သာသနာ့ဘောင်အတွင်းသို့

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် တနှစ်ပတ်လုံး နားရက်မရှိ အများပြည်သူတို့အား ကူညီ ဖေးမ ပေးဆပ်မှုများ ပြုလုပ်ပေးလျှက်ရှိရာ ယခုနှစ် (၂၀၁၂) ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရက်တွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်းအား ဆေးကုသမှုတို့ကို နှစ်ဆန်း (၁) ရက်နေ့ (၁၇၊ ၄၊ ၂၀၁၂) ရက်နေ့အထိ ပိတ်ရက်အဖြစ်သတ်မှတ်ကာ ဆေးကုသခန်း၊ လူနာ နားနေဆောင်တို့အား သန့်ရှင်းရေးများ ပြုလုပ်ကြကာ နာရေးကူညီမှုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် (အခမဲ့) ကူညီပေးလျှက် ရှိပါသည်။ သင်္ကြန်အတက်နေ့ (၁၆၊ ၄၊ ၂၀၁၂) ရက်နေ့တွင် မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ ကွယ်လွန်သူတို့အား သဂြိုံဟ်မှုပြုရာတွင် နှစ်ကူးမခံသောကြောင့် ည (၁၂း၀၀) နာရီအချိန်အထိ ရေဝေးသုဿန်တွင် သဂြိုံဟ်ပေးမှုကို ထမ်းဆောင်ပေးကြရသည်။

တနှစ်ပတ်လုံး အများပြည်သူတို့အတွက် ပေးဆပ်မှုများ ပြုလုပ်ပေးနေကြသော ပရဟိတလူမှုရေးသမားများနှင့် ၀န်ထမ်းများအား သံသရာတွင် အများအတွက် ပေးဆပ်ခဲ့ကြသလို မိမိတို့အတွက်လည်း နောင်သံသရာအတွက် ပါရှိစေလိုသောဆန္ဒဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် အသင်းသား၊ ၀န်ထမ်း (အမျိုးသား) များအား သာသနာ့ဘောင်သို့ ရဟန်းအဖြစ်သို့လည်းကောင်း၊ အသင်းသူ (အမျိုးသမီး) များအား သာသနာ့ဘောင်အတွင်း သီလရှင်အဖြစ်သို့လည်းကောင်း သွတ်သွင်းခြင်းကုသိုလ်ကောင်းမှုကို လုပ်ဆောင်ပေးခဲ့ရာ အမျိုးသားဝန်ထမ်းများဖြစ်သော ယာဉ်မောင်း/နောက်လိုက်၊ လုံခြုံရေး၊ စားသောက်ဆိုင်၊ လုပ်အားပေး၊ အသင်းသားပေါင်း (၁၈) ဦးတို့အား ပြည်မြို့ရွှေပေါက်ပင်ကျောင်းတိုက်ဆရာတော် ဥူးသောမစာရထံသို့ ပို့ဆောင်ပေးခဲ့ပြီး လုပ်အားပေး၊ ၀န်ထမ်းအမျိုးသမီး (၁၀) ဦးတို့အား မြောက်ဒဂုံ (၄၈) ရပ်ကွက်၊ စိတ္တကျော်သူဦးသြလမ်းရှိ သထုံရန်ကုန် သုဝဏ္ဏဘူမိ ခေမာရာမသီလရှင်စာသင်တိုက်၏ ပဓာနနာယကဆရာကြီး ဒေါ်ကုသလာစာရီထံသို့ ပို့ဆောင်ပေးခဲ့သည်။

