ပြည်သူကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှူနဲ့ နှစ်သစ်ကူးပွဲတော်

ပြည်သူများနဲ့အတူ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (http://www.youtube.com/watch?feature=player_embedded&v=mj7B-FUTlUI)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဧပြီ ၁၇ ရက် (၁၃၇၄ ခု မြန်မာနှစ်ဆန်း တရက်နေ့) က ရန်ကုန်တိုင်း ကော့မှူးမြို့ကို သွားရောက်ပြီး ဒေသ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ပေးအပ်ခဲ့ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သွားရောက်ခဲ့တဲ့ အနုပညာရှင်များကလည်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်တွင် ဒေသခံပြည်သူလူထုကို တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုနဲ့အတူ ထိုင်ကာ အနုပညာရှင်များအား အားပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မိခင် ဒေါ်ခင်ကြည် နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ထူထောင်ကာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေထဲမှာ ကျပ် သိန်း သုံးရာကို ကော့မှူးမြို့နယ်ရှိ ကျေးရွာပေါင်း ၆၀ ကျော်အနက် ကျေးရွာသုံးရွာကို မဲဖောက်ကာ ပထမ၊ ဒုတိယ၊ တတိယဆုအဖြစ် ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို မဲဖောက်ပြီး လှူဒါန်းခဲ့ရာ ပထမဆု ကျပ် ၁၇၅ သိန်းကို ၀ါးဘလောက်သောက် ကျေးရွာအုပ်စု ကမာပတ်ကျေးရွာ၊ ဒုတိယဆု ကျပ် ၇၅ သိန်းကို ဆားတိုင်မွတ်ကျေးရွာနဲ့ တတိယဆု ကျပ် သိန်း ၅၀ ကို ပုပ္ပါးကျေးရွာများက ရရှိသွားခဲ့ပါတယ်။

ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ပေးအပ်ခြင်း အခမ်းအနားနဲ့ နှစ်သစ်ကူးပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မဲပေးခဲ့တဲ့ ကော့မှူးမြို့နယ်သူ၊ မြို့နယ်သားများကို ကျေးဇူးတင်စကား လာရောက် ပြောကြားခြင်း ဖြစ်ကြောင်း၊ မဲဖောက်ပေးမယ့် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ ရပ်ရွာ လိုအပ်ချက်များကို မိမိတို့ဖာသာ တိုင်ပင် ဆုံးဖြတ်ကာ ဖြစ်မြောက်အောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါခဲ့တဲ့ ကိုရဲလွင်၊ ဆောင်းဦးလှိုင်နဲ့ တေးသံရှင်များက ပြည်သူများကို တေးသီချင်းများနဲ့ ဖျော်ဖြေတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေနဲ့အတူ ထိုင်ကာ အားပေးခဲ့တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သင်္ကြန်ကာလမှာ နေအိမ်တွင် နေထိုင် အနားယူခဲ့သော်လည်း သူ့နေအိမ်ကို လာရောက် ဖျော်ဖြေကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေးလှူအဖွဲ့ရဲ့ သင်္ကြန် အလှပြယာဉ်၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် အဖွဲ့တို့ကို အားပေးခဲ့ပါတယ်။ ထို့အပြင် ပြည်သူများအား သင်္ကြန်ရေ ပက်ဖြန်းခြင်း အမှုကို ပြုခဲ့သလို ဖျော်ရည် စတုဒီသာနဲ့ ဧည့်ခံခြင်းလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ၁၃၇၃ ခုနှစ် အတာသင်္ကြန်ကာလအတွင်း တွေ့မြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာသွင်ပြင်ဟာ ကြည်လင် အေးချမ်းကာ ငြိမ်းချမ်းနေတာကို တွေ့ရပါတယ်။
သတင်း ဆောင်းပါး - ဒေါ်အောင်ဆန်းစုကြည် - Apr 17 2012 11:39 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005