သာဓုပါ ဗျာ သံချပ် အဖွဲ့နဲ့ မှတ်မှတ်ရရ နှလုံးသားထဲက သံချပ်များ

ည ၂ နာရီကျော်လောက်မှာ တရေးနိုးပြီး ချောင်းဆိုးကာ အိပ်မရ ဖြစ်နေတဲ့ ဇနီးသည်ကို သွား ပြန် သိပ်ရင်းနဲ့ သူ့နံဘေးမှာ ကိုယ်လည်း အိပ်ပျော်သွားတယ်။ ညနေဘက်က ပြည်သူ့ဂုဏ်ရည် အစည်းအဝေး သွားခဲ့တာ၊ နယူးယောက် ညနေခင်း ဓါတ်ပုံသွားရိုက်ခဲ့တာနဲ့ ရက်အတန်ကြာ သေသေချာချာ မအိပ်ဖြစ်ခဲ့တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဖြတ်ကနဲ လန့်နိုးတော့ မနက် ၆ နာရီကျော်၊ ၇ နာရီလောက် ရှိနေပြီ။ ဒါနဲ့ နောက်ဖေးခန်းက အလုပ်လုပ်စ ကွန်ပြူတာဆီ သွားကြည့်တော့ ကွန်ပြူတာက ဖွင့်လျက်၊ ကွန်ပြူတာထဲက SKY NET တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် ပြသနေတဲ့ မြန်မာပြည် သင်္ကြန်ပုံရိပ်တွေကလည်း လှုပ်ခတ်နေလျက်။

ညဥ့်နက်နက် အိပ်ပျက်ညတွေကတော့ မကြာခဏ (ဒါမှမဟုတ်) အမြဲလိုလို ကြုံတွေ့နေရလို့ ကိုယ့်အတွက် အဆန်းတကြယ်တော့ မဟုတ်။ အိပ်ပျက်ညတွေကို ဆက်တိုက် ကျော်ဖြတ်ရင်း အလုပ်လုပ်နေလျက် ခဏတဖြုတ် လှဲလိုက်တာကနေ အိပ်ပျော်သွားတဲ့အခါမျိုးလည်း ရံဖန်ရံခါ ကြုံခဲ့ဘူးပါတယ်။ အဲဒီလို ကြုံတွေ့တဲ့အဖြစ်တွေထဲက မှတ်မှတ်ရရ အဖြစ်တခုကတော့ ၁၉၈၃ ခုနှစ်ခန့် လွတ်လပ်ရေးနေ့ကာလ မန္တလေးမြို့က အဖြစ်အပျက် ပါ။ အဲဒီတုန်းက လွတ်လပ်ရေးနေ့ကာလ မန္တလေး ရာပြည့်ကွင်း ဓါတ်ပုံဆရာတွေ ညဘက် ရိုက်ကူးတဲ့ ဖလင်တွေကို သွားယူ၊ ကျွန်တော်က ညဘက်မှာ ဖလင် ဆေးပြီး မနက်ကျရင် ဓါတ်ပုံကူးတဲ့သူ အဆင်သင့် ကူးနိုင်အောင် ပြင်ဆင်ပေးရပါတယ်။ ကျွန်တော်တို့ရဲ့ ဖလင်ဆေးနည်းက အမှန်ကန်ဆုံးနဲ့ စနစ်ကျဆုံး ဖြစ်တော့ ပွဲတွေမှာ ချက်ခြင်း ဓါတ်ပုံရိုက်၊ ချက်ခြင်း ဓါတ်ပုံပေးတဲ့ လုပ်ငန်း အတော်များများကို လုပ်ရတဲ့အတွက် နေ့ရောညပါ အလုပ်က လက်မလည် တတ်။ အဲဒီနေ့က ဖလင်ဆေးဖို့အတွက် ရေနွေးကြိုရင်း အနီးက အိပ်ယာပေါ်လှဲလိုက်ရာက မှေးကနဲ အိပ်ပျော်သွားတယ်။ ခဏအကြာ ရုတ်တရက် လန့်နိုးပြီး ကြည့်လိုက်တော့ အနားက ရေနွေးဂေါက်နဲ့ ရေနွေးကြိုထားတဲ့ ပလပ်စတစ်ခွက်က အရည်တွေ ပျော်ပြီး မီးလောင်နေပြီ။ ဒါနဲ့ ချက်ခြင်း ပလပ်ပေါက်ကို ဖြုတ်၊ မီးငြိမ်းလိုက်တာတောင် ထိပ်လန့်မှုတွေက မရပ်နိုင်သေး။ အဲဒီလို ဖြစ်ပြီး နောက်ပိုင်း သိတ်ပြီး အိပ်ချင်နေရင်တောင် အရေးကြီးတဲ့အလုပ်တွေကို သေသေချာချာ စီစဉ်ပြီးမှ သံပတ်ပေးကာ ခဏတဖြုတ် အိပ်ဖို့ ကြိုးစားရတော့တယ်။ အဲဒီတုန်းက ကိုယ်က အသက် ၂၀ ၀န်းကျင်။ လုပ်နေတဲ့ အလုပ်ထဲမှာ အသက်အငယ်ဆုံးနဲ့ အဖေ့လုပ်ငန်းအားလုံးကို စီစဉ်နေရသူ။ အလုပ်တွေကလည်း တခုမှ အတိမ်းအစောင်းမခံနိုင်တာမို့ အဲဒီအဖြစ်ကနေ မှတ်မှတ်သားသား သင်ခန်းစာတခု ရခဲ့လိုက်ပါတယ်။ အခုတခေါက်လည်း ကွန်ပြူတာ ဖွင့်လျက် အိပ်ပျော်သွားခဲ့ပြန်တော့ ငယ်ငယ်က အဖြစ်ကို ချက်ခြင်းပဲ သတိရလိုက်ပြီး နောက်တခါ ထပ် မဖြစ်အောင်တော့ သတိထားရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောမိလိုက်တယ်။

