ခေါင်းဆေးမင်္ဂလာနှင့် အတူ

၁၆၊ ၄၊ ၂၀၁၂ သင်္ကြန်အတက်နေ့သည် မင်္ဂလာတရားနှင့်အညီ ငြိမ်းချမ်းမှုအတိတ်နိမိတ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် နံနက် (၇း၂၀) အချိန်၌ ဖော်ဆောင်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ ဒေါ်ခိုင်ခိုင်ဝင်းသည် (၁၅၊ ၄၊ ၂၀၁၂) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ (၁၆.၄.၂၀၁၂) ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် စတုဒီတာ အဟာရဒါနအဖြစ် နန်းကြီးသုပ် ကျွေးမွေး ချက်ပြုတ်ရန်အတွက် ညအိပ်လာရောက်ခဲ့ရာ စာကလေး ငှက်ငယ်ပေါင်း (၅၀) ခန့်ကို ၀ယ်ယူလာခဲ့သည်။ ထို ငှက်ငယ်များအား ညဘက်တွင် အစာကျွေး၊ ရေတိုက်ခဲ့ကာ ၁၆၊ ၄၊ ၂၀၁၂ နံနက် (၇း၀၀) နာရီအချိန်တွင် ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ အသင်းသား/သူများတို့မှ လွတ်မြောက်ရာသို့ ငြိမ်းချမ်းစွာ ကုသိုလ်ဖြစ် ဘေးမဲ့လွှတ်ပေးခဲ့သည်။

ယနေ့ သင်္ကြန်အတက်နေ့တွင် ညနေ (၆း၀၀) နာရီအချိန်အထိ နာရေးကူညီမှု လမ်းကြောင်းပေါင်း (၄၄) ကြောင်းရှိသည့်အနက် ရဲမှုခင်းဆိုင်ရာ လမ်းကြောင်း (၂) ကြောင်းအားလည်း (အခမဲ့) ကူညီပေးခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူ များသည် မြောက်ဒဂုံမြို့နယ်၊ (၄၃) ရပ်ကွက်နေ ဒေါ်ငြိမ်းလှ အသက် (၉၁) နှစ်၏ ဈာပနလမ်းကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သန္တာလမ်းရှိ ဒေါ် …. အသက် ( ) နှစ်၏ ဈာပနလမ်းကြောင်းနှင့် ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ ဦးကြည်မင်း အသက် (၈၆) နှစ်၏ ဈာပနလမ်းကြောင်း (၃) ကြောင်းတို့အား သွားရောက်၍ ကူညီဖေးမခဲ့သည်။ ယခင်နေ့များနည်းတူ နာရေးကူညီမှု လမ်းကြောင်းသွားရာတလျှောက် ရေကစားမဏ္ဍပ်များ၊ ပျော်ပါး မြူးတူးနေကြသော ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နိဗ္ဗာန်ယာဉ်များအားလွယ်ကူစွာ ရေဝေးသုဿန်သို့ သွားရောက်နိုင်ရန် ၀ိုင်းဝန်း ကူညီပေးကြသည်မှာ ယခင့်၊ ယခင်နှစ်များနှင့်မတူ အထူး လူသားချင်းစာနာစိတ်ဖြင့် ကူညီ ဖေးမပေးကြသဖြင့် များစွာ ကျေးဇူး အထူးတင်ရှိမိပါတော့သည်။

နေ့လည်ပိုင်းတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အသင်းသူ/သားများ၊ ၀န်ထမ်းများအား ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ ဘူးသီးကြော်၊ ဘယာကြော်၊ မတ်ပဲကြော်၊ ကြက်သွန်ကြော်၊ ပဲပင်ပေါက်ကြော်၊ ငှက်ပျော်ကြော် စသည့် အကြော်စုံများနှင့် ကော်ဖီတို့ဖြင့် ကျွေးမွေး ဧည့်ခံခဲ့ရာ တပျော်တပါး ၀ိုင်းဝန်း၍ အကြော်များကို ပျော်ရွှင်စွာ စားသောက်ခဲ့ကြပါသည်။

