ကိုယ်တွင်း အပူမီးများ ငြိမ်းကြပါစေ

(၁၃၊ ၄၊ ၂၀၁၂) သောကြာနေ့ မဟာသင်္ကြန်အကျနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အသင်းသား/သူများ၊ အလှူရှင်များ၊ အသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်နှင့် ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့၏ အလှည့်ကျ လှူဒါန်း ကျွေးမွေးကြသော နံနက်စာ၊ ညနေစာ ထမင်းဟင်းနှင့် နေ့လည်စာအဖြစ် မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်၊ မုန့်ကြာစေ့၊ သာကူ၊ ဆီထမင်း စသည့် သွားရေစာများကို ချက်ပြုတ် ကျွေးမွေး စားသောက်ရင်းဖြင့် အများပြည်သူတို့၏ နာရေးကူညီမှုလုပ်ငန်းအား ရေကစား နေကြသော အများပြည်သူတို့၏ ရှေ့မှောက်ဝယ် အပူမီးများအားငြိမ်းသတ်ပေးလျှက်ရှိသည်။

ယနေ့ နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ နာရေးကူညီမှုပေါင်း (၃၆) ကြောင်း ရှိသည့်အနက် မြောက်ဒဂုံ (၄၁) ရပ်ကွက်ရှိ တော်ဝင်အိမ်ရာတိုက်ခန်းတွင် ဘ၀တပါးသို့ ပြောင်းလဲသွားသော ဒေါ်ညွန့်တင် အသက် (၉၀) ၏ နောက်ဆုံးခရီးအား ဥက္ကဋ္ဌဦးကျော်သူနှင့်အတူ ဇနီးဒေါ်ရွှေဇီးကွက်တို့ အတူတကွ ကုသိုလ်ယူ လိုက်လံ ပို့ဆောင် သဂြိုံဟ်ပေးခဲ့သည်။ ဦးကျော်သူတို့နှင့်အတူ နာရေးကူညီမှု အသင်းသား/သူများသည် အသင်းဖယ်ရီကားနှင့်လည်းကောင်း၊ ကွယ်လွန်သွားသော အမေကြီးဒေါ်ညွန့်တင်သည် အသက် (၉၀) ဖြစ်သောကြောင့် အထူးနိဗ္ဗာန်ယာဉ်ဖြင့် ဦးကျော်သူကိုယ်တိုင် မောင်းနှင်ကာ ရေဝေးသုဿာန်သို့ ပို့ဆောင် သဂြိုံဟ်ပေးခဲ့ပါသည်။ တော်ဝင်အိမ်ရာသို့ဝင်ရာ လမ်းကျဉ်းလေးတွင် ဓါတ်ကြိုး မလွတ်၍ ၀ါးလုံးဖြင့် ထောက်ကာ ၀င်လာခဲ့ရသည်မှလွဲ၍ လမ်းတလျှောက် ရေကစားကြသူများ၊ အရက်သေစာ သောက်ထားသူများကလည်း နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ မော်တော်ယာဉ်များကို အနှောက်အယှက်ပေးခြင်းကင်းစွာဖြင့် မောင်းနှင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ၀ိုင်းဝန်း အကူအညီ ပေးခဲ့ကြသည်။ ယင်းလမ်းကြောင်းတွင် သင်္ကြန်အကြိုနေ့နည်းတူ မြောက်ဥက္ကလာလမ်းမကြီးသည် ရေကစားသူ နည်းပါးလှသောကြောင့် အဆင်ပြေစွာဖြင့် မောင်းနှင်နိုင်ခဲ့ပါသည်။

၁၂၊ ၄၊၂၀၁၂ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ဖော့ဘူးစက်ရုံ မီးလောင်ကျွမ်းမှုတွင် အဆောက်အဦ အပျက်အစီးများအား ရှင်းလင်းဖယ်ရှားရာ၌ နိုင်ငံခြားသားတဦး မီးလောင်ကျွမ်း၍ သေဆုံးနေသော ရုပ်အလောင်းအား တွေ့ရှိသောကြောင့် ယနေ့ ၁၃၊ ၄၊ ၂၀၁၂ (သင်္ကြန်အကျနေ့) တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ် အကူအညီ တောင်းခံလာသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ဝန်ထမ်းများ ရုံးဆင်းချိန် ဖြစ်သော်လည်း အရေးပေါ် သွားရောက် ကူညီဖေးမမှုကို သက်ဆိုင်ရာ မီးသတ်ဦးစီးဋ္ဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း လုပ်ကိုင်ပေးခဲ့သည်။ ထို့ကြောင့် အများသူငှါ ပျော်ရွှင်ကြည်နူးစွာ ရေကစားနေကြသော မဟာသင်္ကြန်ပွဲတော်ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် သေဆုံးသူမိသားစု၏ အပူမီးများကို လိုက်လံ ငြိမ်းသတ် ပေးနေခဲ့ရသည်။ တနည်းအားဖြင့် နာရေးကာယကံရှင်မိသားစုများ၏ ကိုယ်တွင်းအပူမီးများကို ငြိမ်းသတ်ပေးနေခြင်းပင် ဖြစ်တော့သည်။

၂၀၁၂ ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်တွင် အများပြည်သူအပေါင်း ရေပက်လောင်း၍ နှစ်ဟောင်းရှိ ကိလေသာ အညစ်အကြေးများကို ဆေးကြောဘိသကဲ့သို့ ယခုနှစ်သစ်ကူးအချိန်ကာလမှစ၍ အများပြည်သူအပေါင်းတို့၏ ကိုယ်တွင်းရှိ အပူမီးများသည်လည်း ငြိမ်းအေးကြပါစေသတည်းဟု ဆုတောင်းမေတ္တာပို့လိုက်ရပါသည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 14 2012 03:27 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005