အရေးယူ ပိတ်ဆို့ရေး ဆိုင်းငံ့ထားဖို့ ဗြိတိန် ၀န်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူ

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံက ဒဏ်ခတ် ပိတ်ဆို့ရေးတွေ ဆိုင်းငံ့မယ့် လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကဲန်မရွန် (David Cameron) တို့ သဘောတူညီခဲ့ကြပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကဲန်မရွန်းဟာ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာပြည်ကို သွားရောက်တဲ့ အဆင့်မြင့် အနောက်နိုင်ငံခေါင်းဆောင်တဦး ဖြစ်သလို မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ်တဦးလည်း ဖြစ်ပါတယ်။ ဒေးဗစ် ကဲန်မရွန်ဟာ မြန်မာပြည်ကို မသွားရောက်မီ ဂျပန်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတချို့ကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ ဒေးဗစ်ကဲန်မရွန်ဟာ ၂၀၁၂ ဧပြီ ၁၃ ရက်နေ့ မနက်ပိုင်းက ကြပ်ပြေးနေပြည်တော်ကို သွားရောက်ခဲ့ကာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေးဗစ် ကဲန်မရွန်တို့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက ကန့်သတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုများနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားများကို ပြောကြားခဲ့ကြခြင်း ဖြစ်ပါတယ်။ ညပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးနေအိမ်တွင် ကျင်းပတဲ့ ညစာစားပွဲကို ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကဲန်မရွန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒေးဗစ် ကဲန်မရွန်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အနောက်နိုင်ငံခေါင်းဆောင်တဦးရဲ့ သမိုင်းဝင် ခရီးတခု ဖြစ်သလို မကြာမီရက်အတွင်းက အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် ပြောဆိုခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု လျော့ချရေးကိစ္စနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဒေးဗစ် ကဲန်မရွန်တို့ရဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

