ခွပ် ချိန်တန် ခွပ်၊ က ချိန်တန် က (၁)

၁၄၊ ၄၊ ၂၀၁၂ သင်္ကြန်အကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကူညီမှု လမ်းကြောင်းများအား နေ့စဉ်နေ့တိုင်း နံနက် (၈း၃၀) နာရီအချိန်မှစ၍ ကူညီဖေးမ သဂြိုံဟ်မှုများ လုပ်ကိုင်ပေးသည့်အနက် နံနက် (၁၁း၀၀) နာရီအချိန်၌ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက်၊ ဇဋိလ (၁) လမ်းနေ ဒေါ်စိန်ညွန့် အသက် (၈၆) နှစ်၏ နာရေးလမ်းကြောင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများ သွားရောက်၍ ဒေါ်စိန်ညွန့်၏ ရုပ်အလောင်းအား ရေဝေး သုဿာန်သို့ ကူညီဖေးမ ကုသိုလ်ယူကာ ပို့ဆောင် သဂြိုံဟ်ပေးခဲ့သည်။

ယနေ့ သင်္ကြန်အကြတ်နေ့ တနေ့တာ နာရေးကူညီမှု စုစုပေါင်း (၃၆) ကြောင်းအား ကူညီ ဖေးမပေးရာတွင် ရဲမှုခင်းဆိုင်ရာ လမ်းဘေး သေဆုံးမှု လမ်းကြောင်း (၃) ကြောင်း ပါဝင်ခဲ့သည်။ နေ့စဉ်နေ့တိုင်း ပရိဒေ၀သောက အပူမီးများနှင့်သာ ကြုံကြိုက် တွေ့ဆုံနေရသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အသင်းသူ/သားများ၊ ဝန်ထမ်းများအဖို့ ယနေ့ သင်္ကြန်အကြတ်နေ့ နေ့လည် (၁း၀၀) နာရီ အချိန်ခန့်တွင် အပူမီးများ ခေတ္တခဏ ပျယ်ပျောက်သွားမှုနှင့် ကြုံကြိုက်ခဲ့ရတော့သည်။ အကြောင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် BG သွေးလှူအဖွဲ့၏ အလှပြဖျော်ဖြေရေး မော်တော်ယာဉ်ကြီးသည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ၀င်ရောက်ခဲ့ကာ ဖျော်ဖြေသီဆိုမှုတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ “ဒို့တိုင်းဌာနီ NLD၊ ဒေါင်းပျိုမာတာ ပိတောက်ဋီကာ၊ ခွပ်ဒေါင်း ပြဌာန်းသစ်၊ ခွပ်ဒေါင်း သင်္ကြန်၊ အိုးဝေ တွန်သံ၊ BG သင်္ကြန် အိုးဝေသံ၊ ကြည်မြ စိမ်းစို ခွပ်ဒေါင်းပျို” စသည့်သီချင်းများအပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားတို့၏ တောင်းဆိုချက်ကြောင့် “ခွပ်ဒေါင်း ပြန်လာပြီ” သီချင်းအား မြိုင်ဆိုင် သီဆို ကပြ ဖျော်ဖြေခဲ့ကြသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသူ/သားများ၊ ၀န်ထမ်းများသည်လည်း ၀မ်းသာ ကြည်နူးစွာဖြင့် ၀င်ရောက် ကပြကြသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသား ဦးဋ္ဌေးလွင်မှ ဂုဏ်ပြုငွေ တသောင်း ကျပ်၊ အသင်းသူ မပြားလီမှ ဂုဏ်ပြုငွေ နှစ်သောင်းကျပ်၊ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ ငါးသောင်းကျပ်အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူငွေ တသိန်းကျပ်တို့အား ချီးမြှင့် ပေးကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေး အဖွဲ့သား/သူ အယောက် (၄၀) ကျော်တို့အား ထမင်းဟင်းများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။ ထိုသို့ သီဆိုဖျော်ဖြေမှုအား အသင်းသား/သူများ၊ ၀န်ထမ်းများအပြင် ပြင်ပမှ ဧည့်ပရိသတ်များပါ လာရောက် အားပေး ကြည့်ရှုခဲ့ကြသည်။ BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေး မော်တော်ယာဉ် ထွက်ခွာသွားစဉ်၌ အဖွဲ့သား/သူများ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများတို့သည် BG အဖွဲ့သား/သူများတို့အား သင်္ကြန်ရေ ပက်ဖျန်းလောင်းခဲ့သည်။