၁၁၊ ၄၊ ၂၀၁၂နေ့ နံနက် (၆း၃၀) အချိန်တွင် အမျိုးသားအုပ်စုတို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖယ်ရီ မော်တော်ယာဉ်တစီးဖြင့် ပြည်မြို့သို့ ထွက်ခွာခဲ့ပြီး နေ့လည် (၂း၃၀) အချိန်တွင် ဆံချပြီးနောက် သင်္ကန်းစီးကာ သိမ်ဝင်ပြီး ရဟန်းဘ၀သို့ ကူးပြောင်းခဲ့ကြသည်။ ယင်းနေ့ နေ့လည် (၂း၀၀) နာရီခန့်တွင် အမျိုးသမီးအုပ်စုတို့အား သုဝဏ္ဏဘူမိ ခေမာရာမ သီလရှင် စာသင်တိုက်ရှိရာ မြောက်ဒဂုံမြို့နယ်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပို့ဆောင်ခဲ့ပြီး နေ့လည် (၃း၀၀) နာရီအချိန်တွင် ဆံချပြီး သီလရှင်အဖြစ်သို့ ကူးပြောင်းခဲ့ကြသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ ဒု - ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့သည် အလုပ်များ မအားလပ်ပါ၍ ပြည်မြို့သို့ လိုက်လံ ပို့ဆောင်နိုင်ခြင်းမရှိသော်လည်း ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ သုဝဏ္ဏဘူမိ ခေမာရာမသီလရှင်စာသင်တိုက်သည် နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် မဝေးလှသောကြောင့် သွားရောက် သာဓုခေါ်ဆိုနိုင်ခဲ့သည်။

သုဝဏ္ဏဘူမိ ခေမာရာမ သီလရှင်စာသင်တိုက် ပဓာနနာယကဆရာကြီး ဒေါ်ကုသလာစာရီထံသို့လည်း န၀ကမ္မ အလှူငွေ ကျပ် (၁) သိန်းအား ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လှူဒါန်းခဲ့ကာ အသင်းသူ သီလရှင်များနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့သည်။

သုဝဏ္ဏဘူမိ ခေမာရာမ စာသင်တိုက်သို့ ရောက်ရှိစဉ် ကျွန်တော်အတွေးတခု ပေါ်လာခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အများပြည်သူတို့အတွက် ပေးဆပ်မှုများ ကျွန်တော် လုပ်ဆောင်နေစဉ်ကာလအတွင်း ကျွန်တော်နှင့် တွေ့ကြုံခဲ့ရသော ဆရာတော်၊ သံဃာတော်ကြီးများနှင့် တရားပြလူပုဂ္ဂိုလ်အချို့သည် ကျွန်တော့်အား “တကာကြီး ဦးကျော်သူ၊ အများအတွက်ကြီးဘဲ ဇောက်ချပြီး လုပ်မနေနဲ့ဦး၊ ကိုယ့်အတွက်ပါအောင်လည်း လုပ်ဦး” ဟု စေတနာထားကာ ပြောဆို မိန့်ကြားခဲ့ဖူးသည်။ သို့သော် ကျွန်တော် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ၀င်ရောက်ပေးဆပ်မှုများ လုပ်ကိုင်ခဲ့သည့် (၁၂)နှစ်နီးပါး အချိန်ကာလအတွင်း သာသနာ့ဘောင်အတွင်းသို့ ရဟန်းဘ၀ဖြင့် သုံးကြိမ်တိုင်တိုင် ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်၏ဘ၀တွင် အများအကျိုးကိုသာ ပေးဆောင်ခွင့်တည်းဟူသော ကံတရား၏ ပို့ဆောင်ချက်ကိုသာ ပိုင်ဆိုင်ခွင့် ရရှိသော်လည်း မိမိ၏ အချိန်အား ဖဲ့ထွင်ကာ နေ့စဉ်နေ့တိုင်း တရားအားထုတ်ခြင်း၊ အဓိဌာန်ဝင်ခြင်းတို့ဖြင့်သာ ဆရာတော်ကြီးများ မိန့်ကြားထားသော “ကိုယ့်အတွက်ပါအောင် လုပ်” ဟူသော ဆုံးမစကားအား အကောင်အထည်ဖော်ကာ ကျင့်ကြံ အားထုတ်လျှက် ရှိပါသည်။ ယခုကဲ့သို့ အများအတွက် ဖေးမကူညီပေးဆပ်မှုများ လုပ်ဆောင်ရင်းဖြင့် မိမိ၏ ၀န်ထမ်းများ၊ အသင်း၏ အသင်းသား အသင်းသူများအား ယခုလို နေ့ထူးနေ့မြတ်ကြီးအတွင်း သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းခွင့်ရခြင်းအား များစွာ ပီတိဖြစ်ကာ ကျေနပ်မိပါတော့သည်။

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) - Apr 12 2012 10:05 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005