နောက်ဆုံး သိရှိရတဲ့ သတင်းများအရ ဗြိတိသျှတို့အနေနဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ အရေးယူထားမှုကို ဆိုင်းငံ့မှာ ဖြစ်ကြောင်း၊ ပိတ်ဆို့မှု ဆိုင်းငံ့ရေးတွင် လက်နက် ရောင်းချမှု ပိတ်ဆို့ထားခြင်း မပါဝင်ကြောင်း သိရပါတယ်။ ဗြိတိသျှဝန်ကြီးချုပ်နဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့မှုကို လျော့ချဖို့ ပြောလိုက်သလို သမ္မတ ဦးသိန်းစိန်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြောင်းလဲမှု လိုလားတယ်လို့ သူ ယုံကြည်ကြောင်း၊ ဒ့ါကြောင့် ဒေးဗစ် ကဲန်မရွန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဆိုင်းငံ့တဲ့ အစီအစဉ်ဟာ မှန်ကန်တဲ့ တုန့်ပြန်မှု ဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို မပယ်ဖျက်ဘဲ ဆိုင်းငံ့တာကို ထောက်ခံကြောင်း၊ ဒါဟာ သမ္မတနဲ့ အခြား ပြောင်းလဲလိုသူများရဲ့ လိုလားချက်ကို တုန့်ပြန်ခြင်း ဖြစ်ကြောင်း၊ သမ္မတနဲ့ ပြောင်းလဲလိုသူများက ပြုပြင်ပြောင်းလဲရေး အဆင့်တွေ လုပ်ကိုင်တဲ့အတွက် စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့ရေးအဆင့်ကို လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း၊ အပြောင်းအလဲ မလိုလားသူများအနေနဲ့ ပြောင်းလဲမှုများ မဖြစ်ပေါ်အောင် ကြိုးစားပါက စီးပွားရေး ပိတ်ဆို့မှု ပြန်လည် ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကဲန်မရွန်ကတော့ “ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။ အခုလို ခင်ဗျားနဲ့ အတူ ရပ်ခွင့်ရခြင်းဟာ ကြီးမားတဲ့ လေးစား ဂုဏ်စရာ ဖြစ်ရပ် ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ရုန်းကန် လှုပ်ရှားရမှု၊ ရဲဝံ့မှုနဲ့ အခက်အခဲတွေကို ဖြတ်သန်းနိုင်မှုနဲ့ ယုံကြည်မှုအပေါ် ခိုင်မြဲစွာ ရပ်တည်နိုင်မှုတွေဟာ ကမ္ဘာကြီးတခုလုံးက ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ မြင်လိုသူများရဲ့ ဂုဏ်ယူလေးစားဘွယ် ဖြစ်ကြောင်း၊ ယူကေနိုင်ငံက ပြည်သူတွေအားလုံးဟာလည်း ခင်ဗျားရဲ့ ရုန်းကန် လှုပ်ရှားမှုကို လေးစားကြကြောင်း ပြောကြားလိုပါတယ်။ သမ္မတ သန်းရွှေ (ဦးသိန်းစိန်ရဲ့ အမည်ကို မှားယွင်း ပြောဆိုလိုက်ပါတယ်။) နဲ့ ဒီကနေ့ တွေ့ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပြည်ဟာ ပြောင်းလဲမှု ရှိနေပါတယ်လို့ ယုံပါတယ်။ ဒီ ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ တုန့်ပြန်မှု ရှိရပါမယ်။ ကျွန်တော်တို့အနေနဲ့ ပြောင်းလဲမှုများ နောက်ကြောင်း ပြန်မလှည့်နိုင်အောင် သတိထားပြီး တုန့်ပြန်ကြရပါလိမ့်မယ်။ ကျွန်တော်တို့ (ဒေါ်အောင်ဆန်းစုကြည်နဲ့) ဆွေးနွေးတဲ့အခါ စီးပွားရေး ပိတ်ဆို့မှုများကို ဆိုင်းငံ့ခြင်းဟာ မှန်ကန်တယ်လို့ မြင်ပါတယ်။ စီးပွားရေး ပိတ်ဆို့တာတွေကို ဆိုင်းငံ့ခြင်း ဖြစ်ပါတယ်။ ပယ်ဖျက်တာ မဟုတ်ပါဘူး။ လက်နက်ပိတ်ဆို့မှု မပါဝင်ပါဘူး။ ဒါဟာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါဟာ မြန်မာပြည် လွတ်မြောက်ရေး၊ လူ့အခွင့်အရေး ရရှိရေးနဲ့ ဒီမိုကရေစီ ရရှိအောင် ပြောင်းလဲရေး မြင်ရဖို့အတွက် ကျွန်တော်တို့ အကူအညီပေးမှုကို ပြသတဲ့ အသိပေးမှု ဖြစ်ပါတယ်“ လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ ဆိုင်းငံ့ရေးတွေအတွက် ဥရောပ သမဂ္ဂနိုင်ငံများအတွင်း အနည်းငယ် အမြင်မတူညီတာတွေ ရှိနေပါတယ်။ သို့သော် ဗြိတိသျှဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ ဒီလကုန်တွင် ပြန်လည် သုံးသပ်မယ့် ဥရောပသမဂ္ဂနိုင်ငံများရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုဆိုင်ရာ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အပေါ် အကျိုးသက်ရောက်ဖွယ် ရှိပါတယ်။

မြန်မာပြည်အနေနဲ့ ပြောင်းလဲရေးတွေ လုပ်ဖို့ ဂတိက၀တ်တွေ ပြုမယ်ဆိုရင် ဗြိတိန်နိုင်ငံအနေနဲ့ မြောက် အိုင်ယာလန်နဲ့ အပစ်အခတ် ရပ်စဲရေးတွေ ပြုလုပ်တဲ့ အချိန်က အတွေ့အကြုံတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အတွေ့အကြုံတွေ မျှဝေဖို့၊ မြန်မာပြည်မှာ လူ့အခွင့်အရေး လေးစားလိုက်နာဖို့အတွက် အစိုးရ အရာရှိများနဲ့ အတိုက်အခံများကို သင်တန်းတွေပေးဖို့ စတဲ့ ကူညီမှုတွေ ပေးဖို့ ဆန္ဒရှိကြောင်း တွေ့ရပါတယ်။ ဒေးဗစ် ကဲန်မရွန်ဟာ သူ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ထို ဖိတ်ခေါ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယခင်ကဆိုရင် ကျေးဇူးတင်ကြောင်းသာ ပြောနိုင်ပေမယ့် အခုအချိန်မှာတော့ လာဖြစ်နိုင်ပါတယ်လို့ ပြောနိုင်ပြီ ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုသွားပါတယ်။

ဗြိတိန် ၀န်ကြီးချုပ်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ မြန်မာအစိုးရ အစဉ်တစိုက် တောင်းဆိုလာတဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် အနောက်နိုင်ငံများရဲ့ ထင်ရှားတဲ့ တုန့်ပြန်မှုတခု ဖြစ်ပါတယ်။

သတင်း - ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကဲန်မရွန် ဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည် စီးပွားရေး ပိတ်ဆို့မှု - Apr 14 2012 09:25 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005