အိပ်ယာက နိုးနိုးချင်းပဲ ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းက ဓါတ်ပုံတွေကို ဖော်ပြဖို့ စီစဉ်ဖြစ်တယ်။ ကွန်ပြူတာက ခလုပ်တွေ နှိပ်နေရင်း အလုပ်လုပ်နေပေမယ့် စိတ်ထဲမှာ တခုခု လိုနေပြီး တခုခုကို ဆုံးရှုံးသွားမှာ စိုးရိမ်နေမိတယ်။ ရေးမယ့် သတင်းဆောင်းပါးအတွက် အချက်အလက်တွေကို နှလုံးသားနဲ့ ဦးဏှောက်ထဲမှာ စီစဉ်ထားပြီး ဖြစ်ပေမယ့် စိတ်ထဲမှာ သူတို့ကို ထပ်ပြီး မမြင်ရမှာ စိုးရွံ့နေဆဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ရင်ခုန်မှုတွေကို ပြန်လည် တောင့်တမိနေဆဲ။

ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ စိတ်ထဲက ထပ်ပြီး တွေ့မြင်လိုတဲ့၊ နားဆင်လိုတဲ့ သူတို့ကတော့ တခြားသူများ မဟုတ်ပါ။ ဗေလုဝ၊ မေတ္တာ၊ ကုသိုလ်တို့ရဲ့ သာဓုပါ ဗျာ သံချပ်အဖွဲ့ ဖြစ်ပါတယ်။ အရင်နေ့တွေက ရန်ကုန်မြို့ရဲ့ ညနေပိုင်းမှာ ရန်ကုန် SKY NET စင်မြင့်ကတဆင့် သာဓုပါဗျာ သံချပ်အဖွဲ့ကို မြင်ခဲ့ရသော်လည်း အိပ်ပျော်သွားဖြစ်တဲ့ ဒီကနေ့မှာ သူတို့ကို ထပ်ပြီး မမြင်မတွေ့ရ ဖြစ်သွားမှာကို စိုးရိမ်နေမိတယ်။ နည်းနည်း နောက်ကျမှ ဖျော်ဖြေမယ်လို့ အရင်နေ့တွေက ကြေငြာထားခဲ့လေတော့ အလုပ်တွေ လုပ်နေဆဲအချိန်မှာ သာဓုပါဗျာ သံချပ်အဖွဲ့ကို တိတ်တခိုး စောင့်မျှော်နေမိတယ်။