ညနေ (၅း၀၀) နာရီအချိန်တွင် အသင်းသား/သူများ၊ ၀န်ထမ်းများတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ခြံဝင်းအတွင်းရှိ သုခကုသိုလ်ဖြစ် ဆေးခန်းရှေ့တွင် ယာယီအုန်းလက်တို့ဖြင့် ဆောက်လုပ်ထားသော ရေကစားမဏ္ဍပ်ငယ်လေးအတွင်း အချင်းချင်း အပြန်အလှန် ရေဆော့ကစားကြသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နေ့စဉ် မွန်းကြပ်နေကြသော၊ ကူးစက်ခြင်း ခံနေရသော ပရိဒေဝအပူမီးများအား ဤနေ့ ဤအချိန် တဒင်္ဂလေးအတွင်းတွင်သာ အေးချမ်းမှုရရှိအောင် ရေကစားကြရခြင်း ဖြစ်သည်။

နာရေးပို့ဆောင်ရေးလမ်းကြောင်းမှ ပြန်ရောက်လာသော ဥက္ကဋ္ဌ ဦးကျော်သူအား ဇနီးဖြစ်သူ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့မှ ခေတ္တခဏ မဏ္ဍပ်ငယ်လေးဘက်သို့လာရန် လှမ်း ခေါ်ဆောင်သဖြင့် ဦးကျော်သူမှ သွားရောက်ခဲ့ရာ အသင်းသား/သူများမှ ရေ ၀ိုင်းဝန်း လောင်းပက်ကာ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်နှင့် ဒေါ်သန်းမြင့်အောင်တို့က ဦးကျော်သူအား ထိုင်ခုံတွင် ထိုင်ခိုင်းပြီး ခေါင်းလျှော်ရည်၊ တရော်ကင်ပွန်းတို့ဖြင့် ဦးခေါင်းအား ၀ိုင်းဝန်း လျှော်ဖွတ် ပေးတော့သည်။

ထို့ကြောင့် ၂၀၁၂ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် နာရေးကူညီမှုအသင်း (ရန်ကုန်) အဖို့ နာရေး ကုသိုလ်ကောင်းမှုများအား အများဆုံး ပေးဆပ်မှုများ ပြုလုပ်ပေးနိုင်ခဲ့သလို ရိုးရာယဉ်ကျေးမှုနှင့်အညီ စတုဒီတာ အာဟာရဒါန ကျွေးမွေးခြင်း၊ ငှက်သတ္တ၀ါတို့အား ဘေးမဲ့ လွှတ်ပေးခြင်း၊ ယဉ်ကျေးပျူငှာစွာ ရေကစားကြခြင်းတို့အပြင် ခေါင်းဆေးမင်္ဂလာပါ ပြုလုပ်ပေးနိုင်သော မင်္ဂလာရှိသော နှစ်သစ် တနှစ်ပင် ဖြစ်တော့သည်။

(သို့ရာတွင် - ၂၀၁၂ သင်္ကြန်ကာလအတွင်း သင်္ကြန်အတက်နေ့၏ နာရေးကူညီမှုလုပ်ငန်းများသည် ယခင်နေ့များ နည်းတူ ညနေ (၅း၀၀) နာရီအချိန်တွင် မပြီးဆုံးသေးပေ။ မြန်မာ့ရှေးထုံးတမ်းတခုဖြစ်သော ဘ၀တပါးသို့ ပြောင်းလဲသွားသော ခန္ဓာကိုယ်တို့အား နောက်တနှစ်သို့ မကူးပြောင်းစေလိုခြင်းကြောင့် ည (၁၂း၀၀) အချိန်အထိ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသား/သူနှင့် ၀န်ထမ်းတို့သည် ဆက်လက် ကူညီ ဖေးမပေးဆပ်မှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။)

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 16 2012 09:38 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005