မြင့်ဆုံး အနောက်နိုင်ငံခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

ဒေးဗစ် ကဲန်မရွန်ရဲ့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းကဆိုရင်တော့ အခုလို ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မဖြစ်နိုင်ပါဘူးလို့ပဲ ပြောရမှာပါ။ သို့သော်လည်း အခုအချိန်မှာတော့ ဖြစ်နိုင်ပါတယ်လို့ ပြောနိုင်ပါပြီ။ ဒါဟာ ထူးခြားတဲ့ တိုးတက်မှုတခုပါပဲ“ လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး သူ့ခင်ပွန်းဖြစ်သူ မိုက်ကယ်လ်အဲရစ်စ်နဲ့ တွေ့ဆုံခဲ့ကာ လက်ထပ်ခဲ့ပါတယ်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နဲ့ ဘူတန်နိုင်ငံများတွင် သွားရောက် နေထိုင်ကာ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ခင်ပွန်းသည်၊ သားနှစ်ယောက်နဲ့အတူ အောက်စ်ဖို့ဒ်တွင် ပြန်လည် နေထိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်တွင် မိခင် ဒေါ်ခင်ကြည် နေထိုင်မကောင်းဖြစ်ကာ မြန်မာပြည်ကို ပြန်ခဲ့ရာမှ ယနေ့အချိန်အထိ မြန်မာပြည်တွင် နေထိုင်ကာ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုကို အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ တိုက်ပွဲဝင်ကာ ခေါင်းဆောင်နေသူတဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်လ်အဲရစ်စ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်အတွင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ရကာ မကွယ်လွန်မီ ဇနီးသည်နဲ့ တွေ့ခွင့် မရခဲ့သလို တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောတဲ့အခါမှာလည်း အခက်အခဲများစွာ တွေ့ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါ နိုင်ငံကူးလက်မှတ် လျှောက်ထားဆဲဖြစ်ပြီး ရရှိလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းသည် ကွယ်လွန်ခါနီးအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ မိုက်ကယ်လ်အဲရစ်စ်က မြန်မာနိုင်ငံကို လာရောက်ရန် ဗီဇာ လျှောက်ထားခဲ့သော်လည်း လူသားချင်း စာနာစိတ် ကင်းမဲ့တဲ့ မြန်မာအာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ သို့သော် မြန်မာအာဏာပိုင်တွေက နာမကျန်းဖြစ်နေတဲ့ မိုက်ကယ်လ်အဲရစ်ကို ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံကို လာရောက်ရန် ခေါ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အားလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ပကို ထွက်ခွာနိုင်ကြောင်း၊ ထိုသို့ ထွက်ခွာပြီးတဲ့အခါ မြန်မာပြည်ကို ပြန်လာနိုင်မှာ မဟုတ်ကြောင်း မြန်မာအာဏာပိုင်တွေက အသိပေးခဲ့ပါတယ်။

ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ဇွန်လအတွင်း ပြည်ပခရီး ထွက်နိုင်ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်နဲ့ ဆက်လက် လုပ်ဆောင်နိုင်မယ်ဆိုပါက မြန်မာအစိုးရရဲ့ ၂၄ နှစ်အတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုတရပ်အဖြစ် ရှုမြင်ရမှာ ဖြစ်ပါတယ်။

ကိုးကား

http://www.independent.co.uk/news/world/asia/aung-san-suu-kyi-could-visit-britain-as-early-as-june-7657250.html
သတင်း - ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် နော်ဝေ ပြည်ပခရီး - Apr 18 2012 04:11 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005