၂၀၁၂ ဧပြီလ၊ ၁၃၇၃ မြန်မာသင်္ကြန်ကတော့ အမှတ်တရ ဖြစ်စရာတွေ အပြည့်ပါ။ ကွန်ပြူတာ ဖန်သားပြင်ကတဆင့် SKY NET တိုက်ရိုက် ထုတ်လွှင့်မှုကနေ မြန်မာပြည်ကပုံရိပ်တွေကို အချိန်နဲ့ တပြေးညီ တွေ့မြင်ရသလို တမ်းတမ်းတတ လွမ်းဆွတ်ရတဲ့ သံချပ်တွေကို ပြန် မြင် ပြန်ကြားခဲ့တာကတော့ တကယ့်ကို သမိုင်းဝင် အဖြစ်တခု ပါပဲ။ သို့သော်လည်း ၂၀၁၂ ဧပြီ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် မနက်ပိုင်းက SKY NET ထုတ်လွှင့်မှုတွေ ပြတ်တောင်းပြတ်တောင်း ဖြစ်ခဲ့တော့ သာဓုပါ ဗျာ သံချပ်အဖွဲ့ ဖျော်ဖြေနေစဉ်မှာ အဲဒီလို ဖြစ်မှာကိုလည်း စိုးရိမ်နေဆဲ။ သာဓုပါဗျာ သံချပ်တွေ ဖျော်ဖြေပြီးသွားမှာကိုလည်း စိုးရိမ်နေဆဲ။ ဒီလိုနဲ့ ကိုကျော်သူရဲ့ ဓါတ်ပုံသတင်းတွေကို ဖော်ပြပြီး ၂၀၁၂ ဧပြီ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် မနက်ပိုင်းက SKY NET ထုတ်လွှင့်မှုတွေကို ဖော်ပြဖို့ ပြင်ဆင်နေခိုက် ကွန်ပြူတာထဲကနေ ကိုမေတ္တာရဲ့အသံ ပေါ်ထွက်လာတာနဲ့ လုပ်လက်စတွေကို ရပ်လိုက်ကာ ရန်ကုန် SKY NET မဏ္ဍပ်ပေါ်က သာဓုပါ ဗျာ ရဲ့ ဖျော်ဖြေမှုကို မျက်တောင်မခတ် ကြည့်နေမိလိုက်တော့တယ်။ (သတင်းဆောင်းပါးတွင် ဖော်ပြထားတဲ့ ပုံများကတော့ SKY NET ထုတ်လွှင့်မှုကတဆင့် တွေ့မြင်ရတဲ့ ပုံရိပ်များ ဖြစ်ပါတယ်။)