နေ့လည် (၃း၀၀) နာရီအချိန်တွင် နာရေးကူညီမှုလုပ်ငန်းများအား နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အသင်းသူ/သားများ၊ ၀န်ထမ်းများတို့သည် လုပ်ကိုင်ဆဲ အလုပ်တာဝန်များအား ဆက်လက်လုပ်ကိုင် ပေးဆပ်နေစဉ် (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်၍ (၈၈) ကျောင်းသားများအဖွဲ့၏ သင်္ကြန်သံချပ် အဖွဲ့သားများသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိရာသို့ ထပ်မံ ရောက်ရှိလာကြပြန်သည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲတွင် ရေးစပ်ခဲ့သည့် သီချင်းများဖြင့် အဖွဲ့လိုက် သီဆို ဖျော်ဖြေခဲ့ရာ မမြင် မကြားရသည်မှာ နှစ်ပေါင်း (၂၀/၃၀) နှစ်ခန့်ရှိပြီဖြစ်သော သင်္ကြန်သံချပ်များဖြင့် (၈၈) အမျိုးသမီးအဖွဲ့၊ (၈၈) အမျိုးသားအဖွဲ့များမှ “မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့”နှင့် ပူးပေါင်း ဖျော်ဖြေခဲ့ကြသည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့အား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဂုဏ်ပြုငွေ ကျပ် တသိန်း၊ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုငွေ ကျပ် တသိန်း၊ ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ဂုဏ်ပြုငွေ သုံးသောင်းကျပ်တို့အား ဂုဏ်ပြု ချီးမြှင့် ပေးအပ်ကာ ဒေါ်ရွှေဇီးကွက်နှင့် (၈၈) ကျောင်းသားအဖွဲ့တို့သည် အပြန်အလှန် သင်္ကြန်ရေ ပက်ဖျန်းလောင်းကာ နေ့လည်စာ ရွှေရင်အေး၊ သာကူတို့ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြသည်။

ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်သည် အခြားသော မဟာသင်္ကြန်နှစ်များနှင့် မတူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် မြန်မာပြည်သူ/သားများအတွက် မင်္ဂလာအရှိဆုံး မဟာသင်္ကြန် နှစ်ထူး နှစ်မြတ် ဖြစ်စေခဲ့တော့သည်။ အများပြည်သူလူထု တခဲနက် ထောက်ခံ အားပေးမှုကို ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှု ရရိှသော နှစ်ဖြစ်သလို အကျဉ်းကျ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သော (၈၈) ကျောင်းသားများ ပြန်လည် လွတ်မြောက်လာသော နှစ်လည်း ဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း (၃၀) ခန့် မမြင်ရသည်မှာ ကြာပြီဖြစ်သော သံချပ်အဖွဲ့များ ပြန်လည် ပေါ်ပေါက်လာသော နှစ်သစ်လည်း ဖြစ်ပေသည်။ နာရေးကူညီမှုအသင်း (ရန်ကန်) ၏ နေ့စဉ် မွန်းကြပ်မှုများ၊ လှောင်ပိတ်မှုများနှင့် ကျွန်တော်တို့အား ကူးစက် လွှမ်းခြုံခြင်း ခံနေရသော ရောဂါဝေဒနာရှင်တို့၏ အပူမီးများ၊ နာရေးရှင်တို့၏ နာရေး ပရိဒေ၀ အပူမီးများအား ယခုကဲ့သို့ ခဏတာအတွင်း ပြေပျောက် အေးချမ်းမှုကို လာရောက် ဆေးကြောပေးကြသော NLD၊ BG သွေးလှူအဖွဲ့၏ ဖျော်ဖြေသီဆိုရေးအဖွဲ့နှင့် (၈၈) ကျောင်းသားများ မဟာသင်္ကြန် သံချပ်အဖွဲ့တို့အား ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်ကာ ကျေးဇူး အထူးတင်ရှိပါတော့သည်။ ထို့ကြောင့် ကျွန်တော်တို့ လူမှုရေးသမားများသည် အများပြည်သူတို့၏ သောက အပူမီးများကို လိုက်လံ ငြိမ်းသတ်ပေးနေရသကဲ့သို့ မိမိတို့တွင် စွဲကပ်နေသော သောက အပူမီးများအားလည်း ယခုကဲ့သို့ ပြန်လည်၍ ငြိမ်းအေးစေသော အချိန်အခိုက်အတန့်အတွင်းတွင် ငြိမ်းအေးစေခြင်းသည် NLD ၊ BG သွေးလှူအဖွဲ့၏ သီဆိုဖျော်ဖြေမှု အလှပြ မော်တော်ယာဉ် အဖွဲ့သားများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သော ဥက္ကဋ္ဌ ဦးကျော်သူ၏ “ဒေါင်းဆိုတာ - ခွပ် ချိန်တန် ခွပ် ၊ က ချိန်တန် က ရတယ် ” ဟူသော စကားပမာပင် ဖြစ်တော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 15 2012 07:22 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005