သာဓုပါ ဗျာ အဖွဲ့မှာ ဖျော်ဖြေကြတဲ့ ကုသိုလ်၊ ဗေလုဝ၊ မေတ္တာတို့တတွေဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကာလက လူငယ်တွေရဲ့ သင်္ကြန်ညတွေကို ပိုင်စိုးခဲ့သူတွေ ပါ။ ကုသိုလ်ရဲ့ ပြီးပါပြီ အဖွဲ့ဆိုရင် သူတို့ သံချပ်တိုင်တဲ့ အနီးအနားက မဏ္ဍပ်တွေကို တောက်လျောက် လိုက်ကြည့်ဖြစ်အောင်ကို စွဲဆောင်နိုင်ခဲ့ပါတယ်။ ကျန်တဲ့ သာဓုပါ ဗျာ အဖွဲ့သားများ ပါဝင်ခဲ့တဲ့ မောင်မောင်တို့အဖွဲ့၊ အမြင်မတော် ဆင်တော်နဲ့ ခလောက်၊ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ပစိပစပ် အဖွဲ့များဟာလည်း ကျွန်တော်တို့ရဲ့ နှလုံးသားကို ကောင်းကောင်း ဆွဲကိုင် လှုပ်ခဲ့ကြပါတယ်။ သို့သော်လည်း သံချပ်ယဉ်ကျေးမှုဟာ ၁၉၈၉ မဟာသင်္ကြန်ကာလမှ စတင်ကာ ၂၀၁၁ ခုနှစ်အထိ ပျောက်ကွယ် သွားခဲ့တဲ့အတွက် ဒီကနေ့ခေတ် လူငယ်တွေအဖို့ သံချပ်နဲ့ နှစ် ၂၀ လောက် ကင်းကွာသွားခဲ့ရပါတယ်။ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ သံချပ်ပန်းတွေ ပြန်လည် ပွင့်လန်းလာကြတာမို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တခု ပြန်လည် ရှင်သန် ထမြောက်လာခြင်းလို့ ဆိုရမှာ ဖြစ်သလို ဒီ ယဉ်ကျေးမှုကို လူငယ်မျိုးဆက်သစ်တွေဆီ သိက္ခာရှိရှိနဲ့ လက်ဆင့်ကမ်းနိုင်တော့မှာပါ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက် ကံကောင်းတာကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ က အင်အားကောင်းခဲ့တဲ့ သင်္ကြန်မင်းသား၊ သံချပ်ဖန်တီးရှင်တွေရဲ့ နှလုံးသားဟာ ဒီကနေ့အထိ လတ်လတ်ဆတ်ဆတ် ရှိနေပြီး ဖန်တီးမှုတွေ အားကောင်းမောင်းသန် ရှိနေကြတာပဲ ဖြစ်ပါတယ်။

ရန်ကုန် SKY NET မဏ္ဍပ်ပေါ်က သာဓုပါဗျာ အဖွဲ့ရဲ့ ဧပြီ ၁၅ ရက်နေ့ ဖျော်ဖြေမှုမှာ (ကြိုတင် ကြေငြာခဲ့တဲ့အတိုင်း) ကဏ္ဍသစ်တွေ ထည့်သွင်း တင်ဆက်ခဲ့သလို လူရွှင်တော်အရိုင်းလည်း ပါဝင်ခဲ့ပါတယ်။ သာဓုပါ ဗျာ အဖွဲ့ရဲ့ သံချပ်တွေထဲက ရန်ကုန်ပြည်သူများ၊ မြန်မာတပြည်လုံးနဲ့ နိုင်ငံတကာရောက် မြန်မာပြည်သားများရဲ့ ရင်ထဲကို အင်အားတခုနဲ့ ၀င်ရောက်သွားမယ့် ဖျော်ဖြေမှုကတော့

“ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့ အိမ်၊ ဒီဘက်ကမ်းက မီးထိန်ထိန် ကျွန်တော်တို့နေတဲ့ အိမ်၊

ဒီဘက်ကမ်းက မီးထိန်ထိန် ကျွန်တော်တို့နေတဲ့ အိမ်၊ ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့ အိမ်၊

ကျွန်တော်တို့ ရောင်းတဲ့ ဓါတ်အားတွေနဲ့ ၀င်းလက်လို့ ထိန်၊ ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တို့မှာတော့ ပြာလဲ့လဲ့ မှိန်၊

သဘာဝပေးတဲ့ ဘေးအန္တရာယ်ကတော့ ကျွန်တော်တို့က ခံ၊ သဘာဝပေးတဲ့ သယံဇာတတွေကျတော့ သူတို့က စံ“ ဆိုတဲ့ လျှပ်စစ်မီးနဲ့ ဆက်နွယ်တဲ့ တင်ဆက်မှု ဖြစ်ပါတယ်။

လျှပ်စစ်မီးနဲ့ မလောက်မင ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဗေလုဝရဲ့ ခံစား တင်ဆက်တဲ့ ဟန်၊ အသံတွေဟာ ဖျော်ဖြေမှု မပြုမီ ရင်ဘတ်ကြီးနဲ့ ခံစားပြီး နားဆင်ပေးပါလို့ ပြောစရာ မလိုလောက်အောင်ပဲ ဟိုဘက်ကမ်းက မီးထိန်ထိန် လို့ စတင် ဖျော်ဖြေလိုက်တဲ့ အချိန်က စလို့ တင်ဆက်မှု အဆုံးသတ်ချိန်ရောက်တဲ့အထိ စာသားတလုံးချင်းစီက ပစ်လွှတ်လိုက်တဲ့ မြှားတွေဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို မြှားတစင်းပြီး တစင်း ဒိုင်းကနဲ၊ ဒိုင်းကနဲ ၀င်ရောက် စူးနစ် စိုက်ဝင် သွားခဲ့ပါတယ်။ (ဗေလုဝရဲ့ တင်ဆက်မှုကို ဘယ်လောက်အထိ ခံစားလိုက်ရသလဲဆိုရင် အခု ရေးလက်စ ဆောင်းပါးကို ဘယ်လို ဆက်ရေး ရမှန်းမသိလောက်အောင် ဖြစ်သွားလို့ သတင်းဆောင်းပါးကို အစအဆုံး ပြန် ဖတ်ကြည့်ပြီးမှ ဆက်ရေး ဖြစ်ခဲ့ပါတယ်။)

ခေတ်စနစ်ကို ထင်ဟပ်နေတဲ့၊ ဝေဖန် ထောက်ပြတတ်တဲ့ သံချပ်ယဉ်ကျေးမှု ရှင်သန်ဖို့ဟာ ကျွန်တော်တို့အတွက် တကယ်ပဲ အရေးကြီးပါတယ်။ ဘာ့ကြောင့်ဆိုတော့ သံချပ်ဟာ ပြည်သူ့ရင်ထဲက အမောတွေကို ထပ်ဟပ်စေသလို ပြေပျောက်စေနိုင်ပါတယ်။ နောက်ပြီး ပြည်သူတွေကို အသိပေးလိုတာ၊ တင်ပြလိုတာကိုလည်း တပါတည်း တင်ဆက်နိုင်ပါတယ်။ ဒါကြောင့်မို့ အခုလို မြန်မာပြည်ကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေချိန်မှာ သံချပ်ဟာ မြန်မာပြည်သူတွေအတွက်ရော အစိုးရအတွက်မှာပါ အရေးပါတဲ့တာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်။ ဒ့ါကြောင့် စဉ်းစား ချင့်ချိန် သုခမိန်ဆိုသလို တိုင်းပြည် ပြောင်းလဲဖို့အတွက် ကြိုးစား ရွက်ဆောင်ရင်း၊ ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်း စောင့်ရှောက်ရင်း၊ ပြည်သူ့ရင်ထဲက အမောတွေ ဖြေဖျောက်ရင်း မြန်မာ့ရိုးရာသံချပ်တွေ ထာဝစဉ် ရှင်သန်နေအောင် ကျွန်တော်တို့တွေ ကြိုးစားကြရအောင်လို့ အမှတ်တရစကားဆိုရင်း (၁၉၈၃ ခုနှစ် သံချပ်ကား မထွက်ဖြစ်စဉ် ဗေလုဝ ရေးသားခဲ့တဲ့) သာဓုပါ ဗျာ သံချပ်အဖွဲ့ရဲ့ ဂန္တ၀င် နွေ နှုတ်ဆက်သီချင်းရဲ့ နောက်ဆုံးစာသား “ဒို့တတွေ ညီညွတ်ရင်းနဲ့ မော်ကွန်းတွေ ရေးကြပါမည်“ ဆိုတဲ့ စကားနဲ့ အခု သတင်းဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

သတင်း ဆောင်းပါး - သာဓုပါ ဗျာ သံချပ် ၂၀၁၂ မဟာသင်္ကြန် - Apr 15 2012 04:27 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005